brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အာရုံကြောချို့ယွင်းမှုကြောင့် ခြေမသန်တဲ့ကလေးတွေအတွက် လမ်းလျှောက်အကူကိရိယာ

မမွေးမီ ဦးနှောက်အာရုံကြောထိခိုက်မှုကြောင့်လှုပ်ရှားနိုင်စွမ်းပျက်ယွင်းရတဲ့ cerebral palsy ကလေးတွေကို လမ်းလျှောက်နိုင်စေဖို့ အကူအညီပေးမယ့် စက်ရုပ်ခြေထောက်အကူကိရိယာကို တီထွင်ခဲ့ကြပြီလို့ သိရပါတယ်။ exoskeleton ကို ခြေထောက်အောက်ပိုင်းမှာကပ်ပြီးတပ်ဆင်ရတာဖြစ်ပါတယ်။

အာရုံကြောချို့ယွင်းမှုကြောင့် ခြေမသန်တဲ့ကလေးတွေအတွက် လမ်းလျှောက်အကူကိရိယာ

Cerebral palsy ဆိုတာ လှုပ်ရှားမှုလုပ်ဆောင်ချက်နဲ့ ကြွက်သားထိန်းချုပ်နိုင်စွမ်း ပျက်ယွင်းမှုကြောင့်ဖြစ်လာတဲ့ တစ်သက်တာရောဂါတစ်ခုဖြစ်ပါတယ်။ အဲဒီကလေးတွေ ထက်ဝက်လောက်က အရွယ်ရောက်လာ တဲ့အခါ လမ်းလျှောက်ဖို့ မသန်တော့ဘဲဖြစ်လာကြပါတယ်။

စက်တပ်ထားတဲ့ exoskeleton ကိရိယာကတော့ လမ်းလျှောက်မှုပုံစံမှန်ကန်စေဖို့ အဓိကနေရာ အစိတ်အပိုင်းတွေမှာ ဒူးကို အကူထောက်ပေးထားမှာဖြစ်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ကူညီမှုနည်းလမ်းတွေမှာ အရိုးခွဲစိတ်ကုသမှု၊ ကြွက်သားဆေးထိုး တာတွေနဲ့ လေ့ကျင့်ခန်းကုထုံးတွေပါဝင်လေ့ရှိပေမယ့် ဒီနည်းတွေဟာ cerebral palsy ကလေးတွေ အတော်များများမှာ လမ်းမလျှောက်နိုင်ဖြစ်လာမှာကို မကာကွယ်ပေးနိုင်ဘူးလို့ Northern Arizona University မှ သုတေသီ Zachary Lerner ကပြောပါတယ်။

ကလေးအများစုက လမ်းလျှောက်လိုက်ရင် ဒူးကညွှတ်ခွေကျတတ်ကြပါတယ်။ “crouch gaiting” လို့ခေါ်တဲ့ ဒီအခြေအနေကြောင့် ကလေးတွေမှာ အကူအညီမပါရင် လမ်းမလျှောက်နိုင်ဖြစ်လာစေပါတယ်။

အသားနာစရာမလိုတဲ့ Exoskeleton ဟာ ခြေမသန်တဲ့ပြဿနာကို ဖြေရှင်းပေးဖို့ ပထမခြေလှမ်းဖြစ်တယ်လို့ Lerner ကဆိုပါတယ်။ ဒိကိရိယာက ဒူးရဲ့လှုပ်ရှားမှုကိုပိုကောင်းစေပြီး လမ်းလျှောက်တဲ့အခါ ပုံမှန်အတိုင်းလေး ခြေဆန့်ထုတ်လို့ ပိုရစေ မယ်လို့ဆိုပါတယ်။

ကိရိယာမှာ အရိုးအဆစ်တွေရဲ့ လိမ်အား၊ သန်မာမှုအားနဲ့ လှုပ်ရှားနိုင်စွမ်းကို စောင့်ကြည့်ထိန်းညှိနိုင်မယ့် အာရုံခံစနစ်တွေပါရှိပါတယ်။ အရေးကြီးဆုံးအချက်က ဒီကိရိယာနဲ့ဆိုရင် အကူအညီမလိုဘဲ လွတ်လပ်စွာ လမ်းလျှောက်နိုင်ဖွယ်ရှိပြီး ခွဲစိတ်ကုသမှုမှာ ထက် လှုပ်ရှားနိုင်စွမ်းတိုးတက်မှု ပိုကောင်းတယ်လို့ တွေ့ရပါတယ်။

ကုန်ကျစရိတ်ကမသေးလောက်ပေမယ့် ကလေးရဲ့အာရုံကြောကြွက်သားစနစ်နဲ့ လှုပ်ရှားမှုပုံစံတွေမှာ တိုးတက်မှုရှိလာစေပြီး ခွဲစိတ်ကုသမှုတွေရဲ့နောက်ဆက်တွဲပြဿနာတွေကို မခံစားရအောင်ကာကွယ်နိုင်မယ် ဆိုရင် ကုန်ရတာတန်မှာပါလို့ ကုသရေးပညာရှင် Valerie Pieraccini ကပြောပါတယ်။ ခွဲစိတ်ကုသမှုတွေဟာ နောက်ဆက်တွဲပြဿနာတွေကြောင့် စရိတ်ပိုကုန်တဲ့ နောက်တစ်ကြိမ်ခွဲစိတ်မှုအထိ ဖြစ်လာစေတတ်ပါတယ်။

” ခွဲစိတ်မှုနဲ့ နောက်ဆက်တွဲခွဲစိတ်မှုတွေက ကလေးတစ်ယောက်အတွက် စရိတ်လည်းများလွန်းပြီး နာကျင်မှုပိုများစေတယ်ဆိုတာတော့ သိထားဖို့လိုပါတယ်” လို့ Pieraccini ကပြောခဲ့ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။