brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်ခန္ဓါကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက်

သင့်ကိုယ်နံ့ဟာ သင်ရေချိုးခြင်း၊ဆပ်ပြာဖြင့် သေချာပွတ်တိုက်ခြင်း၊သင့်ခန္ဓါကိုယ်တစ်ခုလုံးရေမွှေးတွေ ဆွတ်ခြင်းတွေပြုလုပ် နေတာတောင်မှ ဘာကြောင့်အနံ့ဆိုးဆိုးထွက်နေသလဲဆိုတာကို သင်သိချင်မိပါသလား။

သင့်ခန္ဓါကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက်

အောက်ဖော်ပြပါ အချက်များကို ဆက်လက်ဖတ်ရှုကြည့်ရင်းနှင့် သင့်အတွက် အဖြေတစ်ခုကို တွေ့နိုင်မှာပါ။

၁။ ဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများ

ဆေးဝါးများသည် သင်၏ဖျားနာမှုကို ကုသပေးနိုင်သော်လည်း သင့်ကိုကိုယ်နံ့နံ့အောင် ပြုလုပ်နိုင်ပါသည်။ ဥပမာပြောရလျှင် မော်ဖင်း(Morphine)၊သို့မဟုတ် အဖျားပျောက်စေသောဆေးများသည် သင့်ကိုချွေးထွက်စေပါသည်။

ထိုအပြင် ဓါတ်မတည့်ခြင်းပျောက်စေသောဆေးများ၊နှာစေးပျောက်စေသောဆေးများ၊ကြွက်သားပြေလျော့စေသောဆေးများ သည်သင့်ကိုအာခေါင်ခြောက်ခြင်းများဖြစ်ပေါ်စေပါသည်။ ထိုအခါမှာ ခံတွင်းနံ့နံ့ခြင်းဖြစ်ပေါ်လာပါသည်။

၂။ အစပ်အလွန်စားခြင်း

ကြက်သွန်ဖြူ (သို့) ကြက်သွန်နီကဲ့သို့ အစားအစာများသည် သင်၏ခန္ဓါကိုယ်ကို ဆာလဖာပါဝင်သော ဓါတ်ငွေ့များထုတ်လွှတ်စေပါသည်။ ထိုပစ္စည်းများသည် သင့်ခန္ဓါကိုယ်သွေးလမ်းကြောင်းတွင် တောက်လျောက်လည်ပတ်နေပြီး ခန္ဓါကိုယ်အနံ့များဖြစ်ပေါ်စေပါသည်။ ပန်းဂေါ်ဖီစိမ်းနှင့် အခြားဟင်းသီးဟင်းရွက်အချို့တို့ကလည်းသင့်ခန္ဓါကိုယ်အနံ့ဆိုးထွက်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါသည်။

၃။ စိတ်ဖိစီးမှုများပြားခြင်း

သင့်ခန္ဓါကိုယ်မှ ထွက်သော ပုံမှန်ချွေးနံ့ထက် စိတ်ဖိစီးမှုများလို့ ထွက်သောချွေးနံ့က ပို၍အနံ့နံ့ပါသည်။ စိတ်ဖိစီးမှုများသောအခါ ထွက်လာသောချွေးဟာ ရေပါဝင်မှုနည်းပါသည်။ ထို့အပြင်ဘက်တီးရီးယားများကိုပိုမိုပေါက်ပွားစေပါသည်။

ထိုအခါမျိုးတွင်သင်ဟာ စိတ်ဖိစီးမှုလျော့ကျစေရန် အနားယူအပန်းဖြေသင့်ပါသည်။ ထို့အပြင်သင်၏အဝတ်အစားများကိုပုံမှန်လျှော်ခြင်းဖြင့် ဘက်တီးရီးယားများပေါက်ပွားမှုမ ှကာကွယ်နိုင်ပါသည်။

၄။ အရက်သောက်သုံးခြင်း

အရက်သောက်ခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ကို တုံ့ပြန်မှုပိုမိုမြန်ဆန်စေပါသည်။ အရက်ဟာ သင့်သွေးကြောတစ်လျှောက်သွားလာနေပြီးတော့ သင်၏ခန္ဓါကိုယ်သည် အရက်ကိုအဆိပ်တစ်ခုအနေဖြင့် တုံ့ပြန်ပါသည်။

ထို့ကြောင့်သင့်ခန္ဓါကိုယ်ဟာ အရက်ကို ဖြစ်နိုင်သမျှမြန်မြန်ခန္ဓါကိုယ်အတွင်းမှ စွန့်ထုတ ်ဖို့ ကြိုးစားပါသည်။ အသည်းဟာအရက်ကို အဓိကချေဖျက်ပေးပြီး ဆီးမှတဆင့်စွန့်ထုတ်စေပါသည်။

အကယ်၍အရက်သောက်သုံးသူများသည် အသည်းကချေဖျက်ပေးနိုင်သည့် ပမာဏထက်ပိုမိုများပြားစွာအရက်ကို သောက်သုံးမည်ဆိုပါက အရက်ကို ချွေးများ၊အသက်ရှူလမ်းကြောင်းများမှ တစ်ဆင့်စွန့်ထုတ်သောကြောင့် ကိုယ်နံ့နံ့ခြင်း၊ ခံတွင်းနံ့နံ့ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

၅။ အတွင်းခံဘရာစီယာကို မလျှော်ဖွပ်ဘဲဝတ်ခြင်း ၊ အချိန်ကြာရှည်စွာဝတ်ဆင်ခြင်း

အမျိုးသမီးများသည် အတွင်းခံဘရာစီယာများကို လျှော်ဖွပ်ဖို့နှင့်လဲဝတ်ဖို့အတွက် လျစ်လျူရှူတတ်ကြပါသည်။ တကယ်တော့ဘရာစီယာတွေသည် အလွယ်အကူချွေးထွက်နိုင်သော ချိုင်းကြား၊ကျောနှင့်ရင်ဘတ်စသော ခန္ဓါကိုယ်ဧရိယာများကို ဖုံးအုပ်ထားပေးခြင်းဖြစ်ပါသည်။

ဘရာစီယာများသည် အစိုဓါတ်ကိုလွယ်ကူစွာ စုပ်ယူပေးနိုင်သောပစ္စည်းများဖြင့်ပြုလုပ်ထားပါသည်။ ထိုအစိုဓါတ်သည် မှို နဲ့ဘက်တီးရီးယားများ ပေါက်ပွားစေသော အဓိကနေရာဖြစ်ပြီး မှို၊ ဘက်တီးရီးယားများကို အလွန်လျင်မြန်သော နှုန်းထားဖြင့် ပေါက်ပွားစေပါသည်။

၆။ မျိုးရိုးလိုက်သော ရောဂါများ

အချို့မျိုးရိုး ဗီဇ သန္ဓေပြောင်းပြဿနာုရှိသူများသည် ခန္ဓါကိုယ်မှ ထရိုင်မီသိုင်လ်အမင်း(trimethylamine) ဆိုသောဓါတုပစ္စည်းကို ထုတ်ပေးပါသည်။ ထိုပစ္စည်းသည် ခန္ဓါကိုယ်အနံ့ကိုငါးညှီနံ့ကဲ့သို့နံစေပါသည်။

ကျန်းမာရေးအဖွဲ့အစည်းများ၏ပြောကြားချက်အရ ထရိုင်မီသိုင်လ်အမင်း(Tirmethylamine)ထုတ်သော ရောဂါရှိသည့်လူများသည် စိတ်ဓါတ်ကျဆင်းမှုနှင့်လူမှုဆက်ဆံရေးအဆင်မပြေမှုများ ဖြစ်ပွားဖို့ရာခိုင်နှုန်းပိုများပါသည်။

၇။ ဆီးချိုရောဂါသည်များ

မကုဘဲထားသောဆီးချိုရောဂါသည်များသည် ခန္ဓါကိုယ်၏စွမ်းအင်လိုအပ်မှုအတွက် အဆီများကိုချေဖျက်စွန့်ထုတ်ကြပါသည်။ အဆီများချေဖျက်စွန့်ထုတ်သောအခါတွင် ခန္ဓါကိုယ်အတွင်း၌ ကီတုန်းများ (ketone)ပမာဏများစွာ ထုတ်လွှတ်လာကြပါသည်။

ဤကဲ့သို့ကီတုန်းများစုပုံလာခြင်းသည် ခန္ဓါကိုယ်အနံ့ဆိုးစေပါသည်။ ဤပြဿနာကို ဖြေရှင်းနိုင်ရန် အစားအစာထဲတွင် ကာဗိုဟိုက်ဒရိတ်နဲနဲပဲပါအောင် စားခြင်းဖြင့်ခံတွင်းနံ့ဆိုးကို ကာကွယ်နိုင်ပါသည်။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/01/2022 ဖြစ်ပါသည်။