ကွန်ပျူတာဓါတ်မှန်လို့ သိကြတဲ့ CT ဟာ ကိုယ်ခန္ဓါရဲ့ အစိတ်အပိုင်းတစ်ခုစီကို ကန့်လန့်ဖြတ် အပိုင်းလိုက်ပုံရိပ် တွေ ထုတ်လုပ်ပေးနိုင်တဲ့ X-ray အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Lumbosacral spine CT ဟာ ကျောရိုးမအောက်ပိုင်းနဲ့ ပတ်ပတ်လည်က တစ်ရှူးတွေကို ရိုက်ပေးတဲ့ CT ပဲဖြစ်ပါတယ်။
CT ဟာ ကိုယ်ခန္ဓါရဲ့ အသေးစိတ် ပုံရိပ်တွေကို ဖန်တီးပေးပါတယ်။ Lumbosacral spine CT scan ဟာ အရိုးကျိုးခြင်းတွေ၊ ကျောရိုးမ ပြောင်းလဲမှုတွေနဲ့ အဆစ်ရောင်ခြင်းတွေကို သိရှိနိုင်ပါတယ်။
ဒီစစ်ဆေးမှုကို ကျောရိုးမနဲ့ အာရုံကြောအမြစ် တွေရဲ့ X-ray (myelography)၊ ကျောရိုးအဆစ်ကြားအချပ်ပြား ရဲ့ X-ray (discography) ပြုလုပ်နေစဉ်နဲ့ ပြုလုပ်အပြီးတွေမှာ အသုံးပြုနိုင်ပါတယ်။
တခါတရံမှာ CT အဖြေတွေဟာ အခြား X-rays အဖြေတွေ၊ သံလိုက်ဓါတ်မှန် (MRI) အဖြေတွေနဲ့ အာထရာဆောင်း အဖြေတွေနဲ့ ကွဲပြားခြားနားမှု ရှိတတ်ပါတယ်။ ဘာလို့လဲဆိုတော့ CT ဟာ မတူညီတဲ့ မြင်ကွင်းတွေကို ဖေါ်ပြလို့ပဲဖြစ်ပါတယ်။
CT လိုအပ်တဲ့ ကလေးတွေဟာ စစ်ဆေးမှုအတွက် အထူးညွှန်ကြားချက်တွေ လိုအပ်ပါတယ်။ တကယ်လို့ ကလေးဟာ ငြိမ်ငြိမ်နေဖို့ ငယ်လွန်းသေးရင် (သို့) ကြောက်နေရင် ကလေးငြိမ်သွားဖို့အတွက် ဆရာဝန်က စိတ်ငြိမ်ဆေးအနည်းငယ် ပေးနိုင်ပါတယ်။
တကယ်လို့ သင့်ကလေးကို CT အတွက် အစီအစဉ် ဆွဲထားတယ်ဆိုရင် သင့်ကလေးဆရာဝန်နဲ့ CT ရိုက်ဖို့ လိုအပ်ချက်တွေနဲ့ သင့်ကလေးကို ထိနိုင်တဲ့ ဓါတ်ရောင်ခြည်အကြောင်းတွေကို ဆွေးနွေးသင့်ပါတယ်။
MRI ဟာ CT ထက် ကျောရိုးဆစ်ကြားအချပ်ပြား တွေနဲ့ ကျောရိုးမအကြောင်း အချက်အလက်တွေကို ပိုမိုဖေါ်ပြနိုင်ပါတယ်။ တကယ်လို့ ကျောရိုးမ CT ကို myelogram နဲ့ တွဲလုပ်မယ်ဆိုရင် ဒါကို CT myelogram လို့ ခေါ်ပါတယ်။ ဒီနည်းက ပုံရိပ်ဖော်ဖို့ ဆိုးဆေးတစ်မျိုးထိုးထည့်ပြီး ပုံမှန် CT မှာတွေ့ရသော မြင်ကွင်းများသာမက အာရုံကြောအမြစ်များကု အထင်အရှားလေ့လာခွင့်ရစေသည်။ များသောအားဖြင့် CT myelogram အစား MRI ကို ပြုလုပ်လေ့ရှိပါတယ်။
Lumber spine CT scan ဟာ ထိခိုက်မှုနည်းသော စစ်ဆေးမှု ဖြစ်ပါတယ်။
တင်းကျပ်မှုမရှိပဲ သက်တောင့်သက်သာ ရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး စားပွဲပေါ်မှာ လှဲနေရမှာဖြစ်ပါတယ်။ လက်ဝတ်ရတနာတွေနဲ့ အခြားကိုယ်ခန္ဓါက သတ္တု ပစ္စည်းတွေကို ဖယ်ရှားစေပါလိမ့်မယ်။ တကယ်လို့ သင့်မှာ ကိုယ်ခန္ဓါ အတွင်း သတ္တု ထည့်ထားခြင်း ပြုလုပ်ဖူးရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
CT မပြုလုပ်ခင် သင့်ဆရာဝန်ကို သင့်မှာ အောက်ပါအချက်အလက်တွေထဲက တစ်ခုခု ရှိခဲ့ရင် ပြောပြသင့်ပါတယ်။
• ဘေရီယမ် (ပုံရိပ်ဖော်ဖို့ အသုံးပြုသော ဆိုးဆေးတစ်မျိုး) နဲ့ ဓါတ်မတည့်ရင်
• အစာမစားပဲနေခြင်းဟာ သွေးသကြားဓါတ်ကို နည်းစေမှာ ဖြစ်တာကြောင့် ဆီးချိုရှိခဲ့ရင်
• ကိုယ်ဝန်ရှိခဲ့ရင်
CT စက် ရဲ့အလယ်က စားပွဲ ကျဉ်းကျဉ်းလေးပေါ်ကို လဲလျောင်းနေစေမှာ ဖြစ်ပါတယ်။ စက်ထဲရောက်ပြီဆိုတာနဲ့ စက်ရဲ့ X-ray beams တွေဟာ သင့်ပတ်ပတ်လည်မှာ လည်နေမှာ ဖြစ်ပါတယ်။ ကွန်ပျူတာဟာ ကျောရိုးမရဲ့ မတူညီတဲ့နေရာတွေက ပုံရိပ်တွေကို ဖေါ်ပြပေးမှာဖြစ်ပြီး သူတို့ကို slices လို့ခေါ်ပါတယ်။ ဒီပုံရိပ်တွေကို ကွန်ပျူတာပေါ်မှာ ဖေါ်ပြမှာ ဖြစ်ပြီး ဖလင်ပေါ်မှာလည်း ပေါ်မှာ ဖြစ်ပါတယ်။ ကျောရိုးမရဲ့ 3D ပုံရိပ်တွေကိုတော့ slices တွေကို ထပ်ထည့်ခြင်းအားဖြင့် ဖန်တီးနိုင်ပါတယ်။
စစ်ဆေးမှု ပြုလုပ်စဉ်မှာ ငြိမ်နေရမှာ ဖြစ်ပါတယ်။ လှုပ်ရှားလိုက်ရင် ပုံရိပ်တွေ ဝါးနိုင်ပါတယ်။ ခဏတာ အသက်ရှူအောင့်ခိုင်းတာမျိုး စေခိုင်းနိုင်ပါတယ်။
အချို့အခြေအနေတွေမှာ contrast လို့ခေါ်တဲ့ အိုင်အိုဒင်းအခြေခံဆိုးဆေး တစ်မျိုးကို ပုံရိပ်တွေ မရိုက်ယူခင်မှာ သွေးပြန်ကြောအတွင်းကို ထိုးထားသင့်ပါတယ်။ Contrast ဟာ ကိုယ်ခန္ဓါ အတွင်းပိုင်းမှာ ရှိတဲ့ နေရာတွေကို သိသာထင်ရှားစေပြီး ပိုမို ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အခြား အခြေအနေတွေမှာတော့ lumbosacral spine CT scan ဟာ အာရုံကြောအတွင်း ဖိအားသက်ရောက်မှုကို စစ်ဆေးဖို့ ခါးရိုးဖောက်စဉ်မှာ ကျောရိုးမ အတွင်း contrast ထိုးအပြီးမှာလည်း ပြုလုပ်နိုင်ပါတယ်။ ဒီနည်းဟာ မိနစ်အနည်းငယ် ကြာမြင့်နိုင်ပါတယ်။
စစ်ဆေးမှုအပြီးမှာ သင်ဝတ်တဲ့ အဝတ်တွေကို ပြန်လည်ဝတ်ဆင်ကာ ပုံမှန်အတိုင်းနေနိုင်ပြီ ဖြစ်ပါတယ်။
CT အဖြေတွေဟာ တစ်ရက်ကြာတတ်တာမို့ သင့်ဆရာဝန်က အဖြေကို ဆွေးနွေးဖို့နဲ့ တွေ့ရှိချက်တွေပေါ်မူတည်ပြီး ဆက်လက်လုပ်ဆောင်ရမယ့် အခြေအနေကို ရှင်းပြမှာ ဖြစ်ပါတယ်။ အခြား ပုံရိပ်ဖော် စစ်ဆေးနည်များ၊ သွေးစစ်ဆေးခြင်း နဲ့ အခြား စစ်ဆေးမှုတွေကို ရောဂါသေချာစွာ သိရှိစေဖို့နဲ့ ကုသမှုစတင်နိုင်ဖို့ ပြုလုပ်မှာဖြစ်ပါတယ်။
ပုံမှန်
ပုံရိပ်တွေထဲမှာ ခါးနှင့် မြီးညောင့်ရိုးကျောရိုးမ မှာ ပြဿနာ မရှိရင် အဖြေကို ပုံမှန်လို့ ယူဆမှာဖြစ်ပါတယ်။
ပုံမှန်မဟုတ်တဲ့ အဖြေ
CT ဟာ အောက်ပါ အခြေအနေတွေ၊ ရောဂါတွေကို ဖေါ်ပြနိုင်ပါတယ်။
• အရည်အိတ်
• ကျောရိုးဆစ်ကျွံခြင်း
• ရောဂါပိုးဝင်ခြင်း
• ကျောရိုးမသို့ ပြန့်လာသော ကင်ဆာ
• အရိုးအဆစ်ရောင်ခြင်း
• အကျိတ်
• ကျောရိုးမ ကျိုးခြင်း
ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Lumbosacral spine CT scan ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Lumbosacral spine CT scan နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။