backup og meta

နာတာရှည်နာကျင်မှုဝေနာ သောကကို ဘယ်လိုရင်ဆိုင်မလဲ

နာတာရှည်နာကျင်မှုဝေဒနာသည် လူနာကို ပုံမှန်လှုပ်ရှားမှုများ မလုပ်နိုင်အောင် အတားအဆီးဖြစ်စေသည်။ ထိုလူနာများသည် သူတို့၏ စွမ်းဆောင်ရည်ကျဆင်းမှုများကြောင့် စိတ်ဓါတ်ကျကာ ကူကယ်ရာမဲ့သကဲ့သို့ မကြာခဏ ခံစားရလေသည်။ ထိုသို့သောလူနာများသည် သူတို့၏နာကျင်မှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းအပြင် ထိုဝေဒနာနောက်ဆက်တွဲ စိတ်သောကတွေကိုပါ ရင်ဆိုင်နိုင်မဲ့ နည်းလမ်းကို သိရှိထားဖို့လိုအပ်ပါသည်။

နာတာရှည်နာကျင်မှုဝေနာ သောကကို ဘယ်လိုရင်ဆိုင်မလဲ

နာတာရှည်နာကျင်မှု နှင့် စိတ်ခံစားချက်အကြား ဆက်နွယ်မှု

နာကျင်မှုအကြောင်း စဉ်းစားလိုက်ရုံနှင့်တင် နာကျင်မှုကို ခံစားရစေပါသည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓါကိုယ်နာကျင်မှု မှထွက်လာသော အချက်ပြ လက္ခဏာသည် ဦးနှောက်သို့ရောက်ရှိလေသည်။ ဦးနှောက်ဆိုသည်မှာလည်း စိတ်ခံစားမှုကိုဖြစ်စေသော နေရာဖြစ်သည်။ ဤသည်ပင် နာကျင်မှုနှင့် စိတ်ခံစားမှု အကြား ဆက်နွယ်စေသော သီအိုရီဖြစ်သည်။ နာကျင်မှုသည် စိတ်ဖိစီးမှုနှင့် စိတ်ဓါတ်ကျခြင်းကို ဖြစ်ပေါ်စေပြီး ထိုစိတ်ခံစားချက်များက နာကျင်မှုကို ပိုမိုဆိုးရွားစေသည်။

စိတ်ဖိစီးမှု

နာကျင်မှုဝေဒနာကို ခံစားနေရသော အခြေအနေသည် စိတ်ဖိစီးမှုကို ဖြစ်စေသည်။ နာကျင်မှုသည် ခန္ဓါကိုယ်သာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေသည်။ ထိုမှတစ်ဆင့် စိတ်ဖိစီးမှုသည် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်သည်။ ဥပမာ-

  • သွေးတိုး
  • နှလုံးရောဂါ
  • နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းမြန်ခြင်း
  • အဝလွန်ခြင်း
  • ဆီးချိုသွေးချိုရောဂါ
  • ကြွက်သားတောင့်တင်းခြင်း

အထက်ပါ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုကနေတစ်ဆင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်စက်မှုဆိုင်ရာ ပြဿနာများပေါ်ပေါက်ခြင်း၊ အစားအသောက်အလွန်စားခြင်း (သို့) အစားနည်းခြင်း၊ နောက်ဆုံး စိုးရိမ်သောကလွန်ကဲကာ စိတ်ဓါတ်ကျသည် အထိတိုင် ဖြစ်စေနိုင်ပါသည်။

စိတ်ဖိစီးမှု၊ စိတ်သောကဆိုသည်မှာ ဘဝတွင် ရှောင်လွှဲ၍မရသော အရာတစ်ခုဖြစ်သည်။ သို့သော် ထိုစိတ်သောကကို ထိထိရောက်ရောက်ကိုင်တွယ်နိုင်ပါက ခံစားနေရသော နာကျင်မှုဝေဒနာကို သိသိသာသာ လျော့ပါးသွားစေနိုင်သည်။ စိတ်သောကကို ထိန်းချုပ်နိုင်ဖို့ ပထမဆုံးအဆင့်ကတော့ စိတ်ဖိစီးမှုကို သိနေဖို့၊သတိထားမိဖို့ပဲဖြစ်ပါတယ်။ သင်အလွန်ပင်ပန်းနေတာတောင် မအိပ်စက်နိုင်ဘူးဆိုလျှင် (သို့) ကောင်းကောင်းအိပ်မပျော်ဘူးဆိုလျှင် သင်စိတ်သောကရောက်နေတာ ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု၊သောကကို သတိပြုနိုင်ဖို့ လက္ခဏာအချို့ကိုအောက်တွင် ဖော်ပြလိုက်ပါတယ်။

  • မှတ်ဉာဏ်ပြဿနာ၊ အာရုံမစူးစိုက်နိုင်ခြင်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိခြင်း
  • အတွေးများယောက်ယက်ခတ်ခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်ခြင်း
  • တောက်လျှောက်စိတ်ပူနေခြင်း၊ ဂနာမငြိမ်ခြင်း (ဥပမာ-လက်သည်းကိုက်ခြင်း)
  • စိတ်ခံစားလွယ်ခြင်း၊ အထီးကျန်သလိုခံစားနေရခြင်း
  • အစားအသောက်အလွန်စားခြင်း (သို့) အစားနည်းခြင်း
  • အလွန်အိပ်ခြင်း (သို့) အိပ်ချိန်အလွန်နည်းခြင်း
  • အချိန်ဆွဲခြင်း (သို့) တာဝန်များကိုလျစ်လျူရှူထားခြင်း
  • ဆေးလိပ်၊အရက်၊ဆေး သုံးခြင်း

အကယ်၍ သင့်မှာ ဒီလက္ခဏာတွေရှိနေပြီဆိုလျှင် ဆရာဝန် (သို့) စိတ်အထူးကုဆရာဝန် နဲ့ ပြသတိုင်ပင်တာအကောင်းဆုံးပါပဲ။ စိတ်အထူးကုဆရာဝန်က သင့်နာကျင်မှုဝေဒနာကို ပိုမိုဆိုးရွားစေသော စိတ်သောကကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကောင်းတွေနဲ့သင့်ကို အကူအညီပေးပါလိမ့်မယ်။ သူတို့က သင့်ကို စိတ်သောကပြေလျော့ဖို့ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းကဲ့သို့သော နည်းလမ်းများကိုလမ်းညွှန်ပေးပါလိမ့်မယ်။

စိတ်ဓါတ်ကျခြင်း

စိတ်ဓါတ်ကျခြင်းဆိုသည်မှာ နာတာရှည်နာကျင်မှုဝေဒနာကို ခံစားနေရသော လူများမှာ အလွန်အဖြစ်များပါတယ်။ နာကျင်မှုသည် စိတ်ဓါတ်ကျခြင်းကို ဦးတည်စေသည် (သို့) စိတ်ဓါတ်ကျခြင်းကို ပိုမိုဆိုးရွားစေသည်။ စိတ်ဖိစီးမှုကဲ့သို့ပင် စိတ်ဓါတ်ကျခြင်းသည် ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုများရှိပါတယ်။

စိတ်ဓါတ်ကျသူ သုံးယောက်တွင်နှစ်ယောက်သည် ကိုက်ခဲ၊နာကျင်မှု ကို ပိုမို ခံစားရလေသည်။

  • နာတာရှည် ပင်ပန်းနွမ်းနုယ်မှု
  • လိင်စိတ်လျော့နည်းခြင်း
  • အစားအသောက်ပျက်ခြင်း
  • အိပ်မပျော်ခြင်း၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခြင်း (သို့) အလွန်အကျွံအိပ်ခြင်း

အောက်ဖော်ပြပါလက္ခဏာများခံစားနေရလျှင် သင်သည် စိတ်ဓါတ်ကျနေတယ်လို့ သတိပြုနိုင်ပါတယ်။

  • မကြာခဏ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ တန်ဖိုးမဲ့သလိုခံစားရခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း
  • အင်အားမရှိခြင်း
  • လှုပ်ရှားမှုများတွင် စိတ်ပါဝင်စားမှုနည်းခြင်း၊ စိတ်ပျော်ရွှင်မှု နည်းပါးခြင်း
  • အိပ်ပျော်ဖို့ခက်ခြင်း (သို့) တစ်ချိန်လုံး အိပ်ငိုက်ထိုင်းမှိုင်းနေခြင်း
  • အစားအသောက်ပျက်ခြင်း (သို့) အလွန်အကျွံစားခြင်း ။ ထိုပြဿနာသည် ကိုယ်အလေးချိန်ကျဆင်းခြင်း (သို့) ကိုယ်အလေးချိန်တက်ခြင်း ကဲ့သို့သော ဆိုးကျိုးများဖြစ်စေသည်။
  • အာရုံစူးစိုက်ရခက်ခဲခြင်း
  • သတ်သေလိုသောအတွေးများ၊ ကိုယ့်ကိုယ့်ကို နာကျင်အောင် ပြုလုပ်လိုသော စိတ်ရိုင်းများဖြစ်ပေါ်ခြင်း

စိတ်သောကဝေဒနာများကို ဘယ်လိုထိန်းချုပ်မလဲ။

နာတာရှည်နာကျင်မှု ဝေဒနာသည်များအတွက် အသုံးအများဆုံးကုထုံးကတော့ မှတ်ဉာဏ်နှင့် အပြုအမူဆိုင်ရာကုထုံး (cognitive behavioral therapy) ပဲဖြစ်ပါတယ်။ ကုထုံးပညာရှင်က သင့်တွေးခေါ်မှုပုံစံပြောင်းလဲနည်း၊ အဆိုးမြင်အတွေးများကို ဖယ်ရှားနည်း၊ အကောင်းမြင်အတွေးများဖန်တီးယူနည်းကို လမ်းညွှန်ကူညီပေးပါတယ်။ ကုထုံးက သင့်ကို နာကျင်မှုခံစားရမှာကို ကြောက်ရွံ့နေမှုကို လျော့နည်းအောင်၊ နာကျင်မှုက လွတ်မြောက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

သင့်စိတ်ကိုပြောင်းလဲပြီး နာကျင်မှုဝေဒနာကို သက်သာစေသော နည်းလမ်းအချို့ကို အောက်တွင်ဖော်ပြထားပါတယ်။

  • နာကျင်မှုက သင့်ကို အနိုင်မယူသွားပါစေနဲ့ ။ သင်နှစ်သက်သော အရာများကို ပုံမှန်အတိုင်းဆက်လုပ်ပြီး တက်တက်ကြွကြွနေပါ။
  • နာကျင်မှုကိုလက်ခံပါ။ သင်လုပ်နိုင်စွမ်းကို နားလည်ပါ။
  • အကြောဆန့်၊ လမ်းလျှောက်၊ရေကူးလေ့ကျင့်ခန်း ကဲ့သို့သော မပြင်းထန်သော လေ့ကျင့်ခန်းများကို လုပ်ပါ။ ကျန်းမာအောင်နေပါ။
  • သင့်လူမှုကွန်ရက်ကို ဆက်လက်ထိန်းသိမ်းထားပါ။ သူငယ်ချင်းများ၊မိတ်ဆွေ၊ဆွေမျိုးများနှင့် နေ့လည်စာအတူစား၊ကော်ဖီအတူသောက်ပါ။
  • နာကျင်မှုခံစားလာရလျှင် အာရုံလွှဲနိုင်သော နည်းလမ်းရှာပါ။ သင့်ကို စိတ်ကြည်နူးစေသော အလုပ်များကိုလုပ်ကိုင်ခြင်းဖြင့် အာရုံလွှဲထားသောနည်းက ခံစားနေရသော နာကျင်မှုကို သက်သာစေပါတယ်။
  • အတွေးအမြင်မှန်ပါစေ။ ဆေးကုမှုမှန်မှန်ခံယူကာ မျှော်လင့်ချက်ကို မစွန့်လွှတ်ပါနဲ့။ လူအများစုသည် သူတို့၏တွေးခေါ်ပုံကို ပြောင်းလဲခြင်းဖြင့် ရိုးရှင်းစွာနဲ့ပင် နာကျင်မှုကို သက်သာစေသည်။
  • ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာပါ။ သူတို့က သင်ခံစားနေရသော နာကျင်မှုဝေဒနာကို သက်သာအောင်ကူညီပေးနိုင်ပါတယ်။ စိတ်အထူးကုဆရာဝန်များက စိတ်ပိုင်းဆိုင်ရာသောကများကို ထိန်းချုပ်နိုင်ရန်နှင့် နေ့စဉ်လုပ်ငန်းများကို ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ရန် နည်းလမ်းကောင်းများကို ညွှန်ကြားပေးနိုင်ပါတယ်။

အကယ်၍ သင်စိတ်ဓါတ်ကျနေတယ်လို့ ခံစားရရင် (သို့) သင့်စိတ်ခံစားချက်များကို ထိန်းချုပ်ဖို့ ခက်ခဲနေရင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ စောစောစီးစီး ကုသမှုခံယူသင့်ပါတယ်။ သင့်စိတ်ပူပန်သောက၊ ဗျာပါဒတွေကို ထိန်းချုပ်နိုင်အောင် ဆရာဝန်က သင့်ကို ဆေးနည်း ညွှန်းပေးပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.webmd.com/pain-management/guide/understanding-pain-management-chronic-pain
http://www.everydayhealth.com/pain-management/living-with-pain.aspx
http://www.helpguide.org/articles/stress/stress-symptoms-causes-and-effects.htm
http://www.webmd.com/depression/how-depression-affects-your-body
https://www.nlm.nih.gov/medlineplus/ency/patientinstructions/000417.htm
http://www.apa.org/helpcenter/pain-management.aspx

ယခုပုံစံ

14/01/2022

Dr. K Zin Thwe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Johnson & Johnson မှ Talc ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်တန့်မည်

ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ