
ဒီဂလင်းလေးကပဲ သင့်ရဲ့စိတ်ခံစားချက်ကျန်းမာရေးကအစ အမျိုးသမီးရာသီသွေးကျန်းမာရေး၊ အရိုးကျန်းမာရေးတွေအထိ အရာရာတိုင်းမှာ အရေးပါတဲ့နေရာကပါဝင်နေတာဖြစ်ပါတယ်။
သိုင်းရွိုက်က အိုင်အိုဒင်းပါဝင်ဖွဲ့စည်းထားတဲ့အဓိကဟော်မုန်းတွေဖြစ်တဲ့ triiodothyronine (T3) နဲ့ thyroxine (T4) တို့ကိုထုတ်ပေးပါတယ်။ခေါင်းအစခြေအဆုံးကို သက်ရောက်မှုပေးနေတဲ့ သိုင်းရွိုက်ရဲ့လုပ်ဆောင်ချက်တွေကတော့ –
နှလုံး – သိုင်းရွိုက်ဟော်မုန်းက သွေးကြောနံရံတွေရဲ့ကြွက်သားတွေကိုဖြေလျှော့ပေးပြီး သွေးလည်ပတ်မှုကိုထိန်းချုပ်ကာ နှလုံးခုန်နှုန်းကိုလွှမ်းမိုးနိုင်ပါတယ်။
သန္ဓေအောင်နိုင်စွမ်း –သိုင်းရွိုက်ဟော်မုန်းတွေက အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းကိုလည်း သက်ရောက်မှုပေးနိုင်ပါတယ်။ဟော်မုန်းတွေ ကမောက်ကမဖြစ်ရင် မျိုးဥကြွေခြင်းနဲ့ဓမ္မတာလာချိန်တွေ မမှန်တော့ဘဲဖြစ်တတ်ပါတယ်။
အရိုး – အသက်ကြီးသူတွေမှာအရိုးကျိုးတဲ့နှုန်းက သိုင်းရွိုက်ဟော်မုန်းတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒီနှုန်းကမြန်လာရင် အရိုးတွေ အလိုလိုပြန်ဖြည့်တင်းနိုင်စွမ်းထက် ပျက်စီးမှုနှုန်းပိုမြန်စေပြီး အရိုးပွရောဂါဖြစ်စေနိုင်ပါတယ်။
ကိုယ်အလေးချိန် – သိုင်းရွိုက်က သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်(ကယ်လိုရီလောင်ကျွမ်းမှုဘယ်လောက်မြန်သလဲ)ကို ထိန်းချုပ်နိုင်တာကြောင့် သိုင်းရွိုက်ဟော်မုန်းများလွန်းခြင်း(hyperthyroidism) ဟာ ကိုယ်အလေးချိန်ကျဆင်းခြင်းနဲ့ သက်ဆိုင်ပြီး သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်း (hypothyroidism ) ကတော့ ကိုယ်အလေးချိန်တိုးခြင်းနဲ့ဆိုင်ပါတယ်။
ဦးနှောက် – သိုင်းရွိုက်ဂလင်းသေးနေရင်မေ့တတ်မယ်၊အာရုံစူးစိုက်ရခက်မယ်၊ စိတ်ဓါတ်ကျမယ်။ ဒါပေမယ့် ဒီအချက်တွေကို ဟော်မုန်းကုထုံးနဲ့ ကုသနိုင်ပါတယ်။
အရေပြား –သိုင်းရွိုက်လုပ်ဆောင်ချက်နည်းနေရင် ခန္ဓါကိုယ်က အရေပြားဆဲလ်တွေအသစ်ဖြစ်ပေါ်မှု၊အစားထိုးမှုတွေကိုပုံမှန်နှုန်းနဲ့ မလုပ်တော့ပါဘူး။ ဆဲလ်တွေ အစားထိုးမလဲတော့ဘဲစုပုံလာရင် အသားအရေမွဲခြောက်လာနိုင်ပါတယ်။(ဆံပင်နဲ့လက်သည်း ရှည်တဲ့နှုန်းလည်းနှေးစေပါတယ်)
သိုင်းရွိုက်ပြဿနာတွေက အမျိုးသားတွေမှာထက် အမျိုးသမီးတွေက ၈ ဆပိုအဖြစ်များတယ်လို့ဆိုပါတယ်။ အဓိကကတော့ အက်စထရိုဂျင်ဟော်မုန်းကြောင့်ဖြစ်တယ်လို့ သုတေသီတွေကပြောပါတယ်။ နောက်တစ်ချက်ကhypo- နဲ့ hyperthyroidism နှစ်မျိုးလုံးဟာautoimmuneရောဂါတွေဖြစ်ပြီး ဒီရောဂါတွေက မိန်းကလေးတွေမှာပိုဖြစ်လေ့ရှိတဲ့ရောဂါတွေဖြစ်တယ်လို့ Mayo clinic မှM. Regina Castro ကပြောပါတယ်။
သိုင်းရွိုက်တစ်ရှူးထဲမှာ ကင်ဆာဆဲလ်တွေကြီးထွားလာရင် သိုင်းရွိုက်ကင်ဆာဖြစ်စေနိုင်တယ်။ တချို့မှာ လည်ပင်းမှာရောင်နေတာ၊ ဘုကြီးဖြစ်နေတာဖြစ်ပြီး အသံအက်တာ နဲ့ မျိုချရခက်ခဲတာတွေဖြစ်စေနိုင်ပါတယ်။
အမှုမဲ့အမှတ်မဲ့နေနေကျ၊ဖြစ်နေကျ လက္ခဏာတွေထဲမှာ အဖြေရှိပါတယ် ။ ဥပမာ –
ဝမ်းနည်းစိတ်၊ စိတ်ဓါတ်ကျခြင်း
သိုင်းရွိုက်ဟော်မုန်း နည်းခြင်း၊များခြင်းက စိတ်ခံစားချက်ကို လုံးဝပြောင်းလဲသွားစေနိုင်တယ်လို့ Mayo Clinic ကဖော်ပြထားပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းလွန်းရင် ဦးနှောက်ထဲကပျော်ရွှင်မှုပေးတဲ့ serotoninဟော်မုန်းကိုထိခိုက်စေပြီး သင့်စိတ်ကိုပုံမှန်နဲ့မတူ ညှိုးငယ်တဲ့ခံစားချက်တွေဖြစ်စေပြီး စိတ်ကျဝေဒနာအထိဖြစ်စေနိုင်ပါတယ်။
တဖက်မှာလည်း သိုင်းရွိုက်ဟော်မုန်းများလွန်းရင် စိတ်ပူပန်မှု၊စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဆတ်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။
ဝမ်းချုပ်ခြင်း
ဝမ်းချုပ်ခြင်းကိုခံစားနေရရင်လည်း ဒီလက္ခဏာကိုသတိရပါ။ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုမူမမှန်ရင် အစာချေဖျက်မှုမှာနှေးကွေးစေတတ်လို့ပါ။ ဒါဟာhypothyroidism ရဲ့အဖြစ်များဆုံးလက္ခဏာတစ်ခုဖြစ်တယ်လို့လည်း ပညာရှင်တွေကပြောပါတယ်။
အအိပ်များလွန်းခြင်း
မနက်ဆို အိပ်ရာကမထနိုင်ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့်အိပ်ရေးကမဝသလိုခံစားရပါတယ်။ အိပ်ခဲ့ရပေမယ့် မအိပ်ရသလို ခံစားချက်မျိုး။
သိုင်းရွိုက်လုပ်ဆောင်ချက်နှေးကွေးမှုက သင့်ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို လိပ်လိုနှေးစေနိုင်တာကြောင့်နေ့အချိန်မှာတောင် အိပ်ငိုက်နေစေတာဖြစ်ပါတယ်။
ပင်ပန်းနွမ်းနယ်နေခြင်း
အားမရှိသလို၊ နုံးချိနေသလို မကြာခဏခံစားနေရတာဟာ အကြောင်းရင်းခံအခြေအနေတွေအများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့် သိုင်းရွိုက်ဟော်မုန်းနည်းရောဂါhypothyroidism နဲ့ဆက်နွှယ်နေတယ်လို့ သိရပါတယ်။ တစ်ညလုံး အိပ်ရေးဝဝအိပ်ထားလျက်နဲ့နောက်နေ့မနက် သို့မဟုတ် တစ်နေ့လုံးမှာလည်းပင်ပန်းမှုကိုခံစားနေရသေးတယ်ဆိုရင် သိုင်းရွိုက်သိပ်အလုပ်မလုပ်တဲ့လက္ခဏာဖြစ်နိုင်ပါတယ်။
ရာသီသွေးပေါ်ခြင်း အပြောင်းအလဲဖြစ်နေခြင်း
ဓမ္မတာလာချိန်သွေးဆင်းများခြင်း၊ရက်ကြာခြင်းတို့အပြင် နာကျင်ကိုက်ခဲခြင်းတို့ကhypothyroidism ရဲ့ လက္ခဏာတွေဖြစ်နိုင်ပြီး ရာသီလာချိန်တွေ တစ်လနဲ့တစ်လနီးကပ်တာမျိုးဖြစ်နိုင်ပါတယ်။
သားသမီးရဖို့ခက်ခြင်း
သားသမီးရဖို့ကြိုးစားနေတာအတော်ကြာနေပြီဖြစ်ပြီး ဘာမှထူးမလာသေးရင်လည်း သိုင်းရွိုက်ရောဂါဖြစ်နေနိုင်တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။hypothyroidism နဲ့ hyperthyroidism နှစ်မျိုးစလုံးက မျိုးဥကြွေခြင်းကို ဝင်ရောက်နှောင့်ယှက်နိုင်ပြီး သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။
ဆံပင်ကျွတ်ခြင်း၊အသားအရေခြောက်သွေ့ခြင်း
ဆောင်းတွင်းလည်းမဟုတ်ဘဲနဲ့တောင် အသားအရေခြောက်သွေ့ပြီးယားယံမှုကိုခံစားနေရသလား။hypothyroidism လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။ အသားအရေပြောင်းလဲမှုဟာ ချွေးထွက်နည်းစေတဲ့ ဇီဝဖြစ်စဉ်နှေးကွေးမှုကြောင့်ဖြစ်ပါတယ်။
ဆံပင်နဲ့လက်သည်းတွေမှာခြောက်သွေ့၊ကြွပ်ဆတ်လာနိုင်ပြီး ဆံပင်တွေကျွတ်လာတတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းမရှိရင် ဆံပင်ပေါက်ခြင်းသံသရာကို ထိခိုက်စေပြီး ဆံပင်ကျွတ်နိုင်၊ တခါတရံ မျက်ခုံးပါကျွတ်လေ့ရှိပါတယ်။
ရုတ်တရက် ဝလာတာ
ကိုယ်အလေးချိန်တိုးလာတာက အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် စားသောက်ပုံ၊အနေအထိုင်တွေ ပြောင်းလဲမှုမရှိဘဲ ရုတ်တရက်ကြီး ဝလာတာကတော့ စိုးရိမ်စရာရှိနိုင်တယ်လို့ WebMDမှာဖော်ပြထားပါတယ်။
ပုံမှန်ထက်သိပ်ပြီး ပိုမစားပေမယ့် ကိုယ်အလေးချိန်များလာသူတွေမှာလေ့ကျင့်ခန်းတွေလုပ်လည်းပြန်ကျမသွားကြဘူးလို့ သုတေသီတွေကပြောပါတယ်။
လိင်ကိစ္စ စိတ်ဝင်စားမှုမရှိခြင်း
သိုင်းရွိုက်ပြဿနာတွေရဲ့တခြားလက္ခဏာတွေဖြစ်တဲ့ ကိုယ်အလေးချိန်တိုးခြင်း၊ခန္ဓါကိုယ်နာကျင်ကိုက်ခဲခြင်း၊ဆံပင်ကျွတ်ခြင်း တို့အပြင် စိတ်ဆန္ဒနည်းပါးခြင်း၊စိတ်မပါခြင်းလည်းဖြစ်နိုင်ပါတယ်။
ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း
ခလုတ်တိုက်ရင်နာတာမျိုး၊ အလေးအပင် မ လို့နာကျင်တာမျိုးက ပုံမှန်ဖြစ်ပေမယ့် လက်မောင်း၊လက်၊ခြေထောက်၊ခြေဖဝါး စတာတွေမှာ အကြောင်းရင်းမသိဘဲ ထူးထူးဆန်းဆန်းတောင့်တင်းတာ၊ ထုံကျဉ်တာတွေ အခါအားလျော်စွာ ခံစားနေရရင် သိုင်းရွိုက်ကြောင့်ပဲဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းက ခန္ဓါကိုယ်အနှံ့အပြားဆီ ဦးနှောက်ကနေ သတင်းပို့နေတဲ့ အာရုံကြောတွေကို ထိခိုက်စေလို့ပါပဲ။ ဒါမျိုးမှာ ဘာမှန်းမသိဘဲ ထုံနာကျဉ်နာဖြစ်လာတတ်ပါတယ်။
ရင်တလှပ်လှပ်ခုန်ခြင်း
ချစ်တဲ့သူနဲ့တွေ့ရင် ရင်ခုန်သလိုမျိုး ခံစားဖူးကြမှာပေမယ့် သိုင်းရွိုက်ကြောင့်တလှပ်လှပ်ရင်ခုန်ရတာက မတူပါဘူး။ နှလုံးမှာ တစ်ချက် နှစ်ချက် ဆက်ပြီးခုန်သွားသလို ခံစားရပါတယ်။ တကယ်တော့ ဒီလိုဖြစ်ချိန် လည်ပင်းနဲ့ လက်ကောက်ဝတ်မှာရှိတဲ့သွေးခုန်နှုန်းစမ်းတဲ့နေရာတွေမှာလည်း ခံစားရလိုက်နိုင်ပါတယ်။
ဒါမျိုးကိုကြုံဖူးတယ်ဆိုရင် နှလုံးတုန် ရင်ခုန်ခြင်းဖြစ်နိုင်ပါတယ်။သွေးလည်ပတ်မှုထဲမှာ သိုင်းရွိုက်ဟော်မုန်းတွေများလွန်းတဲ့ လက္ခဏာဖြစ်ပါတယ်။
အာရုံဝေဝါးခြင်း
အသက်အရွယ်နဲ့အလိုက် သင့်ဦးနှောက်က တဖြည်းဖြည်းချင်း အာရုံဝေဝါးလာနိုင်တတ်ပေမယ့် ရုတ်တရက်ကြီးပြင်းထန်လာရင်တော့ သိုင်းရွိုက်ကြောင့်ပဲဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများလွန်းရင် အာရုံစူးစိုက်ရခက်ခဲပြီးမေ့တတ်လာပါတယ်။ အမျိုးသမီး တချို့က ဒါကိုသွေးဆုံးချိန်မှာဖြစ်လာတဲ့လက္ခဏာလို့ ထင်နေကြပေမယ့် တကယ်တော့ သိုင်းရွိုက်ကြောင့်ပါလို့ ပညာရှင်တွေကပြောပါတယ်။
သွေးတိုးခြင်း
သင့်မှာသွေးပေါင်ချိန်များနေပြီးဆေးသောက်လို့၊အစားဆင်ခြင်လို့လည်း ထူးလာပုံမပေါ်ရင် သိုင်းရွိုက်ကိုစစ်ဆေးကြည့်ဖို့လိုနေပါပြီ။
ဟော်မုန်းမထုတ်နိုင်တဲ့သိုင်းရွိုက်က မကောင်းတဲ့ကိုလက်စထရောကိုမြင့်စေပြီးနှလုံးထိခိုက်စေနိုင်ပါတယ်။
ခံတွင်းပျက်လာခြင်း
အရသာခံအာရုံက ချက်ချင်းကြီးတမျိုးဖြစ်လာသလား။ သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်းက အရသာခံနိုင်စွမ်းနဲ့ အနံ့ခံနိုင်စွမ်းတို့မှာ ထိခိုက်စေပါတယ်။
ဒါပေမယ့် မရပ်မနား တရစပ်စားသောက်မိနေပြီဆိုရင်လည်း သိုင်းရွိုက်ဟော်မုန်းများတဲ့hyperthyroidismဖြစ်နေနိုင်ပါတယ်။
လည်ပင်း သို့မဟုတ် ဇက်ကြောမှာ နေရအဆင်မပြေခြင်း
သိုင်းရွိုက်က လည်ပင်းမှာပဲရှိနေတာကြောင့် အဲဒီမှာနာကျင်တာ မဆန်းပါဘူး။ လည်ပင်းမှာ အဖုအကျိတ်ဖြစ်လာတာ၊ အသံပြောင်းလဲလာတာတွေက သိုင်းရွိုက်ရောဂါလက္ခဏာတွေဖြစ်နိုင်ပါတယ်။
ဒီအချက်တွေထဲက တခုခုကိုခံစားရတယ်ဆိုရင် ကိုယ့်လည်ပင်းကို မှန်ထဲမှာပြန်ကြည့်ပြီးရောင်ရမ်းနေတာ၊ဖောင်းနေတာ ရှိမရှိ စစ်ဆေးနိုင်ပါတယ်။
AACE Thyroid Awareness ရဲ့အကြံပြုချက်အရ သိုင်းရွိုက်ကို စစ်ဆေးမယ်ဆိုရင် မှန်တစ်ချပ်ကိုယူ၊ လည်ပင်းရဲ့အရှေ့ဘက်အောက်ပိုင်း ညှပ်ရိုးအထက်နား၊အသံအိုးအောက်နား ကိုသေချာကြည့်ပါ။ ကြည့်နေရင်းခေါင်းကိုအပေါ်လန်ထားပါ။ ရေတစ်ငုံသောက်ပြီး မျိုချပါ။ မျိုချချိန်မှာ လည်ပင်းကိုကြည့်ပါ။ရေမျိုချချိန် အဲဒီနေရာမှာ ဖုထစ်နေတာ၊ဖောင်းနေတာတွေ့လိုက်ရသလားကြည့်ပြီးစစ်ဆေးနိုင်ပါတယ်။( သိုင်းရွိုက်ကို လည်စိနဲ့ မမှားအောင်သေချာဂရုစိုက်ပါ) ဖုထစ်နေတာ၊ဖောင်းနေတာတွေ့ရရင်တော့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။