brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ချွေးထွက်များခြင်း ဟာ ဘယ်လိုကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်သလဲ

ချွေးထွက်ခြင်းဟာ နေ့စဉ်ဘဝမှာ သာမန်ဖြစ်ပျက်မှုတစ်ခုပါ။ ဒါပေမယ့် ချွေးထွက်များပြီဆိုရင်တော့ တစ်မျိုးဖြစ်လာပြီပေါ့။ ချွေးထွက်များခြင်း က ကျန်းမာရေး အခြေအနေတစ်စုံတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။

ချွေးထွက်များခြင်း ဟာ ဘယ်လိုကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်သလဲ

ချွေးထွက်များခြင်း အကြောင်း သိကောင်းစရာ

ချွေးထွက်များတယ်ဆိုတာ လိုတာထက် ချွေးပိုထွက်ခြင်း ဖြစ်ပါတယ်။ ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်ကို အေးစေခြင်းဖြင့် အပူလွန်ခြင်းမှ ကာကွယ်ပေးတာဖြစ်တယ်။ ဒါကြောင့် ခန္ဓာကိုယ်က အေးနေချိန် သာမန်လူထက်ပိုပြီး ချွေးထွက်နေရင် ပြဿနာဖြစ်ပါတယ်။ ချွေးထွက်များတတ်တဲ့လူတွေဟာ ခြေဖဝါး၊ လက်ဖဝါး၊ လက်မောင်းအောက်နဲ့ ခေါင်းတွေလို တစ်နေရာမက ချွေးထွက်များလေ့ရှိတယ်။ တခြားတစ်ကိုယ်လုံးခြောက်သွေ့နိုင်ချိန်မှာ တစ်နေရာထဲကပဲ ချွေးများနဲ့ ရွှဲရွှဲစိုနေနိုင်ပါတယ်။

ဒီလိုလူတွေမှာ နေ့စဉ်သာမန်လှုပ်ရှားမှုတွေကတောင် ချွေးထွက်များခြင်းကို ဖြစ်စေနိုင်ပါတယ်။ လက်တွေမှာ ချွေးထွက်လွန်ပြီး ဘောပင်၊ စာအုပ်ကိုင်ရန် ခဲယဉ်းတာမျိုး၊ ကားမောင်းဖို့ ခက်လာတာမျိုး ဖြစ်နိုင်ပါတယ်။ လက်မောင်းအောက်တွေမှာ ချွေးထွက်များခြင်းက အဝတ်အစားတွေကို စိုစေပြီး ရှက်စရာချွေးကွက်တွေလည်း ပေါ်လာစေပါတယ်။ အရေပြားစိုစွတ်နေမှုကြောင့် အရေပြားကို အလွယ်တကူလည်း ရောဂါဝင်နိုင်ချေရှိပါတယ်။

ဘာကြောင့် ချွေးထွက်အလွန်များရသလဲ

ဖြစ်ရတဲ့ အကြောင်းရင်းနှစ်မျိုးရှိပါတယ်။

Primary Hyperhidrosis (အကြောင်းမဲ့ ချွေးထွက်များခြင်း)

ပထမတစ်မျိုးဟာ အကြောင်းအရင်းတိတိကျကျမရှိဘဲ ချွေးထွက်များတာမျိုး ဖြစ်ပါတယ်။ ဘယ်လိုဖြစ်လာသလဲ မသေချာပေမယ့် အာရုံကြောပြဿနာကြောင့်လို့ ယူဆကြပါတယ်။ ဒါဟာ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်နေနိုင်တယ်။

Secondary Hyperhidrosis (အကြောင်းရင်း တစ်ခုခုကြောင့် ချွေးထွက်များခြင်း)

ဒုတိယတစ်မျိုးကတော့ အကြောင်းအရင်းရှာလို့ရတဲ့ ချွေးထွက်များခြင်းမျိုး ဖြစ်ပါတယ်။ အကြောင်းအရင်းအမျိုးမျိုးရှိနိုင်ပါတယ်။

ဒုတိယတစ်မျိုးက ပထမတစ်မျိုးထက် ပိုရုတ်တရက်ဖြစ်တတ်ပြီး တစ်ကိုယ်လုံးမှာဖြစ်တတ်ပါတယ်။ တကယ်လို့ ချွေးထွက်များခြင်းခံစားရတယ်ဆိုရင် ပိုမိုသိရှိနိုင်စေဖို့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

ရေးသားသူ- Dr Aye Myat Myat Noe

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/04/2022 ဖြစ်ပါသည်။