brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အစာအိမ်ထဲရောက်မှ ပြန့်ကားလာပြီး ဗိုက်မဆာအောင်လုပ်ပေးမယ့် အဆီချဆေးတောင့် တီထွင်

လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ စားချင်စိတ်ကို ချိုးနှိမ်ပြီးအောင့်အည်းရတဲ့ ဝက်ကလေးတို့ရဲ့ဒုက္ခကို ကြုံဖူးမှသိမှာပါ။ သူများလိုပဲ ဆာတတ်ပေမယ့် စားလိုက်ရင် ဝိတ်ပိုတက်မှာစိုးပြီး မစားရဲ၊ ကယ်လိုရီနဲ့အဆီလည်းမများ ဗိုက်လည်းပြည့်မယ့်စားစရာကိုရွေးရ၊ စားသင့်တဲ့အချိန်ကလည်းတွက်ရသေးတယ်။ အဆီချမဟာစီမံကိန်းကြီးမှာ တဖြုတ်ဖြုတ်နဲ့ ကျရှုံးနေကြတဲ့ သူတွေအတွက် စင်ကာပူသုတေသနပညာရှင်တွေက နည်းလမ်းတစ်ခု အသစ်တီထွင်ပေးလိုက်ပါပြီနော်။

အစာအိမ်ထဲရောက်မှ ပြန့်ကားလာပြီး ဗိုက်မဆာအောင်လုပ်ပေးမယ့် အဆီချဆေးတောင့် တီထွင်

Nanyang Technological University နဲ့ National University Health System (NUHS) တို့ရဲ့သုတေသီအဖွဲ့က အဝလွန်သူတွေအတွက်ဆေးတောင့်တစ်မျိုးကို ရှေ့ပြေးပုံစံ တီထွင်ဖန်တီးခဲ့ပါတယ်။

EndoPil လို့အမည်ပေးထားတဲ့ ဒီဆေးတောင့်မှာ အစာအိမ်ထဲရောက်သွားတာနဲ့ ပြင်ပကသံလိုက်နဲ့ချိတ်ဆက်ပြီး အလိုအလျောက်ပြန့်ကားလာမယ့် ပူဖောင်းတစ်ခုပါရှိပါတယ်။ ဒီလို အစာအိမ်ထဲမှာ သူကနေရာယူထားတဲ့အတွက် သိပ်မဆာတော့ဘဲ ဗိုက်ပြည့်တင်းတိမ်နေစေပါလိမ့်မယ်။ဆေးတောင့်ထဲမှာပါတဲ့ အန္တရာယ်မရှိတဲ့အက်စစ်တစ်မျိုးနဲ့ဆားကို သံလိုက်နဲ့နှိုးဆွဓါတ်ပြုစေပြီး ပူဖောင်းထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပြည့်စေတာပါ။

လက်ရှိမှာ အဝလွန်လူနာတွေနဲ့ ခွဲစိတ်မှုလုပ်ဆောင်လို့မဖြစ်တဲ့ နာမကျန်းသူတွေအတွက် အစာအိမ်အတွင်းပူဖောင်းထည့်သွင်းတဲ့ကုသနည်းက ရှိနေပြီးသားဖြစ်ပါတယ်။ အဲဒီနည်းမှာဆို လူနာကို စိတ်ငြိမ်ဆေးပေးပြီး မှန်ပြောင်းကတဆင့်အစာအိမ်ထဲကို ပူဖောင်းကိုထည့်သွင်းရတာဖြစ်ပါတယ်။ ပြီးရင်တော့ခြောက်လအကြာမှာ ဒီနည်းအတိုင်းပြန်ထုတ်ရပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်က လူနာတိုင်းအတွက် အဆင်မပြေနိုင်တာဖြစ်ပါတယ်။

ဒီနည်းနဲ့ကုသမှုခံယူသူတွေဟာ မအီမသာဖြစ်တာ၊ ပျို့အန်တာတွေခံစားရပြီး ၂၀ ရာခိုင်နှုန်းလောက်အထိက ပူဖောင်းထည့်ပြီးမကြာခင်ပြန်ထုတ်ရတာတွေရှိပါတယ်။

စင်ကာပူရဲ့ ဒီဆေးတောင့်အသစ်ကတော့ရေတစ်ခွက်နဲ့သောက်ချလိုက်ရုံသာ ဖန်တီးထားတာမို့ ဒီပြဿနာတွေ အဆင်ပြေနိုင်ပါလိမ့်မယ်။ ဝက်တွေမှာ ပြုလုပ်ခဲ့တဲ့ ကနဦးစမ်းသပ်မှုတွေအရ ဒီဆေးတောင့်ထည့်ထားတဲ့ဝက်ဟာ တစ်ပတ်အကြာမှာ ၁.၅ ကီလို အလေးချိန်ကျသွားတာတွေ့ရပါတယ်။

မနှစ်က စမ်းသပ်မှုမှာတော့ စင်ကာပူက ကျန်းမာသူvolunteer တစ်ဦးကို မှန်ပြောင်းနဲ့ထည့်သွင်းခဲ့ရာမှာ အစာအိမ်အတွင်းနေရာတကျ အဆင်ပြေခဲ့ပြီးနေရခက်တာ၊ ထိခိုက်တာမရှိခဲ့ပါဘူး။ ဒီနောက်ဆုံးရလဒ်တွေကို နောက်လ San Diego မှာကျင်းပမယ့် Digestive Disease Week 2019မှာ တင်ပြမှာဖြစ်ပါတယ်။ အခုတော့ သံလိုက်နဲ့လုပ်ဆောင်ရတာဖြစ်ပေမယ့်ဆေးတောင့်ကိုအလိုအလျောက်ပြန့်ကားလာစေမယ့်နည်းလမ်းနဲ့ အရွယ်အစားလျှော့ချဖို့နည်းလမ်းကို ရှာဖွေနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဆေးတောင့်ရှိနေတာကို အစာအိမ်က ကျင့်သားရမသွားအောင် ကာလတိုစေဖို့ Endopil ကို တစ်လအတွင်းဖယ်ထုတ်ရမှာဖြစ်ပါတယ်။ အခုချိန်မှာဆေးတောင့်ကို အစာခြေစနစ်ထဲကနေမထုတ်ခင် အချိန်တစ်ခုအတွင်း ပြန်ပိန်စေဖို့ ပရိုဂရမ်စီစဉ်နိုင်အောင်ကြိုးပမ်းနေကြပါတယ်။ဆေးတောင့်ထိပ်ပိုင်းကို အစာအိမ်အက်စစ်နဲ့ပျော်ဝင်စေပြီးပြန်ပိန်သွားအောင်လုပ်တာမျိုးလည်းပါဝင်ပြီး အရေးပေါ်လိုအပ်လာရင်ပြင်ပက သံလိုက်နဲ့ပဲပြန်ပိန်အောင်လုပ်နိုင်ပါတယ်။

ပူဖောင်းသုံးတဲ့ကုသမှုလုပ်ငန်းစဉ်ကို ၂၀၁၆ ခုနှစ်မှာ အမေရိကန်မူပိုင်ခွင့် ရခဲ့ပြီးPLOS ONEသိပ္ပံဂျာနယ်မှာဖော်ပြခဲ့ပါတယ်။နောက်ဆုံးတွေ့ရှိချက်အသစ်အတွက်တော့ မူပိုင်ခွင့်တင်ထားဆဲဖြစ်ပါတယ်။

ရှေ့ပြေးပုံစံတီထွင်ပြီးနောက်ပိုင်းမှာ တစ်နှ်စ်အတွင်း လူတွေနဲ့လက်တွေ့စမ်းသပ်မှုထပ်လုပ်နိုင်ဖို့နဲ့ ဆေးတောင့်ကို ခန္ဓါကိုယ်ထဲ အသွင်းအထုတ်ကို သဘာဝအတိုင်းလွယ်လွယ်လုပ်ဆောင်နိုင်အောင်မျှော်မှန်းထားပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Yun Sandi Nan Mon · 05/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။