brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆပ်ပြာ၊သွားတိုက်ဆေးတွေထဲက ဘက်တီးရီးယားကာကွယ်တဲ့ ဓါတုပစ္စည်းကြောင့် အမျိုးသမီးတွေရဲ့ အရိုးကျန်းမာရေးထိခိုက်စေနိုင်

Triclosan ဆိုတာ ဘက်တီးရီးယားတွေနှိမ်နင်းနိုင်ဖို့ လူသုံးကုန်ပစ္စည်းတွေမှာ အသုံးများတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒီဓါတုပစ္စည်းက အမျိုးသမီးတွေရဲ့အရိုးကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်တယ်လို့ သုတေသနတွေ့ရှိချက်အသစ်ကဖော်ပြခဲ့ပါတယ်။

ဆပ်ပြာ၊သွားတိုက်ဆေးတွေထဲက ဘက်တီးရီးယားကာကွယ်တဲ့ ဓါတုပစ္စည်းကြောင့် အမျိုးသမီးတွေရဲ့ အရိုးကျန်းမာရေးထိခိုက်စေနိုင်

ဆီးထဲမှာTriclosan ပမာဏများနေတာကပေါင်နဲ့ ခါးအောက်ပိုင်းအရိုးတွေမှာ သိပ်သည်းဆလျော့နည်းမှုနဲ့ ဆက်နွှယ်နေပြီး အမျိုးသမီးတွေ(အထူးသဖြင့်သွေးဆုံးပြီးအရွယ်)မှာ အရိုးပွရောဂါဖြစ်နိုင်ခြေပိုများစေတယ်လို့ တရုတ်နိုင်ငံHangzhou Medical College School of Public Health မှ သုတေသီYingjun Li ကပြောပါတယ်။

Triclosan က ဆဲလ်တွေနဲ့ တိရစ္တာန်တွေမှာ အရိုးသိပ်သည်းဆအပေါ် သက်ရောက်မှုရှိတယ်လို့တွေ့ရှိထားပြီးဖြစ်ပေမယ့် လူမှာ ဒီလိုသက်ရောက်မှုရှိတဲ့အကြောင်းအထောက်အထားတွေ့တာ ပထမဆုံးဖြစ်တယ်လို့ Li ကပြောပါတယ်။

ဒီဓါတုပစ္စည်းကို ဆပ်ပြာ၊ သွားတိုက်ဆေး၊ ခံတွင်းသန့်ဆေးရည်တို့အပါအဝင် လူသုံးကုန်ပစ္စည်းအမျိုးအစားအတော်များများများမှာ အသုံးများပါတယ်။ သူ့ကို လက်သန့်ဆေးရည်တွေမှာ မထည့်ဖို့ အမေရိကန်မှာ တားမြစ်ထားပေမယ့် တခြားကုန်ပစ္စည်းတွေမှာ သုံးနေကြဆဲပါပဲ။

ဒီသုတေသနမှာtriclosan ထိတွေ့မှုရှိတဲ့ အမျိုးသမီးတွေကိုပဲလေ့လာခဲ့တာဖြစ်တဲ့အပြင် သူတို့ရဲ့ဘဝမှာ တခြားဓါတုပစ္စည်းတွေလည်းရှိနိုင်တာမို့triclosan တစ်မျိုးတည်းကြောင့် အရိုးပွရောဂါဖြစ်စေတယ်လို့ကောက်ချက်မဆွဲနိုင်သေးတာဖြစ်ပါတယ်။

အထောက်အထားအတိအကျမပြောနိုင်သေးပေမယ့် Triclosan ဟာ သိုင်းရွိုက်ဟော်မုန်းတချို့ကိုလျော့နည်းစေပြီး ဘက်တီးရီးယားတချို့ကိုဆေးယဉ်သွားစေနိုင်တယ်လို့လည်း တွေ့ရှိထားပြီးဖြစ်ပါတယ်။

ဘယ်ဓါတုပစ္စည်းကိုပဲဖြစ်ဖြစ်သုံးမယ်ဆိုဖြစ်လာနိုင်တဲ့အန္တရာယ်နဲ့ သူ့ဆီကရမယ့်အကျိုးကျေးဇူးကို ချင့်တွက်သင့်တယ်လို့University of California မှ ပါမောက္ခBruce Hammock ကပြောပါတယ်။Triclosan လိုမျိုး အကျိုးကျေးဇူးမပေးဘဲ ထိတွေ့လိုက်တိုင်း ဆိုးကျိုးပေးမယ်ဆိုရင်ရှောင်သင့်ပြီလို့Hammock ကဆိုပါတယ်။

၂၀၀၅ နဲ့ ၂၀၁၀ ခုနှစ်အတွင်း အမေရိကန်အမျိုးသားကျန်းမာရေးနဲ့အာဟာရစစ်တမ်းမှာပါဝင်ခဲ့တဲ့ အမျိုးသမီး ၁၉၀၀ နီးပါးရဲ့အချက်အလက်တွေအရ ဆီးအတွင်းtriclosan ပမာဏများနေတဲ့အမျိုးသမီးတွေဟာ အရိုးအားနည်းတာကိုတွေ့ရပါတယ်။

Triclosan နဲ့ပတ်သက်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို အတည်မပြုနိုင်သေးပေမယ့် သူ့ကိုတတ်နိုင်သလောက်ရှောင်သင့်တယ်လို့ ပညာရှင်တချို့က ယုံကြည်နေပါတယ်။

ဒီသုတေသနက အကြံပြုချင်တာက ဘက်တီးရီးယားကာကွယ်တဲ့Triclosan ကို အသုံးလွန်ကဲပြီး ကျန်းမာရေးဆိုးကျိုးတွေဖြစ်လာနိုင်တာကို သတိပေးဖို့ပါလို့Arizona State University မှRolf Halden ကပြောပါတယ်။

သုံးစွဲသူတွေအနေနဲ့triclosan ပါတဲ့ သွားတိုက်ဆေးတွေမသုံးတော့တာ၊triclosan ပါတဲ့ ဘက်တီးရီးယားကာကွယ်တဲ့လူသုံးကုန်တွေရှောင်တာ စတဲ့နည်းလမ်းတွေနဲ့triclosan အသုံးပြုမှုကို ကန့်သတ်နိုင်ပါတယ်လို့ သူကပြောပါတယ်။

ဒီသုတေသနရလဒ်ကိုClinical Endocrinology & Metabolismဆေးပညာဂျာနယ်မှာ အွန်လိုင်းကဖော်ပြခဲ့တာဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။