နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာ ဆိုသည်မှာ
နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာ ဆိုတာ ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ အကြောင်းအရင်းမရှိ အလွန်အမင်းပင်ပန်းနွမ်းနယ်နေတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားအားထုတ်မှု ပြုလုပ်တဲ့အခါ ပင်ပန်းနွမ်းနယ်မှု ပိုဆိုးတတ်ပေမယ့် အနားယူလိုက်ရင်လည်း သက်သာမသွားတာကို တွေ့ရမှာဖြစ်ပါတယ်။
နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာကို ဆေးပညာအရ Myalgic encephalomyelitis (ME)၊ Systemic exertion intolerance disease (SEID) လို့လည်း ခေါ်ဝေါ်ကြပါတယ်။
နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာရဲ့ လက္ခဏာတွေက ဘာတွေလဲ
နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာ ဆိုတဲ့ နာမည်အတိုင်း ၎င်းရဲ့ အဓိကလက္ခဏာက ပင်ပန်းနွမ်းနယ်ခြင်းဖြစ်ပြီး အခြား လက္ခဏာ ၈ခုနဲ့ ပူးတွဲတွေ့ရတတ်ပါတယ်။
- မေ့တတ်ခြင်း၊ အာရုံစူးစိုက်နိုင်မှု အားနည်းခြင်း
- လည်ချောင်းနာခြင်း
- လည်ပင်းနှင့်ချိုင်းရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
- အကြောင်းအရင်းမရှိဘဲ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- ရောင်ရမ်းခြင်း၊ နီရဲခြင်းမရှိဘဲ အဆစ်အမျက်များ နာကျင်ကိုက်ခဲခြင်း
- ပုံမှန်မဟုတ်သည့် ခေါင်းကိုက်ဝေဒနာများ ခံစားရခြင်း
- အိပ်စက်အနားယူသော်လည်း လန်းလန်းဆန်းဆန်း မရှိခြင်း
- ကာလရှည်ကြာ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း
ဘယ်အချိန်မှာ ဆရာဝန်ဆီ သွားရောက်ပြသသင့်သလဲ
ပင်ပန်းနွမ်းနယ်ခြင်းဟာ ကျန်းမာရေးပြဿနာအများစုရဲ့ သတိပေးတပ်လှန့်တဲ့ လက္ခဏာတစ်ခု ဖြစ်နေနိုင်တဲ့အတွက် သင်ဟာ ကာလအတော်ကြာအောင် ပင်ပန်းနွမ်းနယ်နေမယ်၊ အကြောင်းရင်းမရှိဘဲ ဆိုးဆိုးရွားရွား ပင်ပန်းနွမ်းနယ်နေမယ်ဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
ဘယ်အရာတွေက နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာကို ဖြစ်စေသလဲ
သိပ္ပံပညာရှင်တွေအနေနဲ့ နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာကို ဖြစ်စေတဲ့ အကြောင်းအရင်းအတိအကျကို အခုထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။ အချို့ကတော့ နာတာရှည်ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေနိုင်တဲ့ မျိုးဗီဇလက္ခဏာ ရှိသူတွေမှာ အခြားအကြောင်းရင်းများစွာနဲ့ ပေါင်းစပ်ပြီး ဖြစ်လာရတယ်လို့ ယူဆထားပါတယ်။
ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းတွေကတော့
ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း – အချို့လူတွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး နာတာရှည်ပင်ပန်းနွမ်းနယ်မှု လက္ခဏာတွေ ဖြစ်ပေါ်လာလေ့ရှိတဲ့အတွက် ဒီပြဿနာဟာ ဗိုင်းရပ်စ်ပိုးနဲ့ ဆက်စပ်မှုရှိလိမ့်မယ်လို့ သုတေသနပညာရှင်တွေက ယုံကြည်ကြပါတယ်။ Epstein-Barr virus, Human Herpes virus 6 နဲ့ Mouse Leukemia ဗိုင်းရပ်စ်တွေဟာ နာတာရှည်ပင်ပန်းနွမ်းနယ်မှုနဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယရှိထားပေမယ့် အခိုင်အမာ ကောက်ချက်ဆွဲနိုင်တဲ့အထိတော့ လုံလောက်တဲ့အထောက်အထား မရှိသေးပါဘူး။
ခန္ဓါကိုယ်ခုခံအားအဖွဲ့အစည်းဆိုင်ရာ ပြဿနာများ – နာတာရှည်ပင်ပန်းနွမ်းနယ်မှုဒဏ် ခံစားနေရသူတွေမှာ ခန္ဓါကိုယ် ခုခံအားအဖွဲ့အစည်းဆိုင်ရာ ပြဿနာတွေ ရှိနေတတ်တာကို တွေ့ရလေ့ရှိပေမယ့် ဒီပြဿနာတွေကြောင့်ပဲ နာတာရှည်ပင်ပန်းနွမ်းနယ်မှု ဖြစ်လာနိုင်သလားဆိုတာကိုတော့ သိပ္ပံနည်းကျ သေသေချာချာ မသိရသေးပါဘူး။
နာတာရှည်ပင်ပန်းနွမ်းနယ်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ
နာတာရှည်ပင်ပန်းနွမ်းနယ်မှုကြောင့်
- စိတ်ကျဝေဒနာ
- လူမှုအသိုင်းအဝိုင်းနှင့် ကင်းကွာခြင်း
- အလုပ်တာဝန်များ ပျက်ကွက်ခြင်း
- လွတ်လပ်သော လူနေမှုဘ၀ မရရှိခြင်း
နာတာရှည်ပင်ပန်းနွမ်းနယ်မှုကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်မလဲ
နာတာရှည်ပင်ပန်းနွမ်းနယ်မှုရဲ့ အကျိုးသက်ရောက်မှုဟာ လူတစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်မှာဖြစ်နေတဲ့ လက္ခဏာတွေအပေါ်မူတည်ပြီး သင့်တော်မယ့် ကုသမှုအစီအစဉ်ကို သင့်ဆရာဝန်က လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ စိတ်ကျဝေဒနာသက်သာဆေး၊ အိပ်ဆေးများလည်း အသုံးပြုဖို့ လိုကောင်းလိုနိုင်ပါတယ်။
ဆေးဝါးကုသမှုအပြင် နာတာရှည်ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်အောင် ကူညီပေးနိုင်တဲ့ အခြားကုထုံးတွေ ရှိပါသေးတယ်။ မိမိကိုယ်ကိုယ် အလွန်အကျွံ တွန်းအားပေးခြင်းကလည်း ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်တဲ့အတွက် စိတ်ရောကိုယ်ပါ လျှော့ချပြီး ဖြည်းဖြည်းမှန်မှန်၊ မျှမျှတတ အလုပ်လုပ်ကိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက သင့်အတွက် အကောင်းဆုံးပါပဲ။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာဆွေးနွေးသူ ပညာရှင်တစ်ဦးဦးနဲ့ တွေ့ဆုံဆွေးနွေးခြင်းဟာလည်း ထိရောက်တဲ့နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]

















