brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား

တိရစ္ဆာန်လေးတွေကိုချစ်ကြတဲ့တိချစ်သူတိုင်းလိုလိုမှာအိမ်မှာမွေးထားတဲ့အိမ်မွေးအကောင်လေး တွေကိုယ်စီရှိကြမှာပါ။ မိမိချစ်တဲ့အကောင်လေးတွေကျန်းကျန်းမာမာနဲ့နေထိုင်နိုင်ဖို့ကို အားလုံး ဆန္ဒရှိကြမယ်လို့ထင်ပါတယ်။ သူတို့လေးတွေကျန်းမာဖို့ရန်အတွက်ကာကွယ်ဆေးထိုးပေးဖို့ လိုမလိုဆိုတာဟာမေးခွန်းတစ်ခုဖြစ်လာပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား

ကာကွယ်ဆေးထိုးရခြင်းရဲ့ရည်ရွယ်ချက်တွေကိုစဉ်းစားကြည့်ကြပါစို့။

  • သူတို့လေးတွေရဲ့အသက်အန္တရာယ်ကိုထိပါးရန်ရှာလာနိုင်တဲ့ရောဂါဆိုးတွေဆီကကင်း ဝေးဖို့ရန်
  • ကောင်းမွန်တဲ့ကိုယ်ခံအားစနစ်မွေးမြူပေးရန်
  • ခွေးရူးရောဂါကဲ့သို့သောအိမ်မွေးတိရစ္ဆာန်လေးတွေဆီကနေလူတွေဆီသို့ကူးစက်နိုင်တဲ့ရောဂါတွေကိုကြိုတင်တားဆီးနိုင်ရန်
  • ကာကွယ်ဆေးမထိုးရင်ဖြစ်လာမယ့်ရောဂါတွေဟာသေစေနိုင်လောက်တဲ့အထိပြင်းထန်ပါတယ်။ ကုသလို့ရနိုင်ခဲ့ရင်တောင်မှအချိန်ကြာကြာကုရမှာပါ။ သူတို့လေးတွေဟာလည်း ရောဂါဒဏ်ကို တော်တော်လေးခံရမှာပါ။ သင့်ကိုလည်း ငွေကုန်လူပန်းဖြစ်စေမှာပါ။

    အိမ်မွေးခွေးလေးတွေမှာဆိုရင်ဘယ်လိုရောဂါတွေကိုကာကွယ်ပေးနိုင်သလဲ။

    အောက်ပါရောဂါတွေကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

    • Parvovirus လို့ခေါ်တဲ့ခွေးသွေးဝမ်းရောဂါ
    • Leptospirosis လို့ခေါ်တဲ့ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ ဒီဘက်တီးရီးယားဟာပြင်းထန်အဆုတ်ရောဂါတွေကိုဖြစ်ပွားစေနိုင်ပြီး အသက်ရှူကျပ်စေနိုင်ပါတယ်။
    • Canine Distemper ဒါကတော့ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါပါ။ ဖြစ်လာပြီဆိုရင်ကုသလို့မရနိုင်ဘဲသေဆုံးနိုင်ပါတယ်။တုပ်ကွေးရောဂါကဲ့သို့ လက္ခဏာတွေရှိနိုင်ပါတယ်။ ဒါ့အပြင်ဝမ်းသွားခြင်း၊ အန်ခြင်းနဲ့မျက်လုံး၊နှာခေါင်းတို့ကနေအဝါရောင်အချွဲတွေထွက်ခြင်း စသဖြင့် ဖြစ်လာနိုင်ပါတယ်။
    • Infectious Hepatitis ဆိုတဲ့ကူးစက်နိုင်တဲ့အသည်းရောင်ရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။

    ကြောင်လေးတွေမှာတော့

    • ကြောင်တုပ်ကွေးရောဂါ (Cat Flu)

    Feline Infectious Enteritis ဆိုတဲ့ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တဲ့ရောဂါပါ။ ရုတ်တရက်ကြီးဝမ်းသွားလာမယ်၊ သေွးအန်လာရာကနေကြောင်လေးဟာသေဆုံးသွားနိုင်ပါတယ်။

    • Feline Leukaemia Virus ဒီဗိုင်းရပ်စ်ကူးစက်ရင်တော့ ကြောင်လေးဟာသွေးအားနည်းလာမယ်။ ခုခံအားစနစ်တဖြည်းဖြည်းကျဆင်းလာမှာပါ။

    အိမ်မှာမွေးထားတဲ့ယုန်လေးတွေမှာတော့

    • Myxomatosis ဆိုတဲ့ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တဲ့ရောဂါ– အစပိုင်းမှာယုန်လေးဟာဖျားလာပြီးမျက်ခွံ၊မျက်နှာတွေရောင်ရမ်းလာမှာပါ။ မျက်ခွံတွေရောင်ရမ်းခြင်းပြင်းထန်လာရင်တော့ မျက်လုံးတွေဖွင့်မရတော့ပါဘူး။ အသက်ရှူကျပ်လာရာကနေသေဆုံးတဲ့အထိပြင်းထန်လာနိုင်ပါတယ်။
    • Rabbit Haemorrhagic Disease – ဒါဟာလည်းယုန်လေးတွေမှာဖြစ်တတ်တဲ့ကူးစက်ရောဂါပါပဲ။ သေစေနိုင်လောက်တဲ့အထိပြင်းထန်ပါတယ်။

    ကာကွယ်ဆေးကိုဘယ်အချိန်ထိုးပေးရမှာလဲ။

    ငယ်ရွယ်စဉ်အခါကတည်းကကာကွယ်ဆေးထိုးပေးထားတာအကောင်းဆုံးပါ။ ကြောင်လေးတွေနဲ့ခွေးလေးတွေမှာတော့ နှစ်လသားအရွယ်လောက်မှာစထိုးလို့ရပါတယ်။ ယုန်လေးတွေမှာတော့ငါးပတ်အရွယ်ပါ။ ငယ်ရွယ်စဉ်မှာမထိုးမိခဲ့ရင်လည်း မိမိဆီကို ရောက်လာတဲ့အရွယ်မှာပဲ တိရစ္ဆာန်အထူးကုဆရာဝန်နဲ့တိုင်ပင်ကာထိုးပေးသင့်ပါတယ်။ အချို့သောကာကွယ်ဆေးတွေဟာ Booster ဆိုတဲ့ထပ်မံအားဖြည့်ထိုးရတာမျိုးရှိပါတယ်။ တစ်ခါတည်းထိုးရုံနဲ့မလုံလောက်ပါဘူး။ အချို့ကတော့တစ်နှစ်အကြာမှာထပ်ထိုးရသလို တချို့မှာလည်းဒီထက်အကြိမ်ရေစိတ်နိုင်ပါတယ်။ မိမိကလေးလေးတွေဘယ်အချိန်မှာ နောက်တစ်ခေါက်ပြန်ထိုးရမလဲဆိုတာကိုတော့တိရစ္ဆာန်အထူးကုဆရာဝန်တွေနဲ့ပြသ တိုင်ပင်သင့်ပါတယ်နော်။

    ဘယ်အချိန်မှာအပြင်ခေါ်သွားနိုင်မလဲ။

    အိမ်မွေးတိရစ္ဆာန်လေးတွေဟာလည်းလူတွေလိုပါဘဲ။သူတို့လေးတွေပေျာ်ပျော်ရွှင်ရွှင်နေနိုင်ဖို့ အပေါင်းအသင်းလိုအပ်ပါတယ်။

    သူတို့လေးတွေအတူတကွဆော့ကစားဖို့အခြားသော အိမ်မွေးတိရစ္ဆာန်လေးတွေလိုအပ်ပါတယ်။ အခြားအကောင်လေးတွေဟာလည်းကာကွယ်ဆေးကိုပြည့်ပြည့်ဝဝထိုးထားပြီးရင်တော့စိတ်ချရပါတယ်။ သို့သော်လည်းအပြင်ထွက်လို့သူတို့လေးတွေကိုခေါ်တဲ့အခါ အပြင်က တိရစ္ဆာန်တွေနဲ့ လူတွေဆီကနေရောဂါပိုးတွေကူးစက်နိုင်ပါတယ်။ဒါကြောင့်ကာကွယ်ဆေးပြည့်ပြည့်ဝဝထိုးပေးပြီးမှသာအပြင်ခေါ်ထွက်တာမျိုး၊ အခြားအိမ်တစ်အိမ်သို့သွားလည်တာမျိုးလုပ်သင့်ပါတယ်။ ခြေသည်းလက်သည်းလေးတွေကိုလည်းညှပ်ပေးဖို့မမေ့ပါနဲ့နော်။

    မိမိရဲ့အိမ်ခြံဝန်းအတွင်းထဲမှာလည်းသူတို့ကိုဆော့ကစားစေနိုင်ပါတယ်။ မဖြစ်မနေ အပြင်ခေါ်သွားရမယ် ဆိုရင်လည်းမြေကြီးနဲ့မထိစေဖို့ကေျာပိုးတဲ့အရာမျိုး၊ လှည်းမျိုးစတဲ့အရာ တွေနဲ့ခေါ်သွားနိုင်ပါတယ်။ အချို့သောကာကွယ်ဆေးတွေဟာထိုးပြီးပြီးချင်းအာနိသင်မပြပါဘူး။ အချိန်တစ်ခုကြာတဲ့အထိစောင့်ရနိုင်ပါတယ်။ ဆရာဝန်ကိုမေးမြန်းကြည့်နိုင်ပါတယ်။

    အသက်ကြီးနေတဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကိုရောကာကွယ်ဆေးထိုးပေးသင့်သလား။

    အသက်ကြီးလာတာဟာရောဂါတွေကိုပိုကာကွယ်နိုင်စွမ်းရှိလာတာနဲ့ဘာမှမဆိုင်ပါဘူး။ ကိုယ်မွေးလိုက်တဲ့အချိန်မှာတိရစ္ဆာန်လေးတွေအသက်ကြီးနေပြီဆိုရင်လည်း သူတို့ရဲ့အသက်ပေါ် မူတည်ပြီးဘယ်ကာကွယ်ဆေးကို ထိုးနှံရမလဲဆိုတာတိရစ္ဆာန်အထူးကုဆရာဝန်တွေနဲ့ တိုင်ပင် ကြည့်လို့ရပါတယ်။

    ထပ်ထိုးရမယ့်အကြိမ်ကိုမေ့ခဲ့ရင်ရောဘယ်လိုလုပ်သင့်သလဲ။

    ကာကွယ်ဆေးထပ်မံထိုးရမယ့်အချိန်ကိုပြက္ခဒိန်မှာမှတ်ထားနိုင်သလို ဖုန်းထဲမှာလည်း Alarm ပြုလုပ်ပြီးမှတ်ထားနိုင်ပါတယ်။ အကြောင်းတစုံတရာကြောင့်မေ့လျော့ခဲ့ရင်လည်း သတိရရချင်းချက်ချင်းသွားထိုးပါ။ ဒါမှအချိန်အရမ်းမကွာသွားမှာပါ။ ထိုးရမယ့်အချိန်ထက် တော်တော်ကြာကြာမှမှတ်မိရင်တော့အစကနေအသစ်တဖန်ပြန်ထိုးရတာမျိုးရှိနိုင်ပါတယ်။ ဆရာဝန်ကိုတိုင်ပင်မေးမြန်းတာတော့အကောင်းဆုံးပါ။

    ပဋိဇီဝပစ္စည်းဆန်းစစ်ခြင်း

    ကာကွယ်ဆေးတစ်ခုထိုးပြီးတဲ့အခါခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကနေ ပဋိဇီဝပစ္စည်းတွေထုတ်ပေး ပါတယ်။ ထိုပစ္စည်းပမာဏကိုစစ်ဆေးတဲ့အခါ သွေးဖောက်ပြီး စစ်ဆေးရပါတယ်။ ရှိသင့်တဲ့ပမာဏမရှိရင် အစကပြန်စထိုးရပါတယ်။ ဒါကတော့ခွေးလေးတွေကိုပဲလုပ်ပေးလို့ရပါတယ်လို့ဆိုထားပါတယ်။

    ကဲ လူတွေမှာပဲကာကွယ်ဆေးထိုးရတာမဟုတ်ပါဘူးနော်။ အိမ်မွေးတိရစ္ဆာန်လေးတွေဟာလည်း အသက်နဲ့ပဲမို့ကာကွယ်ဆေးထိုးပေးဖို့လိုအပ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ် ဆေးထိုး ပေးထားခြင်းဖြင့်သူတို့လေးတွေကိုရောမိမိကိုယ်တိုင်ကိုပါရောဂါဆိုးကြီးတွေရဲ့ရန်ကနေကာကွယ်ထား ကြရအောင်ပါ။

    ရေးသားသူ- ဒေါက်တာမှူးခင်

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/07/2022 ဖြစ်ပါသည်။