brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လူမှုဆက်ဆံရေးမှာ အဆင်မပြေတဲ့ အမျိုးသမီးကြီးတွေ အရိုးကျန်းမာရေးယိုယွင်းလာနိုင်

လူကြီးတွေကို အထီးမကျန်အောင် ဂရုစိုက်ပေးပါ။ အထီးကျန်စိတ်နဲ့ အားငယ်စိတ်တို့ကြောင့် လူကြီးမိဘတွေမှာ ရုပ်ပိုင်းဆိုင်ရာပါထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ သက်တူရွယ်တူချင်းစကားစမြည်ပြောချင်တယ်၊ရှေးဟောင်းနှောင်းဖြစ်တွေပြောချင်တယ်၊ သားသမီးမြေးမြစ်တွေနဲ့နွေးနွေးထွေးထွေးနေချင်တယ်ဆိုတာ သူတို့ရဲ့ဆန္ဒပါပဲ။ အပြင်မသွားရတော့ ရွယ်တူချင်းလည်းမတွေ့ရ၊ အိမ်ကမိသားစုတွေနဲ့လည်း သီးခြားဖြစ်နေရတဲ့ လူကြီးတွေမှာ ကျန်းမာရေးယိုယွင်းလာမှာသေချာပါပဲ။

လူမှုဆက်ဆံရေးမှာ အဆင်မပြေတဲ့ အမျိုးသမီးကြီးတွေ အရိုးကျန်းမာရေးယိုယွင်းလာနိုင်

အခုနောက်ဆုံးတွေ့ရှိတဲ့ သုတေသနရလဒ်တစ်ခုမှာတော့ လူမှုဆက်ဆံရေးအဆင်မပြေတဲ့ သက်ကြီးပိုင်းအမျိုးသမီးတွေမှာ အရိုးအားနည်းစေနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံက သွေးဆုံးပြီးအမျိုးသမီး ၁၁၀၀၀ကျော်ကို နှစ်ရှည်လေ့လာခဲ့တဲ့သုတေသနအရ အရိုးထုထည်လျော့နည်းခြင်း(အရိုးပွအရိုးပါးခြင်း) နဲ့ လူမှုဆက်ဆံရေးအဆင်မပြေမှုကြား ဆက်နွှယ်မှုကြီးမားတယ်လို့ ဆိုပါတယ်။ လူမှုဆက်ဆံရေးနဲ့ မိသားစုချစ်ခင်မှုတို့မှာ အဆင်မပြေတဲ့၊ အထီးကျန်နေတတ်တဲ့၊ ဘယ်သူနဲ့မှ ဟက်ဟက်ပက်ပက်ပြောဆိုဆက်ဆံမှုသိပ်မရှိတဲ့ အမျိုးသမီးကြီးတွေဟာ အရိုးအားနည်းလာနိုင်ပါတယ်တဲ့။

လူမှုဆက်ဆံရေးမှာ အဆင်မပြေတဲ့ အမျိုးသမီးကြီးတွေဟာ တင်ပါးဆုံရိုးခွင်တစ်ခုလုံး၊ ခါးအောက်ပိုင်းကျောရိုးနဲ့ပေါင်ရိုးအရင်းနားကfemoral neck တို့မှာ အရိုးကျန်းမာရေးဆုတ်ယုတ်မှုဖြစ်နိုင်ခြေပိုများတယ်လို့ သိရပါတယ်။

လေ့လာမှုမှာပါဝင်ခဲ့တဲ့ အမျိုးသမီးကြီးတွေရဲ့လူမှုရေးပြဿနာကို ၄ ကနေ ၂၀ ထိ အဆင့်သတ်မှတ်ထားပြီး အဆင့်ပိုတိုးလေ အဆင်မပြေမှုပြင်းထန်လေဖြစ်ပါတယ်။ အဆင့်တစ်ခုစီကပေါင်ရင်းရိုးမှာ အရိုးထုထည် ဝ.၀၈ ရာခိုင်နှုန်း၊ တင်ပါးဆုံရိုးခွင်မှာ ဝ.၁၁ ရာခိုင်နှုန်း၊ ခါးအောက်ပိုင်းကျောရိုးအပိုင်းမှာ ဝ.၀၇ ရာခိုင်နှုန်း လျော့နည်းခြင်းနဲ့ဆက်နွှယ်နေပါတယ်။

ဒီသုတေသနကိုEpidemiology & Community Health ဂျာနယ်မှာ ဇူလိုင် ၉ ရက်ကဖော်ပြခဲ့တာဖြစ်ပါတယ်။ သုတေသီတွေက အသက်အရွယ်၊ ပညာရေး၊ရောဂါအခံ၊ ကိုယ်အလေးချိန်၊ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ဟော်မုန်းကုထုံး၊သွေးဆုံးခဲ့တဲ့အသက်အရွယ်၊ ကိုယ်လက်လှုပ်ရှားမှု၊အသက် ၅၅ နှစ်နောက်ပိုင်း အရိုးကျိုးအက်မှုရှိခဲ့သလား စတဲ့အချက်တွေကို ချိန်ညှိခဲ့ပြီးမှ ဒီဆက်နွှယ်မှုကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

လူမှုဆက်ဆံရေးမှာ အရေအတွက်အနည်းအများထက် ရှိတဲ့သူနဲ့အဆင်မပြေတဲ့အနေအထားကို ပိုပြီးရည်ညွှန်းလိုပါတယ်။ ဥပမာ သားသမီးနဲ့ဆက်ဆံရေးအဆင်မပြေတာ၊ သားသမီးတွေရဲ့ဂရုစိုက်မှုမရတာ၊ အထီးကျန်နေရတာ လိုမျိုးပါ။ ဒီလိုစိတ်ဖိစီးမှုအပေါ် ခန္ဓါကိုယ်ရဲ့တုံ့ပြန်မှုတွေထဲမှာ အရိုးပွ၊အရိုးပါးခြင်းပါဝင်နေပါတယ်လို့ အရီဇိုးနားတက္ကသိုလ်မှ သုတေသီShawna Follis နဲ့အဖွဲ့က ပြောပါတယ်။

အရင်သုတေသနတွေမှာလည်း စိတ်ဖိစီးစရာကောင်းတဲ့ဖြစ်ရပ်ကြီးကြီးမားမားတွေကြုံခဲ့တာ၊ အကောင်းမြင်စိတ်နည်းတာ၊ ဘဝကို စိတ်ပျက်နေတာတွေက အရိုးကျိုးအက်မှုနဲ့ဆက်နွှယ်နေတယ်လို့တွေ့ရှိထားဖူးတယ်လို့ သူတို့ကထောက်ပြခဲ့ပါတယ်။

ဒီတွေ့ရှိချက်ရလဒ်တွေအရဆို သက်ကြီးပိုင်းအမျိုးသမီးတွေကို ကျန်းမာ၊တက်ကြွတဲ့ လူမှုဆက်ဆံရေးဘဝကိုပိုင်ဆိုင်နိုင်အောင် လူ့အသိုင်းအဝိုင်းက အားပေးကူညီရင် အရိုးကျန်းမာရေးကိုလည်း ကူညီရာရောက်တယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။

ဒါ့ကြောင့် ကိုယ့်ရဲ့ မေမေတွေ၊ ဖွားဖွားတွေကို ပစ်မထားပါနဲ့နော်။ အစားပြန်မရနိုင်တဲ့ တန်ဖိုးကိုပိုင်ဆိုင်ထားတာက မိသားစုပါပဲ။ ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့မေမေ စိတ်အားမငယ်အောင် ချစ်ခင်ပေးပါ၊ ဂရုစိုက်ပေးပါ။ ဒါကပဲ အကောင်းဆုံးဆေးတစ်ခွက်ဖြစ်နေမှာပါလို့ သုတေသနက သက်သေပြခဲ့ပါပြီနော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/08/2022 ဖြစ်ပါသည်။