အသားတွေယားတယ်။ မသန့်တာတစ်ခုခုနဲ့ထိမိပြီထင်တယ်။ တစ်ချိန်လုံးကုတ်နေရတယ်။ မတည့်တာများစားမိလို့လားလို့တွေးနေတာလား၊ အသားယားတာက လူတိုင်းကြုံရနိုင်တဲ့ပြဿနာတစ်ခုပါ။ ရာသီဥတုအေးမြခြောက်သွေ့မှုကြောင့် အသားယားနိုင်သလို ပိုးကောင်တစ်ကောင်ကောင်ကိုက်ခံရတာကြောင့်လည်း အသားယားနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အသားတွေယားယံတာက သာမန်ခပ်ပေါ့ပေါ့တွေးလို့မရတဲ့ အခြေအနေတစ်ခုပါ။ ရာသီဥတုေကြာင့်လည်းမဟုတ်ဘဲ အသားတွေက ယားနေတာဖြစ်မယ်ဆိုရင်တော့ ဒီအချက်တွေကြောင့်ဖြစ်နေနိုင်ပါတယ်။ သတိပြုနိုင်စေဖို့ဖော်ပြပေးလိုက်ပါတယ်။
အသားယားတာကရှေ့ပြေးလက္ခဏာတွေလေလား
ကျောက်ကပ်ရောဂါခံစားရတဲ့အခါ အရေပြားယားယံတာကို ကြုံရနိုင်ပါတယ်။ကျောက်ကပ်ကသွေးတွင်းမှာရှိတဲ့ အညစ်အကြေးတွေကို စစ်ထုတ်ဖယ်ရှားပေးရတာပါ။ တကယ်လို့ကျောက်ကပ်က အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါသွေးတွင်းမှာ အညစ်အကြေးတွေစုပုံလာပြီး အသားယားယံတာမျိုး ခံစားရနိုင်ပါတယ်။
အသည်းက စားသုံးလိုက်တဲ့ အစားအစာတွေမှာပါတဲ့ အဆိပ်အတောက်တွေ၊ ဓါတုပစ္စည်းတွေ၊ဆေးဝါးတွေနဲ့ အယ်လ်ကိုဟောတို့မှာ ပါဝင်နေတဲ့ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့အရာတွေကို စစ်ထုတ်ဖယ်ရှားပေးတာပါ။ အသည်းက သည်းခြေရည်ကိုထုတ်ပေးပြီး အစာခြေစနစ်ကောင်းကောင်းလည်ပတ်စေဖို့လည်းထောက်ပံ့ပေးပါသေးတယ်။ အသည်းကကောင်းကောင်းအလုပ်မလုပ်တဲ့အခါသည်းခြေရည်တွေက စုပုံလာပြီး အရေပြားမှာယားယံမှုတွေဖြစ်ပေါ်စေပါတယ်။
သိုင်းရွိုက်ဂလင်းက ခန္ဓါကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကောင်းကောင်းလည်ပတ်နိုင်စေဖို့ အဓိကအခန်းကနေပါဝင်လုပ်ဆာင်ပေးနေတာပါ။ တကယ်လို့ သိုင်းရွိုက်ဂလင်း ကဟော်မုန်းတွေကိုူ အလွန်အကျွံထုတ်လုပ်တဲ့အခါမျိုးမှာဖြစ်ဖြစ် လုံလောက်အောင် မထုတ်တဲ့အခါမျိုးမှာဖြစ်ဖြစ် ခန္ဓါကိုယ်ရဲ့ လုပ်ငန်းစဉ်တွေက ကမောက်ကမဖြစ်ပြီး အရေပြားယားယံမှုတွေဖြစ်စေနိုင်ပါတယ်။
ဓါတ်မတည့်ဖြစ်စေနိုင်တဲ့ အရာတွေကို ထိတွေ့မိတဲ့အခါ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ဟီစတာမင်ဟော်မုန်းတွေကို ထုတ်လွှတ်တုံ့ပြန်ပါတယ်။ ဒီလိုတုံ့ပြန်မှုဖြစ်စဉ်အတွင်း အရေပြားမှာ ရောင်ရမ်းတာ၊ အဖုအပိမ့်ဖြစ်တာနဲ့ ယားယံတာမျိုးတွေခံစားရနိုင်ပါတယ်။
သွေးဆုံးခါနီးတဲ့အခါ ခန္ဓါကိုယ်က အက်စထရိုဂျင်ဟော်မုန်းထုတ်လုပ်မှုကျဆင်းသွားပါတယ်။ ဒီကာလမှာ အသားအရေပြောင်းလဲတာမျိုးခံစားရနိုင်ပါတယ်။ ခန္ဓါကိုယ်က အက်စထရိုဂျင်ထုတ်လုပ်မှုကျဆင်းသွားတာကြောင့် အက်စထရိုဂျင်ဟော်မုန်းထုတ်လုပ်မှုအပေါ်မှာမှီခိုနေရတဲ့ကော်လာဂျင်ထုတ်လုပ်မှုကလည်း ကမောက်မကဖြစ်သွားရပါတယ်။ ဒါကြောင့် အရေပြားမှာ ယားယံတာလိုမျိုး ပြဿနာခံစားရနိုင်ပါတယ်။
ရင်သားကင်ဆာခံစားရတဲ့အခါ ကင်ဆာဆဲလ်တွေက အရေပြားမှာရှိတဲ့ပြန်ရည်ကြောတွေကို ပိတ်ဆို့လိုက်ကြပါတယ်။ ဒီလိုအခြေအနေက အရေပြားမှာရောင်ရမ်း၊နီမြန်းတာနဲ့ အရေပြားယားယံတာမျိုးကိုဖြစ်စေနိုင်ပါတယ်။
ဒီအချက်တွေအပြင် ဆီးချိုရောဂါ၊သွေးတိုးရောဂါ၊ ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေထိခိုက်ပျက်စီးတာ၊လေဖြတ်တာ၊ ဦးနှောက်အကျိတ်တည်တာလိုမျိုးရောဂါတွေရဲ့ရှေ့ပြေးလက္ခဏာတွေအနေနဲ့ အသားတွေယားနိုင်ပါသေးတယ်။ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေဖြစ်တဲ့ စိတ်ဖိစီးတာ၊စိတ်ဓါတ်ကျတာ၊ စိုးရိမ်စိတ်လွန်ကဲတာတို့ကြောင့်လည်း အသားတွေယားယံတာမျိုးခံစားရနိုင်ပါတယ်။ တစ်ခါတရံမှာ အသားယားယံတာကသောက်သုံးနေရတဲ့ဆေးဝါးတွေနဲ့ ဓါတ်မတည့်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ သံဓါတ်နည်းနေတာကြောင့်လည်း အရေပြားတွေယားယံနိုင်ပါသေးတယ်နော်။
ရာသီဥတုအခြေအနေကြောင့်လည်းမဟုတ်၊ ဓါတ်မတည့်တာ၊ မှိုပိုးနဲ့ အခြားသောမြင်သာတဲ့ အကြောင်းအရာတစ်ခုခုမရှိပါဘဲ အသားတွေယားယံနေမယ်၊ အချိန်တော်တော်ကြာတဲ့အထိမသက်သာဘဲဖြစ်နေမယ်ဆိုရင်တော့ တတ်သိနားလည်တဲ့သူနဲ့အမြန်ဆုံးပြသပြီးဆေးစစ်မှုခံယူဖို့ပြောပါရစေ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]

















