brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

စိတ်ကျရောဂါခံစားနေရတဲ့ မိဘတွကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

စိတ်ကျဝေဒနာက အရွယ်သုံးပါးမရွေးခံစားရနိုင်ပါတယ်။ သူတို့တွေရဲ့နောက်ခံအကြောင်းအရာတွေ၊အောင်မြင်မှုတွေနဲ့မသက်ဆိုင်ပါဘူး။ စိတ်ကျဝေဒနာက ကုသပျောက်ကင်းနိုင်တဲ့ရောဂါတစ်ခုပါ။ ဒါပေမယ့် စိတ်ကျဝေဒနာခံစားနေရသူက သက်ကြီးပိုင်းဖြစ်မယ်ဆိုရင်တော့ ခံစားရသူကိုယ်တိုင်မှာရော သူ့ကိုပြုစုစောင့်ရှောက်ပေးရသူတွေမှာပါ အပြောင်းအလဲတွေ၊စိန်ခေါ်မှုတွေ များစွာကိုတွေ့ကြုံရနိုင်ပါတယ်။

စိတ်ကျရောဂါခံစားနေရတဲ့ မိဘတွကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

လူကြီးတွေမှာ ခံစားရတဲ့ စိတ်ကျဝေဒနာကို သိရှိအောင်လုပ်ဆောင်ခြင်း

လူကြီးတွေမှာခံစားရတဲ့ စိတ်ကျရောဂါက လူငယ်တွေမှာဖြစ်ပေါ်ခံစားရတဲ့ စိတ်ကျဝေဒနာတွေနဲ့တော်တော်လေးကွာခြားပါတယ်။ လူကြီးတွေမှာ စိတ်ကျဝေဒနာခံစားနေရတာကို အခြားရောဂါတွေဖြစ်တဲ့အခါမျိုးမှတွေ့ရတာမျိုးရှိသလို အချိန်တော်တော်ကြာမှ သိရတာမျိုးလည်းရှိပါတယ်။ လူကြီးတွေမှာ စိတ်ကျဝေဒနာခံစားရတဲ့အခါ နှလုံးရောဂါခံစားရနိုင်ခြေပိုများလာသလို ရုတ်တရက်နှလုံးရပ်တာမျိုးတွေဖြစ်နိုင်ခြေလည်းများပါတယ်။ ဒါကြောင့်လူကြီးတွေမှာ စိတ်ကျဝေဒနာခံစားနေရတဲ့ လက္ခဏာတွေတွေ့ရတဲ့အခါ အချိန်မီ မှန်ကန်တဲ့ကုသမှုခံယူနိုင်အောင်လုပ်ဆောင်ပေးဖို့လိုပါတယ်။

လူကြီးတွေမှာ စိတ်ကျရောဂါခံစားနေရတာကိုသိနိုင်တဲ့ လက္ခဏာတွေ

  • မျှော်လင့်ချက်မဲ့သလိုဖြစ်နေပြီး၊ အဆိုးမြင်မှုတွေများနေတာ
  • သူ့ကိုယ်သူ အပြစ်ရှိတယ်၊ အသုံးမကျဘူး၊ ကိုယ်ဘာသာ ဘာမှမလုပ်နိုင်တော့ဘူးလို့ထင်နေတာ
  • အာရုံစိုက်ရခက်တာ၊ တစ်ခုခုကိုအလွယ်တကူနဲ့မမှတ်မိတာ၊ ဆုံးဖြတ်ချက်ချဖို့ခက်ခဲတာ
  • ညဘက်ဆို အိပ်ပျော်ဖို့ခက်ပြီး မနက်ခင်းဆို မထနိုင်တာ ဒါမှမဟုတ် အအိပ်များလွန်းနေတာ
  • ဝါသနာပါတာနဲ့ လုပ်နေကျ လုပ်ဆောင်မှုတွေအပေါ်မှာ စိတ်ပါဝင်စားမှုလျော့နည်းလာတာ၊ အရင်လိုမျိုး မပျော်တော့တာ
  • သေကြောင်းကြံစည်ချင်တဲ့ အတွေးတွေရှိနေတာ၊သေကြောင်းကြံစည်တာ
  • အကြောင်းအရင်းမရှိဘဲ မကြာခဏဆိုသလို နာကျင်ကိုက်ခဲတာ၊ခေါင်းကိုက်တာ၊ကြွက်သားတွေကြွက်တက်တာ၊ အစာချေလမ်းကြောင်းနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားနေရတာ။ ကုသမှုတွေလုပ်နေတာတောင် သက်သာလာတာမျိုးမရှိတာ
  • အစားတွေအရမ်းစားတာ ဒါမှမဟုတ် အစားစားချင်စိတ်မရှိတာ
  • အမြဲစိတ်ဆိုးမာန်ဆိုးဖြစ်နေပြီး စိတ်တည်ငြိမ်မှုမရှိတာ

မိဘတွေမှာ အသက်ကြီးရင့်လာတာကြောင့်ဖြစ်တဲ့ စိတ်ကျဝေဒနာခံစားနေရတယ်ဆိုရင် ဘယ်လိုဂရုစိုက်ပေးမလဲ

စိတ်ကျဝေဒနာခံစားလာရတဲ့အခါ အားအင်တွေကုန်ခမ်းလာသလို ခံစားရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းမရှိတော့ဘဲ အခြားသူတွေကို ကူညီဖို့ဆိုတာလည်း မစဉ်းစားမိကြတော့ပါဘူး။ သက်ကြီးရွယ်အိုတွေမှာတော့ စိတ်ကျဝေဒနာကို နားလည်မှုလွဲမှားတာ ဒါမှမဟုတ် အဆိုးမြင်တာတွေကြောင့် အခြေအနေကပိုဆိုးတတ်ပါတယ်။ လူကြီးတွေက စိတ်ကျဝေဒနာကိုရောဂါတစ်ခုအနေနဲ့ လက်ခံယုံကြည်တာမျိုးမရှိသလို သူတို့ကလူကြီးဆိုတဲ့ မာနလည်း အရမ်းထားတတ်ကြပြီး အကူအညီတောင်းဖို့ကိုလည်း ရှက်ရွံ့တတ်ကြပါသေးတယ်။ မိသားစုအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်မှာကိုလည်းစိုးရွံ့တတ်ကြပါသေးတယ်။ ဒီအချက်တွေကြောင့်ပဲ လူကြီးတွေမှာစိတ်ကျရောဂါဖြစ်တဲ့အခါ ပိုဆိုးလာရတာပါ။

တကယ်လို့များ ကိုယ့်မိဘတွေမှာ စိတ်ကျရောဂါခံစားနေရတဲ့ လက္ခဏာတွေတွေ့မြင်နေရပြီဆိုရင် သူတို့က အကူအညီမတောင်းခံလာခင်မှာကတည်းက စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေကို လိုလိုလားလားပေးလိုက်ပါ။ လူကြီးတွေကပြောပြတာတွေကို အရင်ကထက်စိတ်ရှည်ရှည်ထားပြီးနားထောင်ပေးလိုက်ပါ။ စိတ်ကျဝေဒနာကို ကုရမှာကဆရာဝန်ရဲ့ တာဝန်ဆိုပေမယ့် သင်တို့ကလည်း အကောင်းဆုံးနားထောင်သူတွေအဖြစ်နဲ့ မိဘတွေကိုဖေးမပေးနိုင်ပါတယ်။

မိဘတွေရဲ့ ခံစားချက်တွေကိုဝေဖန်တာမျိုးမလုပ်ပါနဲ့။ သူတို့ကို တကယ့်အမှန်တရားကိုနားလည်နိုင်အောင်လုပ်ဆောင်ပေးခြင်းဖြင့်မျှော်လင့်ချက်တွေရှင်သန်လာအောင် လုပ်ဆောင်ပေးပါ။

အရေးအကြီးဆုံးအချက်ကတော့ မိဘတွေမှာ ခံစားနေရတဲ့ဝေဒနာကိုသေသေချာချာသိရှိနိုင်အောင် ကူညီပေးဖို့ နဲ့ တတ်ကျွမ်းတဲ့သူတွေထံကနေ ကုသမှုခံယူနိုင်အောင်လုပ်ဆောင်ပေးဖို့ပါ။ဆေးခန်းသွားပြတဲ့အခါတိုင်း မိဘတွေနဲ့အတူ လိုက်သွားပေးပါ။ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေလုပ်ဆောင်ပေးပါ။

စိတ်ဓါတ်ကျနေတဲ့လူကြီးတွေကို ကူညီရာမှာ အသုံးဝင်မယ့်အချက်များ

မကြာခဏ မိသားစုလိုက်အပြင်ထွက်ပေးပါ။ မိဘတွေကိုအပြင်ကိုတူတူခေါ်သွားပေးပါ။ကောင်းမွန်တဲ့အချိန်လေးတွေကို အတူတူ ခံစားပေးပါ။ လူရဲ့စိတ်နဲ့ခန္ဓါကိုယ်က လှုပ်ရှားနေမယ်ဆိုရင် စိတ်ဓါတ်ကျတဲ့အနေအထားက သက်သာလာပါတယ်။ လှုပ်လှုပ်ရှားရှားနေတာက ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ တက်ကြွလာအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။လမ်းလျှောက်တာ၊ ပန်းချီသင်တန်းတစ်ခုခုတက်တာ၊ ရုပ်ရှင်ကြည့်တာတွေကအကောင်းဆုံးသော ရွေးချယ်မှုတွေလို့ပြောပြချင်ပါတယ်။

မိဘတွေကို လူမှုလှုပ်ရှားမှုတွေထဲမှာ ပိုမိုပါဝင်နိုင်အောင်လုပ်ဆောင်ပေးပါ။ သူတို့က အနီးဝန်းကျင်က လူတွေကို ကူညီပေးနိုင်အောင်လည်းလုပ်ဆောင်ပေးပါ။ ရပ်ကွက် ဒါမှမဟုတ်မြို့နယ်အတွင်းမှာရှိနေတဲ့ လူကြီးတွေပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေမှာပါဝင်အောင် တိုက်တွန်းပေးရပါမယ်။ သူတို့ရဲ့ သူငယ်ချင်းတွေဆီ သွားလည်ဖို့လည်း တိုက်တွန်းပေးပါ။ တကယ်လို့ မိဘတွေက မသွားချင်ပါဘူးလို့ငြငင်းခဲ့ရင်လည်း စိတ်မပျက်ပါနဲ့။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိမ်မှာချက်ပြုတ်ထားတဲ့ အစားအသောက်တွေပဲ စီစဉ်ပေးပါ။ အစားအသောက်တွေ မကောင်းမွန်တာကလည်း စိတ်ဓါတ်ကျတာကို ပိုဆိုးစေနိုင်ပါတယ်။ မိဘတွေအနေနဲ့ သစ်သီး၊ဟင်းသီးဟင်းရွက်၊ ဆန်၊ဂျုံတို့လိုမျိုးကောက်နှံတွေ နဲ့ ပရိုတင်းတို့ လုံလောက်တဲ့ ပမာဏထည့်သွင်းပြုလုပ်ထားတဲ့ အစားအသောက်တွေကို စားသုံးမိအောင်လည်းလုပ်ဆောင်ရပါမယ်။ဖြည့်စွက်အာဟာရတွေကလည်း လူကြီးတွေမှာ လိုအပ်တဲ့အာဟာရာတ်တွေကိုရရှိစေနိုင်ပါတယ်။

မိဘတွေကို ကုသမှုကို တစိုက်မတ်မတ်ခံယူနိုင်အောင်လည်း ကူညီပေးရပါမယ်။ တကယ်လို့များဆေးကုသမှုခံယူနေစဉ်မှာ ရုတ်တရက် ရပ်လိုက်မယ်ဆိုရင် စိတ်ကျဝေဒနာက တကျော့ပြန်ပြန်ခံစားရနိုင်ပါတယ်။ တကယ်လို့များ လက်ရှိခံယူနေတဲ့ ကုသမှုက အဆင်မပြေတော့ဘူး။ အကျိုးမထူးတော့ဘူးဆိုရင်နောက်ထပ် ကုသမှုတွေခံယူဖို့ရှာဖွေရပါမယ်။

မိဘကဆေးညွှန်းတွေအတိုင်းသောက်နေတယ်ဆိုတာသေချာအောင်လုပ်ဖို့လိုသလို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာနေလားဆိုတာကို လည်းသေချာအောင်လုပ်ဆောင်ရပါမယ်။ အရက်သောက်တာနဲ့ အခြား အန္တရာယ်ရှိတဲ့ဆေးဝါးတွေကိုလည်းသောက်သုံး သုံးစွဲတာမျိုးမလုပ်ပါစေနဲ့။

အရမ်းပြင်းထန်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို သတ်သေနိုင်တဲ့ လက္ခဏာတွေ ရှိ၊မရှိစောင့်ကြည့်ရပါမယ်။ သတ်သေနိုင်တဲ့ အပြုအမူတွေကို ကာကွယ်ဖို့လည်း စီစဉ်ထားရပါမယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။