brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သက်လတ်ပိုင်းကစလို့ ကွန်ပျူတာသုံးခြင်းက ဦးနှောက်စွမ်းရည်ကျဆင်းမှုလျော့နည်းစေနိုင်

ကွန်ပျူတာအသုံးပြုတာ၊ ဂိမ်းတွေကစားတာ၊ လူမှုရေးလှုပ်ရှားမှုတွေမှာ ပါဝင်တာတွေကြောင့် ဦးနှောက်စွမ်းရည်ကျဆင်းခြင်းဖြစ်နိုင်ခြေကိုလျော့နည်းစေတယ်လို့ သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။

သက်လတ်ပိုင်းကစလို့ ကွန်ပျူတာသုံးခြင်းက ဦးနှောက်စွမ်းရည်ကျဆင်းမှုလျော့နည်းစေနိုင်

လူကအသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ကလည်းပြောင်းလဲလာပါတယ်။ တချို့တွေမှာ မှတ်ဉာဏ်ပြဿနာ၊တွေးခေါ်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းတွေမှာ ပျက်ယွင်းလာနိုင်တယ်။

ဦးနှောက်စွမ်းရည်ကျဆင်းခြင်း(MCI) ဆိုတာ အသက်အရွယ်နဲ့ဆိုင်တဲ့ ဉာဏ်ရည်ကျဆင်းမှုနဲ့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ(dementia) ရဲ့ ကြားအဆင့်ဖြစ်ပါတယ်။ ဒါပေမယ့် MCI ကနေ့စဉ်ဘဝနဲ့ လှုပ်ရှားမှုတွေကို သိသိသာသာမထိခိုက်စေပါဘူး။

MCI ရှိတဲ့သူတွေကမေ့တတ်တယ်၊ အတွေးတွေနဲ့ပြောစကားတွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး၊ ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင် ဘာလုပ်ရမှန်းမသိတော့ဘူး။ဒီအဆင့်ကိုဖြစ်နေသူတွေကနောက်ပိုင်းမှာdementiaဖြစ်လာနိုင်တဲ့အန္တရာယ် ပိုများပေမယ့် လူတိုင်းတော့ မဖြစ်ပါဘူး။

ကိုယ်လက်လှုပ်ရှားမှုနဲ့ ဦးနှောက်ဉာဏ်ရည်နှိုးဆွမှု(ကစားနည်း)တွေလိုနေထိုင်မှုဘဝရွေးချယ်မှုတွေက ဦးနှောက်အတွက် အကျိုးသက်ရောက်မှုကောင်းစေနိုင်ပါတယ်။

ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေမယ့် နှိုးဆွလုပ်ဆောင်ချက်များ

ကွန်ပျူတာသုံးခြင်း၊ ဂိမ်းကစားခြင်း၊ လက်မှုပညာတွေလုပ်ဆောင်ခြင်း၊ လူမှုရေးလှုပ်ရှားမှုတွေမှာပါဝင်ခြင်းတို့ကMCI အန္တရာယ်ကိုလျှော့ချနိုင်တယ်လို့Neurologyဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနက ဆိုပါတယ်။

သုတေသီတွေက အသက် ၇၀ ဝန်းကျင် လူဦးရေ ၂၀၀၀ ကို စုစည်းခဲ့ပြီး သူတို့ရဲ့သက်လတ်ပိုင်းအရွယ်အတွင်း ဦးနှော်က်ကိုအလုပ်ပေးတဲ့ လှုပ်ရှားမှုအမျိုးမျိုးမှာ ဘယ်လောက်ပါဝင်ခဲ့ဖူးလဲ စစ်တမ်းကောက်ယူခဲ့ပါတယ်။

ပါဝင်သူတွေက တွေးခေါ်မှုနဲ့မှတ်ဉာဏ်စမ်းသပ်စစ်ဆေးမှုတွေကို ၁၅ လ တစ်ကြိမ် ခံယူခဲ့ကြပြီး သုတေသီတွေက သူတို့ကို ပျမ်းမျှ ငါးနှစ်တာကာလအတွင်းစောင့်ကြည့်ခဲ့ပါတယ်။ ဒီကာလအတွင်းမှာ သူတို့ထဲက ၅၃၂ ဦးကMCIဖြစ်လာခဲ့တာတွေ့ရပါတယ်။

ပါဝင်သူတွေထဲမှာ သက်လတ်ပိုင်းအတွင်း ကွန်ပျူတာအသုံးပြုခဲ့သူက ၁၅ ဦးသာရှိပါတယ်။MCI မရှိတဲ့ ပါဝင်သူ ၁၄၆၈ ဦးအနက် ၇၇ ဦးက အသက်အပိုင်းအခြားတူကာလအတွင်း ကွန်ပျူတာအသုံးပြုခဲ့ကြပါတယ်။

ခြုံပြောရရင်တော့ ဦးနှောက်ကိုအလုပ်ပေးတဲ့ နှိုးဆွလုပ်ဆောင်ချက်တစ်ခုချင်းစီက ဦးနှော်က်ကျန်းမာရေးအတွက် အကျိုးပြုသက်ရောက်မှုတွေရှိနေခဲ့တာပါ –

  • သက်လတ်ပိုင်းနဲ့နောက်ပိုင်းအရွယ် ကွန်ပျူတာအသုံးပြုခြင်းကMCIဖြစ်နိုင်ခြေကို ၃၇ ရာခိုင်နှုန်းအထိလျော့နည်းစေနိုင်တယ်။
  • သက်လတ်ပိုင်းနဲ့နောက်ပိုင်းအရွယ်မှာ လူမှုရေးလှုပ်ရှားမှုတွေမှာပါဝင်ခြင်း၊ စကားလုံးဆက်ပဟေဠိတွေနဲ့ ဖဲကစားခြင်းတို့ကြောင့်MCIဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်တယ်။
  • လက်မှုပစ္စည်းတွေလုပ်တာကMCIဖြစ်နိုင်ခြေကို ၄၂ ရာခိုင်နှုန်းအထိလျော့နည်းစေနိုင်တယ်။ ဒါပေမယ့် ဒါကတော့ သက်ကြီးပိုင်းမှပဲဖြစ်နိုင်ပါတယ်။

ဦးနှောက်သုံးလေ ပိုကောင်းလေ

ဦးနှောက်ကိုနှိုးဆွတဲ့လှုပ်ရှားမှုတွေများများလုပ်လေMCIဖြစ်နိုင်ခြေပိုနည်းလေပဲလို့ သုတေသီတွေကပြောပါတယ်။လေ့လာမှုမှာပါဝင်ခဲ့တဲ့သူတွေထဲ ဒီလိုလုပ်ဆောင်တာပိုများတဲ့သူတွေက အကျိုးကျေးဇူးပိုများတာကိုတွေ့ရပါတယ်။

ဒီလိုလှုပ်ရှားမှုတွေ နှစ်မျိုးကနေ သုံးမျိုး ပါဝင်ခဲ့သူတွေဟာ ၂၈ ရာခိုင်နှုန်းနဲ့ ၄၅ ရာခိုင်နှုန်းလောက်ထိMCIဖြစ်နိုင်ခြေပိုနည်းတယ်လို့ သုတေသနရလဒ်က ဖော်ပြခဲ့ပါတယ်။လေးမျိုးကနေ ငါးမျိုးဆိုရင်တော့MCIဖြစ်နိုင်ခြေ ၅၆ ရာခိုင်နှုန်းနဲ့ ၄၃ ရာခိုင်နှုန်းလောက်လျော့နည်းစေပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/05/2020 ဖြစ်ပါသည်။