အဓိပ္ပါယ်ဖွင့်ဆိုချက်
Rotator Cuff Tear (ပခုံးခွဲစိတ်ခြင်း) ကဘာလဲ။
သင့်လက်မောင်း(ပုခုံး)နဲ့ လက်ပြင်အရိုးပြားကြီးကို တွယ်ဆက်ထားတဲ့ ကြွက်သားလေးခုနဲ့ အရွတ်ကြောတွေ ပေါင်းစုပြီး ဖြစ်ပေါ်လာတဲ့ ကြွက်သားအုပ်စုကို rotator cuff လို့ခေါ်ပါတယ် (ပုခုံးကြွက်သားတွေလို့ပဲ အလွယ်ခေါ်ကြစို့ရဲ့)။ ကောင်းကောင်းမလှုပ်ရှားနိုင်တာ၊စုတ်ပြဲတာတွေဟာ ပုခုံးကြွက်သားတွေမှာ ဖြစ်ပေါ်တတ်တဲ့ အဓိကပြဿနာတွေပဲ ဖြစ်ပါတယ်။
ဘယ်လိုအခြေအနေတွေမှာ ပုခုံးကြွက်သားတွေ ခွဲစိတ်ဖို့ လိုအပ်သလဲ။
ခွဲစိတ်တာမဟုတ်တဲ့ အခြားသော နည်းလမ်းတွေနဲ့ ကုသလို့မရနိုင်လောက်အောင် ဆိုးရွားတဲ့ အခြေအနေမျိုး ဒါမှမဟုတ် အခြားနည်းလမ်းတွေနဲ့ ကုသနေရင်း ပိုဆိုးလာတဲ့ အခြေအနေမျိုးတွေမှာ ပုခုံးခွဲစိတ်မှုကို ခံယူရပါမယ်။
ဘေးထွက်ဆိုးကျိုးများ
Rotator Cuff Tear (ပခုံးခွဲစိတ်ခြင်း) ရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ
ပုံမှန်အတိုင်း လှုပ်ရှားလို့မရတာ ဒါမှမဟုတ် ကြွက်သားအနည်းငယ် ထိခိုက်စုတ်ပြဲတာမျိုးက ပြဿနာမရှိပါဘူး။ အနေအထိုင် လှုပ်ရှားမှုပုံစံလေးတွေ ပြောင်းလဲခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေရဲ့ အကူအညီနဲ့ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ပါရာစီတမောလို၊ibuprofen လို အကိုက်အခဲပျောက်ဆေး၊အရောင်ကျဆေးတွေလောက်နဲ့ အဆင်ပြေပါတယ်။ လိုအပ်ရင် စတီးရွိုက်ထိုးဆေး ဒါမှမဟုတ် ထုံဆေးတွေကိုလည်း သင့်လက်မောင်းထဲ ထိုးလို့ရပါသေးတယ်။ ဒါပေမယ့် ကြွက်သားထိခိုက်စုတ်ပြဲခြင်းက ကြီးကြီးမားမားဖြစ်နေတယ်ဆိုရင်တော့ နဂိုမူလအခြေအနေကို ပြန်လည်ရရှိဖို့အတွက် ခွဲစိတ်တာမှတပါး အခြားမရှိပါဘူး။ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Rotator Cuff Tear (ပခုံးခွဲစိတ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓါတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာကိုလည်း ဆွေးနွေးရပါမယ်။ ခွဲစိတ်မှုမခံယူခင် အချိန်ဘယ်လောက်အလိုမှာ အစားအသောက် လုံးဝမစားရတော့ဖူးဆိုတဲ့ ညွှန်ကြားချက်ကို အတိအကျ ဂရုတစိုက်လိုက်နာပါ။ ခွဲစိတ်မှုမခံယူခင် အစားအသောက်စားလို့ရမရ အပါအဝင် အရေးတကြီးလိုက်နာစရာအချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေကို သိထားသင့်ပါတယ်။ အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ခြောက်နာရီလောက်အလိုလောက်ကစပြီး ဘာမှမစားရတော့ပါဖူး။ ဒါပေမယ့် ကော်ဖီအစရှိတဲ့ သောက်စရာတွေကိုတော့ မခွဲခင် နာရီအနည်းငယ်အလိုအထိ သောက်နိုင်ပါတယ်။
Rotator Cuff Tear (ပခုံးခွဲစိတ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
မေ့ဆေးအသုံးပြုပြီး ခွဲစိတ်မှုကို ပြုလုပ်လေ့ရှိပေမယ့် အခြားသော မေ့ဆေး၊ထုံဆေး နည်းလမ်းပုံစံအမျိုးမျိုးကိုလည်း သင့်တော်သလို အသုံးပြုနိုင်ပါတယ်။ ခွဲစိတ်မှုဟာ ၄၅မိနစ်ကနေ တနာရီလောက်အထိ ကြာမြင့်လေ့ရှိပါတယ်။ ပုခုံးကြွက်သား၊အရွတ်ကြောညပ်ခြင်းကို arthroscopy လို့ခေါ်တဲ့ ခွဲစိတ်မှုနဲ့ ကုသပြုပြင်ပေးနိုင်ပါတယ် (ပုခုံးနေရာကို မှန်ပြောင်းနဲ့ တဆင့်ကြည့်ပြီး ခွဲစိတ်တာပါ)။ ဒီခွဲစိတ်မှုမှာ သင့်ဆရာဝန်အနေနဲ့ ထူပိန်းနေတဲ့ တစ်ရှုးတွေကို ဖယ်ထုတ်ပြီး ညပ်နေတဲ့ တစ်ရှုးတွေကို နေသားတကျ ပြန်လည်အဆင်ပြေသွားအောင် ပြုလုပ်ပေးမှာဖြစ်ကာ အချို့သော အရိုးတွေကိုလည်း ဖြတ်ထုတ်မှာ ဖြစ်ပါတယ်။ ကြွက်သားညပ်ခြင်းကိုသာမက rotator-cuff ပုခုံးကြွက်သားတွေ စုတ်ပြဲခြင်းကိုလည်း မှန်ပြောင်းမှတဆင့် ခွဲစိတ်ခြင်းနည်းလမ်းကို အသုံးပြုကာ ကုသပေးနိုင်ပါတယ်။ ဒါပေမယ့် တချို့လူနာတွေမှာတော့ မှန်ပြောင်းကြည့်ခွဲရုံနဲ့ အဆင်မပြေတာမို့ ပုခုံးနေရာကို ဖွင့်ပြီး ခွဲစိတ်ကုသရမှာပဲ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကြွက်သားနဲ့ အရိုးတွေကိုတွဲပြီး ပြန်ချုပ်ပေးခဲ့မှာဖြစ်ပါတယ်။
မှန်ပြောင်းကြည့်ပြီး ခွဲစိတ်တဲ့ ကုသမှုမျိုးမှာတောင် အန္တရာယ်ဆိုတာကတော့ အနည်းနဲ့ အများ ရှိတာချည်းဖြစ်ပါတယ်။ ကူးစက်ပိုးဝင်ခြင်း၊ဘေးတဝိုက်က အာရုံကြောနဲ့ သွေးကြောတွေကို ထိခိုက်မိခြင်း စတာတွေပေါ့။ ဒါပေမယ့် ခွဲစိတ်မှုနည်းပညာတွေ ခေတ်မီဆန်းသစ်လာခြင်း၊ဂရုတစိုက် အနီးကပ်ကြည့်ရှုကုသပေးခြင်းတွေကြောင့် အဆိုပါ ပြဿနာတွေက မရှိသလောက် နည်းသွားပါပြီ။ ခွဲစိတ်ပြီးတဲ့နောက်မှာ အနည်းငယ်နာကျင်ခြင်း၊တင်းနေခြင်း၊လှုပ်ရှားလို့မရခြင်း စတာတွေက ပုံမှန်ပဲ ဖြစ်ပါတယ်။ အခြားသော ဘေးထွက်ဆိုးကျိုးတွေက
ပုခုံးထဲမှာ သွေးယိုစီးခြင်း။
နဂိုမူလပုခုံးလှုပ်ရှားမှုအတိုင်း မလှုပ်ရှားနိုင်တော့ခြင်း။
ကူးစက်ပိုးဝင်ခြင်း။
သွေးခဲခြင်း။
ပြင်းထန်စွာ နာကျင်ခြင်း၊လက်တချောင်းလုံးတောင့်တင်းပြီး လုံးဝမလှုပ်ရှားနိုင်တော့ခြင်း။
အာရုံကြောများကို ထိခိုက်မိခြင်း။
ကြွက်သားများ ထပ်မံစုတ်ပြဲခြင်း သို့မဟုတ် အနာမကျက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုး၊နောက်ဆက်တွဲပြဿနာတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့အတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေ (ဥပမာ အစာမစားဖို့၊သုံးစွဲနေတဲ့ တချို့ဆေးတွေကို ရပ်ထားဖို့ စသည်)ကို ဂရုတစိုက်လေးစားစွာ လိုက်နာရပါမယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
[embed-health-tool-bmi]
















