စိတ်ကျရောဂါသည် အသက်ကြီးသူများတွင် အဖြစ်များပြီးကုသ၍ရသောရောဂါဖြစ်သည်။ ဠင်းသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဟုပစ်မထားသင့်သောရောဂါဖြစ်သည်။ စိတ်ကျရောဂါဖြစ်လျှင် ဝမ်းနည်းခြင်း၊ မောပန်းလွယ်ခြင်းတို့သာမက ၎င်းတို့ထက်ပိုဆိုးသော အခြေအနေများအထိဖြစ်နိုင်သောကြောင့် လူတစ်ယောက် ဝမ်းနည်းနေပြီဆိုလျှင် လစ်လျူမရှုသင့်ဘဲစိတ်ကျရောဂါကိုသံသယရှိသင့်သည်။
စိတ်ကျရောဂါရှိသူများသည် ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကိုရက်သတ္တပတ်အတော်ကြာခံစားတတ်ပြီးမကုသဘဲထားပါက လ၊ နှစ်အတန်ကြာမြင့်သွားနိုင်ကာအခြေအနေပိုဆိုးလာပြီးမိမိကိုယ်ကိုအဆုံးစီရင်သည်အထိဖြစ်လာနိုင်သည်။
အသက်ကြီးသူများတွင် ဖြစ်သောစိတ်ကျရောဂါသည် အသက်ငယ်သူများတွင်ဖြစ်သောစိတ်ကျရောဂါနှင့် ကွာခြားမှုရှိပါသလား။
စိတ်ကျရောဂါသည် အသက်ကြီးသူများနှင့် အသက်ငယ်သူများတွင် သက်ရောက်မှုခြင်းမတူညီပါ။ တခါတရံတွင် ရောဂါဖိစီးခြင်းကြောင့် စိတ်ဓါတ်ကျခြင်းဖြစ်နိုင်ပါသည်။ အသက်ကြီးသူများတွင်မူစိတ်ကျရောဂါဖြစ်လျှင် နှလုံးရောဂါဖြစ်နိုင်ခြေများပြီးရုတ်တရက်နှလုံးဖောက်ပြီးသေဆုံးသည်အထိဖြစ်နိုင်ပါသည်။ ထို့ကြောင့် အသက်ကြီးသူများတွင် ဖြစ်သောစိတ်ကျရောဂါလက္ခဏာများကိုသိရှိထားရမည်ဖြစ်သည်။
အသက်ကြီးသူများတွင် ဖြစ်သော စိတ်ကျရောဂါလက္ခဏာများ
• မျှော်လင့်ချက်ကင်းမဲ့သလိုခံစားရခြင်းနှင့် အဆိုးမြင်ခြင်း
• မိမိကိုယ်ကိုအပြစ်ရှိသည် တန်ဖိုးမဲ့သည် ခိုကိုးရာကင်းမဲ့သည် ဟူသောအတွေးများဝင်ခြင်း
• အာရုံစူးစိုက်ရန် နှင့် ဆုံးဖြတ်ချက်များချရန် ခက်ခဲခြင်း
• အိပ်ပျော်ရန် ခက်ခဲခြင်း၊ မနက်စောစီးစွာနိုးနေခြင်းသို့မဟုတ် အလွန်တရာအိပ်စက်ခြင်း
• အစားအသောက်ပုံစံမူမမှန်မှုကြောင့် ပိန်လွန်း၊ ဝလွန်းလာခြင်း
• မိမိ၏ဝါဿနာနှင့် နေ့စဉ်ဘဝတွင် စိတ်ဝင်စားမှုလျော့နည်းလာခြင်း
• မိမိကိုယ်ကို သေကြောင်းကြံစည်ရန်အတွေးများဝင်လာခြင်း
• တကိုယ်လုံးအဆက်မပြတ် နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အစာအိမ်နှင့်ပက်သက်သောလက္ခဏာများခံစားနေရသော်လည်းဆေးများနှင့် ကု၍ထူးခြားမှုမရှိခြင်း
• အိပ်မပျော်ခြင်း- မနက်စောစီးစွာနိုးနေခြင်းသို့မဟုတ် အလွန်တရာအိပ်စက်ခြင်း
• လွန်ကဲစွာစားခြင်း၊ အစားအသောက်ပျက်ခြင်း
• စိတ်တိုလွယ်ခြင်း၊ စိတ်ဆတ်ခြင်း
အချို့သောသက်ကြီးရွယ်အိုများသည် အောက်ပါအချက်များကြောင့် စိတ်ကျရောဂါခံစားရနိုင်ခြေပိုများတတ်ကြသည်။
• အမျိုးသမီးများ
• ကင်ဆာ၊ ဆီးချို နှင့် နှလုံးရောဂါကဲ့သို့သောနာတာရှည်ရောဂါ ခံစားနေရသူများ
• မသန်စွမ်းသူများ
• ကောင်းမွန်စွာမအိပ်ရသူများ
• အထီးကျန်သူများနှင့် သီးသန့်နေသူများ
• မိသားစူဝင်သို့မဟုတ် ကိုယ်တိုင်ကစိတ်ကျရောဂါဖြစ်ဖူးသူများ
• အချို့သော ဆေးများမှီဝဲနေရသူများ
• ဦးနှောက်အာရုံကြောရောဂါ ခံစားနေရသူများ
• အရက်သေစာနှင့် မူးယစ်ဆေးများကိုအလွဲသုံးစားလုပ်သူများ
• မိမိ၏ အိမ်ထောင်ဖက်သေဆုံးခြင်း၊ ကွာရှင်းပြတ်စဲခြင်း ၊ နာတာရှည်ရောဂါသည်အားပြုစုစောင့်ရှောက်နေရခြင်းစသည့် စိတ်ဖိစီးမှုများနှင့် ကြုံနေရသူများ
အချုပ်ဆိုရသော် အထက်ဖော်ပြပါရောဂါလက္ခဏာများ ခံစားနေရပါက ဆရာဝန်နှင့်သွားပြပါ။ အသက်အရွယ်ကြီးသူများတွင် ဖြစ်သောစိတ်ကျရောဂါအများစုသည် ကုသလျှင် ပျောက်ကင်းနိုင်သောကြောင့် မှန်ကန်သောကုသမှုမျိုးကိုခံယူကာသင့်ကျန်းမာရေးနှင့် ဘဝတန်ဖိုးများမြင့်တက်နိုင်ကြပါစေ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။