သင့်ဦးနှောက်ကနာကျင်မှုတွေကို ဘယ်လိုသိရှိလဲဆိုတာ တစ်ခါလောက်ဖြစ်ဖြစ်တွေးကြည့်ဖူးလား။ သင်သိတာက နာကျင်မှုဆိုတာ နာတယ်လို့ခံစားရတယ် ၊ ဒီလောက်ပဲသင်သိတာပါ။ တစ်သျှူးတွေထိခိုက်တဲ့အခါနာကျင်တယ်၊ ဒါမှမဟုတ် မီးဖိုမှာအပူလောင်တာမျိုး၊ ခြေမတံခါးကြားညက်သွားတဲ့အခါမျိုး ပြင်းထန်တဲ့လှုံ့ဆော်မှုတစ်ခုခုကြောင့် နာကျင်ရတတ်ပါတယ်။ နာကျင်တယ်ဆိုတာ သင့်ခန္ဓါကိုယ်ကို ဒီထက်ပိုပြီးဒဏ်ရာရမှု၊ ထိခိုက်မှုတွေကနေကာကွယ်ဖို့ပါ။
သင်အန္တရာယ်ရှိတဲ့တစ်စုံတစ်ခုနဲ့နီးကပ်နေပြီ ဒါမှမဟုတ် ကုသမှုခံယူဖို့လိုအပ်နေပြီဆိုတဲ့ သတိပေးမှုလည်းဟုတ်ပါတယ်။ နာကျင်ခြင်းဟာ ကျွန်ုပ်တို့တွေ ဆေးကုသမှုခံယူရတဲ့ နံပါတ်တစ်အကြောင်းအရင်းလည်းဟုတ်တယ်။
နာကျင်မှုကိုဘယ်လိုသိရှိခံစားလဲ
နာကျင်မှုသိရှိခံစားတဲ့ဖြစ်စဉ်ကို နာကျင်မှုနားလည်ခြင်းလို့ခေါ်ကြတယ်။ ထိတွေ့လှုံ့ဆော်ခံရတဲ့နေရာမှာ နာကျင်မှုစတင်အချက်ပြပြီး အာရုံကြောတွေကနေတဆင့် အာရုံကြောမကြီးဆီ၊ ပြီးတော့ ဦးနှောက်ဆီကိုတက်သွားပါတယ်။ အဲ့အချိန်မှာပဲ သင့်ဦးနှောက်က နာကျင်မှုကိုသိရှိသွားပြီး သင့်ကိုအဲ့နာကျင်မှုကို တစ်ခုခုတုံ့ပြန်ဖို့အသိပေးပါလိမ့်မယ်။ ဥပမာ သင့်လက်ကိုဓါးရှမိတယ်ဆိုပါတော့၊ ထိုနာကျင်မှုကိုသိရှိခံစားရဖို့အတွက်က တကယ်တော့ အဆင့်တွေအများကြီးဖြတ်ရပါတယ်။
- လက်ကိုဓါးရှတဲ့ခါ တစ်သျူးတွေပျက်စီးသွားတယ်၊ ထိုအခါနာကျင်မှုကိုသိရှိတဲ့အရာတွေကိုသွားပြီး လှုံ့ဆော်တယ်။
- ထိုနာကျင်မှုကိုသိတဲ့အရာတစ်ခုချင်းစီက နာကျင်မှုကိုသယ်ပို့ပေးတဲ့အာရုံကြောတွေနဲ့ချိတ်ဆက်ထားပြီး အဲ့အာရုံကြောတွေက အာရုံကြောမကြီးနဲ့ဆက်ပြီးချိတ်ထားပါတယ်။
- ထိုကတဆင့် ဦးနှောက်ဆီရောက်တယ်။
- ထိုအခါမှ ဦးနှောက်ကနာကျင်မှုကိုသိပြီး သင့်ကိုတစ်ခုခုတုံ့ပြန်ဖို့အသိပေးပါတယ်။
တခါတလေတော့ နာကျင်မှုကိုအချက်ပြခြင်းတွေ အာရုံကြောမကြီးဆီရောက်တဲ့အခါ နာကျင်မှုကိုသင်မသိခင်မှာတင် ရုတ်တရတ်လျင်မြန်တဲ့ တုံ့ပြန်မှုတွေထွက်ပေါ်လာစေတယ်။ ဥပမာ – ကြွက်သားတွေလှုပ်ရှားသွားပြီး လက်ကိုရုတ်တရတ်ပြန်ရုတ်လိုက်တာမျိုးပေါ့။ ဒါက သင့်ဦးနှောက်ဆီနာကျင်မှုမရောက်ခင် – စက္ကန့်ပိုင်းလေးအတွင်းမှာဖြစ်ပျက်သွားတာကြောင့် နာတဲ့ခံစားမှုမခရခင်မှာတင် လက်ကိုရုတ်လိုက်မိမှာပါ။
နာကျင်မှုဦးနှောက်ဆီဖြတ်သွားတဲ့လမ်းမှာ ပြောင်းလဲမှုအဆင့်တွေအများကြီးရှိနိုင်တယ်၊ ဦးနှောက်ဆီမရောက်ခင်မှာတင် ပုံစံပြောင်းသွားတာ၊ ပိုဆိုးသွားတာ ဒါမှမဟုတ် တားဆီးခံလိုက်ရတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ထိခိုက်ပေမယ့်နာကျင်မှုမခံစားရဘူးဆိုတာတွေဖြစ်လာတာပါ။ ဥပမာပြောရရင်စစ်သားတွေစစ်မြေပြင်မှာ ၊ အားကစားသမားတွေပြိုင်ပွဲမှာနာကျင်မှုမသိလိုက်ဘဲ ပြီးမှနာလာတယ်ဆိုတာမျိုးတွေပေါ့။
နောက်ထပ်ဥပမာကတော့ နာကျင်မှုနဲ့ ထိတွေ့မှုက တူညီတဲ့အာရုံကြောလမ်းတစ်ခုတည်းကိုသုံးပြီး ဦးနှောက်ဆီသွားတာကြောင့် ကလေးတစ်ယောက်ဒူးထောက်လဲကျသွားတဲ့အခါ ဒူးလေးကိုပွတ်လိုက်မယ်ဆိုရင် ထိုထိတွေ့ပွတ်သတ်တဲ့အာရုံကို ဦးနှောက်ကသိရှိခံစားရဖို့အတွက် ထိခိုက်သွားတဲ့နာကျင်မှုအသိကိုကျ တားဆီးလိုက်ရပြီး နာကျင်မှုကိုသိပ်မခံစားရတော့တာမျိုးပါ။
နာကျင်မှုကိုဘယ်နှစ်မျိုးခွဲထားလဲ
နာကျင်မှုကအမျိုးအစားခွဲရတာနည်းနည်းခက်ပါတယ်။ အမျိုးမျိုးခွဲနိုင်တယ် –
- Nociceptive pain: ခန္ဓါကိုယ်တစ်သျူးတွေထိခိုက်လို့ ဥပမာ – ထိခိုက် ရှနာ ကျိုးပဲ့ လောင်ကျွမ်းခြင်းကြောင့်ခံစားရတတ်တဲ့ နာကျင်မှုမျိုးဖြစ်တယ်။
- Neuropathic pain: ဒီနာကျင်မှုကတော့ နာကျင်မှုကိုသိရှိခံစားသယ်ပို့တဲ့စနစ်မှာ ချို့ယွင်းချက်တစ်ခုခုရှိခြင်းကြောင့်ဖြစ်တယ် – အာရုံကြောတွေ၊ အာရုံကြောမကြီးနဲ့ ဦးနှောက်မှာ ပြဿနာရှိတာဖြစ်နိုင်ပါတယ်။
- Psychogenic pain: စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာတစ်ခုခုကြောင့် ပိုဆိုးတတ်တဲ့နာကျင်မှုမျိုးဖြစ်တယ်။
- Acute pain: ခန္ဓါကိုယ်ကိုထိခိုက်နေပြီဖြစ်ကြောင့်အသိပေးဖို့အတွက် ခဏဖြစ်ပေါ်လာတဲ့နာကျင်မှုမျိုးဖြစ်တယ်။
- Chronic pain: အချိန်ကြာခံစားရတဲ့နာကျင်မှုမျိုးဖြစ်ပြီး အရိုးအဆစ်ရောင်ခြင်းလိုမျိုး ဆက်တိုက်တစ်သျူးထိခိုက်မှုမျိုးကြောင့်ခံစားရတဲ့ နာကျင်မှုမျိုးဖြစ်တယ်။
နာကျင်မှုကိုဖော်ပြတတ်တဲ့တစ်ဦးထဲသောလူက ထိုနာကျင်မှုကိုခံစားနေရတဲ့လူတစ်ယောက်ထဲရှိပါတယ်။ ဒါကြောင့်ဆေးခန်းပြတဲ့အခါ ဆရာဝန်ကဘယ်လိုနာတာလဲဆိုတာကို သေချာဖော်ပြပေးဖို့မေးမြန်းတာပါ။ နာကျင်မှုနဲ့ပတ်သတ်တဲ့ အချက်တိုင်းကိုအတိအကျပြောပြပေးမှ ဆရာဝန်အတွက် ရောဂါနဲ့ ထိရောက်တဲ့ကုသမှုကိုရှာဖွေစဉ်းစားနိုင်မှာဖြစ်တယ်။
နာကျင်မှုအတွက်အသုံးဝင်မယ့်အချက်များ
ခုဆိုရင်နာကျင်မှုဖြစ်တဲ့ဖြစ်စဉ်ကိုသိပြီဆိုတော့ နာကျင်မှုကိုပြန်တုံ့ပြန်ဖို့နည်းလမ်းတွေရှာနိုင်ပါပြီ။ အကြံဉာဏ်တချို့ကတော့ –
- တခြားလုပ်ကိုင်စရာရှိတာတွေနဲ့ အာရုံလွှဲခြင်း
- အာရုံလွှဲနည်းအမျိုးမျိုးနဲ့ အာရုံလွဲခြင်း
- လှုပ်ရှားမှုတွေမှာအချိန်ယူပြီးလှုပ်ရှားခြင်း
- သင့်ကိုစိတ်ကြည်နူးစေနိုင်မယ့် အရာများလုပ်ကိုင်ခြင်း
- မကောင်းသောအတွေးများကိုစိန်ခေါ်ခြင်းဖြင့် စိတ်အခြေအနေကိုထိန်းချုပ်ခြင်း
- ပုံမှန်ဖြေလျှော့ခြင်း
- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း
- ဆက်ဆံရေးများမှအခက်အခဲများကိုဖြေရှင်းခြင်း
- သင့်လိုအပ်ချက်နဲ့ပတ်သတ်ပြီး ရှင်းလင်းတိကျစွာအသိပေးခြင်း
နာကျင်မှုဆိုတာ သင့်ခန္ဓါကိုယ်အတွက်အန္တရာယ်တွေနဲ့ လှုံ့ဆော်မှုတွေကိုကာကွယ်ပေးတာပါ။ ဒါပေမယ့် ထိုနာကျင်မှုဘယ်လိုဖြစ်လာတယ်ဆိုတာသိထားရင် သင်ခံစားရမယ့်နာကျင်မှုကိုထိန်းချုပ်နိုင်အောင် သင့်ဦးနှောက်ကိုလှည့်စားလို့ရပါတယ်။
Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။