brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Chromosome Karyotype (ခရိုမုန်းဆုန်း ကာယိုတိုပ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chromosome karyotype ဆိုတာ ဘာလဲ

Chromosome karyotype ဆိုတာ လူတစ်ယောက်မှာ ရှိတဲ့ chromosome (မျိုးရိုး ဗီဇလက္ခဏာ တွေကို သယ်ဆောင်ထားတဲ့ အပ်ချည်မျှင်ပုံစံရှိ အစိတ်အပိုင်း) တည်ဆောက်ပုံကို လေ့လာပြီး chromosomes နဲ့ ဆက်နွှယ်နေတဲ့ မျိုးရိုးလိုက် ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးဖို့ အတွက် အသုံးပြုပါတယ်။

ပုံမှန် chromosome ပုံစံမှာ autosomes ၂၂ စုံနဲ့ sex chromosomes (အမျိုးသားတွေမှာ XY နဲ့ အမျိုးသမီးတွေမှာ XX ) ၁ စုံ ပါဝင်ပါတယ်။ chromosome တွေ ပြောင်းလဲနေတာက မွေးရာပါ ဖြစ်နိုင်သလို၊ အသက်ကြီးမှ ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ chromosomes အရေအတွက်၊ တည်ဆောက်ပုံ၊ စီစဉ်ပုံ၊ အရွယ်အစား စတာတွေ ပြောင်းလဲသွားခြင်းက ပုံမမှန်မှုတွေနဲ့ ရောဂါတွေ အများကြီးကို ဖြစ်စေနိုင်ပါတယ်။ chromosomes ပုံမမှန် ဖြစ်ခြင်းတွေကို chromosomes ပွားများခြင်း၊ ဖျက်ဆီးခြင်း၊ နေရာပြောင်းခြင်း၊ ပြောင်းပြန်ဖြစ်ခြင်း၊ သို့မဟုတ် မျိုးရိုးဗီဇ လက္ခဏာ အစီစဉ်မကျခြင်း စတဲ့ ပုံစံတွေနဲ့ တွေ့ရတတ်ပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Chromosome karyotype ကို ဘယ်လို စစ်ဆေးမလဲ

ဒီ စစ်ဆေးချက်ဟာ မွေးရာပါ ချို့ယွင်းနေမှုတွေ၊ ရောဂါတွေကို စစ်ဆေး၊ ရောဂါအမည်တပ်တဲ့ နေရာမှာ အသုံးဝင်ပါတယ်။ ဥပမာ –

  • ဉာဏ်ရည် မဖွံ့ဖြိုးခြင်း။
  • လိင်အင်္ဂါ မဖွံ့ဖြိုးခြင်း။
  • ရာသီမလာခြင်း။
  • လိင်အင်္ဂါမှာ မိန်းမ၊ ယောက်ျား မသဲကွဲခြင်း။
  • သွေးကင်ဆာ ။
  • ကိုယ်ဝန်ပျက်ကျခြင်း။ အထူးသဖြင့် အသက်ကြီးတဲ့ မိခင်တွေအတွက် ကလေး မမွေးခင်ကတည်းက ကလေးမှာ Turner (တားနား) syndrome, Klinefelter, Down (ဒေါင်း) syndrome ကဲ့သို့သော ပြင်းထန်တဲ့ မွေးရာပါရောဂါ ရှိနေကြောင်း သိရခြင်း။ ဆရာဝန် အနေနဲ့လည်း ကလေး ပျက်ကျရခြင်း၊ သို့မဟုတ် အသေမွေးခြင်းတွေ ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာဖွေဖို့ သင့်ကို စစ်ဆေးချက်တွေ လုပ်ဆောင်ပါလိမ့်မယ်။

Chromosome karyotype မစစ်ဆေးခင် ဘာတွေကို ကြိုတင် သိထားသင့်သလဲ?

ဆရာဝန် အနေနဲ့ ဒီစစ်ဆေးချက် လုပ်ဖို့ နမူနာအတွက် ခန္ဓါကိုယ် အစိတ်အပိုင်း တော်တော်များများက ယူပြီး သုံးနိုင်ပါတယ်။ အတိအကျ ပြောရရင်တော့ သွေးဖောက်ပြီး နမူနာ ယူတာက အောက်ပါ ရောဂါတွေကို ရောဂါ အမည် သတ်မှတ်ဖို့ အတွက် အသင့်လျော်ဆုံး ဖြစ်ပါတယ်။

  • ရုတ်တရက်ဖြစ်သော myeloid သွေးကင်ဆာ။
  • နာတာရှည်ဖြစ်သော myeloid သွေးကင်ဆာ။
  • ရိုးရိုး သွေးကင်ဆာ။
  • အကျိတ်ရောဂါ တစ်မျိုး။

ဒီစစ်ဆေးချက် မပြုလုပ်ခင်မှာ သတိထားရမယ့် အချက်တွေ၊ ရှောင်ကြဉ်ရမယ့် အချက်တွေကို သိထားဖို့က အရေးကြီးပါတယ်။ မေးစရာ အချက်အလက်တွေ ထပ်ပြီး ရှိနေပါက ပိုကောင်းတဲ့ အချက်အလက်၊ ညွှန်ကြားချက်တွေ ရဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

Chromosome karyotype စစ်ဆေးဖို့ ဘယ်လို ကြိုတင် ပြင်ဆင်ထားရမလဲ

ဒီစစ်ဆေးချက် မလုပ်ခင်မှာ ဘာမှ ထွေထွေထူးထူး ကြိုတင် ပြင်ဆင်ထားရမှာတွေ မရှိပါဘူး။ လိုအပ်တဲ့ စစ်ဆေးချက်တွေနဲ့ ဖြစ်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဆရာဝန်နဲ့ တွေ့ပြီး ဆွေးနွေးနိုင်ပါတယ်။

ဒီရလဒ်အဖြေဟာ နောက်ပိုင်း သင့်ဘဝအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီမျိုးရိုးဗီဇ လက္ခဏာတွေနဲ့ ပတ်သက်ပြီး ကင်ဆာရောဂါ အထူးကုတွေနဲ့ သေချာ တွေ့ဆုံ ဆွေးနွေးထားဖို့ လိုအပ်ပါတယ်။ သူတို့တွေဟာ chromosomes စစ်ဆေးထားတဲ့ ရလဒ်ကို သေချာသိအောင် လေ့ကျင့် သင်ကြားထားသူများဖြစ်ပြီး ဘယ်လို ရောဂါတွေဟာ သင့်အပေါ်နဲ့ သင့်မျိုးဆက်တွေ အပေါ် ဘယ်လို သက်ရောက် ဆက်ခံနိုင်တယ် ဆိုတာ အကြံပေး ရှင်းပြနိုင်တဲ့ သူတွေလည်း ဖြစ်ပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုရအောင်လည်း ဆရာဝန်တွေက ကူညီနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ စစ်ဆေးချက် မတိုင်မီ ဆက်သွယ်ထားဖို့ လိုအပ်ပါလိမ့်မယ်။

စမ်းသပ် စစ်ဆေးခြင်း

Chromosomes karyotype စစ်ဆေးချက် လုပ်ဆောင်နေစဉ် ဘာတွေ ဖြစ်နိုင်သလဲ

ဒီစစ်ဆေးချက် လုပ်ဆောင်ဖို့ နမူနာကို နေရာ တော်တော်များများကနေ ယူပြီး အသုံးပြုနိုင်ပါတယ်။ ဘေးဘက်သွေးကြောတွေမှာ ရှိနေတဲ့ သွေးဖြူဥတွေကို ယူပြီးစစ်ဆေးတာက အလွယ်ကူဆုံးနဲ့ အသုံးအများဆုံး နည်းလမ်း ဖြစ်ပါတယ်။

ရိုးတွင်းခြင်ဆီ နမူနာတွေနဲ့ ခွဲစိတ်ပြီးယူတဲ့ နမူနာတွေ ကိုလည်း တစ်ခါတလေ အသုံးပြုလေ့ ရှိပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေမှာဆိုရင်တော့ နမူနာကို ရေမွှာရည် ယူတဲ့နည်းလမ်းနဲ့ သွေးလှည့် အဖွဲ့အစည်းမှ ဆဲလ်နမူနာကို ယူနိုင်ပါတယ်။

ကလေးပျက်ကျရခြင်း အကြောင်းအရင်းကို စစ်ဆေးဖို့အတွက် ဆိုရင်တော့ ကိုယ်ဝန်ဆောင်စဉ် ကလေးရဲ့ အသွေးအသား တစ်သျှူးတွေနဲ့ ကလေးက ထွက်တဲ့ ပစ္စည်းတွေကို ယူပြီးစစ်ဆေးနိုင်ပါတယ်။

ပါးစပ် အတွင်းသား ဆဲလ်တွေကို စစ်ဆေးတာက အကုန်အကျ နည်းပေမယ့် တခြား ဆဲလ်တွေနဲ့ ပတ်သက်တဲ့ တိကျတဲ့ ရလဒ်အဖြေ မပေးနိုင်ပါဘူး။

Chromosome karyotype စစ်ဆေးပြီး ဘာတွေ ဖြစ်နိုင်သလဲ

စစ်ဆေးချက် လုပ်ပြီး ဘာတွေလုပ်ရမယ် ဆိုတာက စစ်ဆေးတဲ့ နည်းလမ်းနဲ့ ယူတဲ့ နမူနာ အမျိုးအစားအပေါ် မူတည်ပါတယ်။ သွေးနမူနာနဲ့ စစ်ဆေးထားတယ် ဆိုရင်တော့

  • ဆရာဝန် သို့မဟုတ် သူနာပြုက စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ သွေးဖောက်ပါလိမ့်မယ်။ သူနာပြုရဲ့ ကျွမ်းကျင်မှု၊ သင့် သွေးကြောရဲ့ အခြေအနေ၊ အနာခံနိုင်မှုပေါ် မူတည်ပြီး နာကျင်တဲ့ ပမာဏ ကွာနိုင်ပါတယ်။
  • သွေးယူပြီးတဲ့အခါ သွေးထွက်နေတာတွေ တိတ်သွားအောင် ခဏ ဖိထားပေးပြီး ကပ်ခွာ (ပလာစတာ) တစ်ခုခု ကပ်ထားဖို့ လိုပါတယ်။ စစ်ဆေးချက် လုပ်ပြီးနောက် ပုံမှန် လုပ်ငန်း ဆောင်တာတွေကို ပြန်လည် လုပ်ဆောင်နိုင်ပါတယ်။

တခြားနေရာက နမူနာ ယူပြီး စစ်ဆေးထားတယ် ဆိုရင်တော့ အသေးစိတ်အတွက် သီးသန့်ရှာဖွေသင့်ပါတယ်။

စစ်ဆေးချက် အဖြေရဖို့ လ အနည်းငယ်လောက် ကြာပါလိမ့်မယ်။

သင့် ရလဒ်အဖြေသာ ပုံမှန်မဟုတ်ခဲ့ရင် ဒီဟာတွေက မျိုးရိုးလိုက် ရောဂါတွေ ဖြစ်တဲ့အတွက် သင့် မိသားစုတွေ ကလည်း ဒီစစ်ဆေးချက်လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ကုသမှုခံယူဖို့ အတွက်ကိုတော့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

Chromosome karyotype နဲ့ ပတ်သက်ပြီး သိလိုတဲ့ အချက်တွေရှိပါ ဆရာဝန်နဲ့ တွေ့ပြီး ဆွေးနွေးနိုင်၊ အကြံတောင်းနိုင်ပါတယ်။

အဖြေကိုသိရှိခြင်း

ရလဒ်အဖြေက ဘာကို ဆိုလိုသလဲ

ပုံမှန်ရလဒ် အဖြေများ။

  • အမျိုးသမီးများ။ autosomes ၄၄ ခုနဲ့ X (အိတ်စ်) chromosomes ၂ ခု။ စုစုပေါင်း chromosome ၄၆ ခု – XX
  • အမျိုးသားများ။ autosomes ၄၄ ခုနဲ့ X chromosome ၁ ခု၊ Y chromosome ၁ ခု။ စုစုပေါင်း chromosomes ၄၆ခု – XY

ပုံမှန်မဟုတ်သော ရလဒ်အဖြေများ။

အပေါ်မှာ ဖော်ပြထားတဲ့ အဖြေနှစ်ခုနဲ့ မတူဘူးဆိုရင် ပုံမမှန်တဲ့ ရလဒ်အဖြေပဲ ဖြစ်ပါတယ်။

  • မွေးရာပါ ချို့ယွင်းချက်များ။
  • ကြီးထွားမှု နှေးခြင်း။
  • အရွယ်ရောက်ချိန် နောက်ကျခြင်း။
  • မျိုးမအောင်နိုင်ခြင်း။
  • လိင်အင်္ဂါဖွံ့ဖြိုးမှု မပြည့်စုံခြင်း။
  • ရာသီမလာခြင်း၊ သို့မဟုတ် သွေးမပေါ်ခြင်း။
  • ယောက်ျား အင်္ဂါ၊ မိန်းမ အင်္ဂါ မကွဲပြားခြင်း။
  • သွေးကင်ဆာ။
  • ကင်ဆာဖြစ်စေနိုင်သော အကျိတ်။
  • ကိုယ်ဝန်ပျက်ကျခြင်း။
  • Trisomy 21 ( down syndrome) Down ကလေးမွေးခြင်း။
  • Tay-Sachs ရောဂါ။ (အဆီတွေ ဦးနှောက်ထဲမှာ စုပြီး ကလေးဘဝမှာပင် သေနိုင်သော ရောဂါတစ်မျိုး။)
  • သွေးနီဥ တံစဉ်းကဲ့သို့ ဖြစ်နေသောရောဂါ။
  • တားနား (Turner syndrome) ရောဂါ။
  • Klinefelter (syndrome) ရောဂါ။

ဓါတု စစ်ဆေးခန်းတွေနဲ့ ဆေးရုံတွေအပေါ် မူတည်ပြီး Chromosomes karyotype စစ်ဆေးချက် ပုံမှန်ရလဒ် အဖြေက အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Khine Phoo Ngon · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။