brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရက်နာကျခြင်းနှင့်သက်ဆိုင်သော အယူအဆမှားများ

ညက အတော်များသွားပြီလို့ မနက်အိပ်ရာနိုးနိုးချင်းမှာ တွေးနေမိပြီဆိုရင် သေချာတယ် သင် အရက်နာကျနေပြီဆိုတာပါပဲ။

အရက်နာကျခြင်းနှင့်သက်ဆိုင်သော အယူအဆမှားများ

တကယ်လို့ အရက်နာကျနေမယ်ဆိုရင် ခေါင်းတွေကိုက်၊ မကြည်မလင်တွေဖြစ်ပြီး အာခံတွင်းကနေလည်း ဆိုးရွားတဲ့အနံ့တွေ ထွက်နေမှာဖြစ်ပါတယ်။ ဘာမှမလုပ်ချင်မကိုင်ချင်နဲ့ နေရတ မအီမသာကြီးဖြစ်နေမှာပါ။ ပြီးရင်တွေးပါလိမ့်မယ် “တော်ပြီ နောက်တစ်ခါ ငါမသောက်တော့ဘူးကွာ” ဆိုပြီးပေါ့။

ဒီလိုတွေ ကြုံဆုံရပေမယ့် ယမကာလုလင်တွေကတော့ အရက်ကို ဖြတ်တော်မမူပဲ ဆက်ပြီး စွဲစွဲမြဲမြဲ မှီဝဲကြပြန်ပါတယ်။ နောက်တစ်ခါ အရက်နာပြန်ကျရင် ထပ်တွေးမယ်၊ “ငါထပ်မသောက်တော့ဘူး” ဆိုပြီးပေါ့။ ဒီလိုပဲ သံသရာလည်နေတာမဟုတ်လား။

ခုလိုဖြစ်နေစေရတဲ့ အကြောင်းအရင်းတွေထဲမှာ အရက်နာကျတာက ဆိုးရွားတဲ့ ပြဿနာတစ်ခုမဟုတ်ဘူးလို့ အစဉ်အဆက် ယူဆထားကြတာကြောင့်ဖြစ်ပါတယ်။ ယုံတမ်းအမှားတွေကြောင့် အရက်နာကျတာနဲ့ ပတ်သက်ပြီး တလွဲတွေ ရှုမြင်လာမိကြတာပေါ့။

တကယ်တော့ အရက်နာကျတာဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ပြဿနာတစ်ရပ်ပါ။ ဒါကြောင့် အရက်နာကျခြင်းနဲ့ ပတ်သက်ပြီး လူအများစုယူဆနေကြတာတွေရဲ့ အမှန်အမှားတွေကို ရှင်းပြလိုပါတယ်။

MYTH: အရက်နာကျတာ ပြဿနာကြီးကြီးမားမား မဟုတ်ဘူး

အရက်နာကျတာ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ သင့်ရဲ့ ဗဟိုအာရုံကြောမကြီးကို ကြီးကြီးမားမား ထိခိုက်စေတယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ခေါင်းကိုက်တာ၊ ခေါင်းမူးတာနဲ့ အော့အန်တာတွေဖြစ်စေတာပါ။

MYTH: အရက်နာကျရင် မိန်းမတွေ ပိုခံရတယ်

ဒီအချက်က မှန်ပါတယ်။ ယောင်္ကျားနဲ့ မိန်းမ ခန္ဓာကိုယ်ဖွဲ့စည်းပုံ မတူညီသလို ရေဓာတ်ထိန်းသိမ်းနိုင်စွမ်းလည်း မတူညီတာကြောင့် ပမာဏတူ အယ်ကိုဟောကို ကျားနဲ့မ ပြိုင်သောက်ရင် မိန်းမတွေကို အရက်နာကျမှုကို ပိုပြင်းပြင်းထန်ထန် ခံစားရမှာဖြစ်ပါတယ်။

MYTH: မဟားဒယားတွေ သောက်မှ အရက်နာကျမှာ

လူတစ်ဦးချင်းစီရဲ့ အခြေအနေတွေအပေါ် အများကြီး မူတည်နေပါတယ်။ တချို့တွေအတွက်တော့ တစ်ခွက်နှစ်ခွက်သောက်လည်း အရက်နာကျနိုင်ပါတယ်။ နောက်ပြီး ရေဓာတ်ဆုံးရှုံးမှု အခြေအနေပေါ်လည်း မူတည်လေ့ရှိပါတယ်။

MYTH: ဝိုင်သောက်ရင် အထာကျတယ်၊ အရက်နာမကျဘူး

ဝိုင်အနီမှာ Tannins ပါဝင်ပါတယ်။ အရက်နာကျတာကို ဖြစ်စေတဲ့ အဓိကလက်သည်ပေါ့။ ဒါကြောင့် ဝီစကီသောက်သောက် ဝိုင်သောက်သောက် အရက်နာကျနိုင်ခြေက ရှိကိုရှိပါတယ်။

MYTH: Diet Cocktails ပဲ သောက်မယ်၊ အရက်နာမကျအောင်

Diet Cocktails ဆိုတာက ကယ်လိုရီနည်းအောင် ဖန်တီးထားတာသာရှိတာပါ။ အယ်လ်ကိုဟောပါဝင်နေတာမို့ သောက်တာများရင် အရက်နာကျနိုင်တာပါပဲ။ ဒါပေမယ့် အသီးအနှံတွေ ရောနှောပါဝင်နေတာမို့ အရက်ဒီအတိုင်းသောက်တာထက်တော့ ဖြစ်နိုင်ခြေပိုနည်းတာ အမှန်ပါ။

MYTH: အရက်မသောက်ဘူး ဘီယာပဲသောက်မယ်

အရက်မသောက်ပဲ ဘီယာပဲ သောက်ရင် အရက်နာမကျဘူးလို့ တစ်ချို့က ထင်တတ်ကြပါသေးတယ်။ ဘီယာ၊ အရက်၊ ဝိုင် အားလုံးက အယ်လ်ကိုဟော ပါဝင်နေတာချည်းပါ။ များရင် အရက်နာကျတာချင်း အတူတူပါပဲ။

MYTH: မအိပ်ခင် ပါစတာစားရင် မနက် အရက်နာမကျဘူး

နှစ်ခါပြန်မှားတဲ့ အချက်လို့သာ ဆိုရပါတော့မယ်။ အရက်အမူးလွန်နေတာမို့ မနက် အရက်နာကျဖို့ သေချာနေတဲ့အပြင် အိပ်ရာဝင်ခါနီးမှာ ကယ်လိုရီများတဲ့ အစားအစာကိုပါ ထပ်စားမိတာမို့ အဝလွန်ဖို့ပါ ပိုနီးစပ်သွားပါလိမ့်မယ်။ တကယ်တော့ အရက်နာကျတာကို ရှောင်ချင်ရင် မသောက်ခင် အစာအရင်စားတာမျိုး လုပ်ဖို့သင့်တာပါ။

MYTH: အရက်အသောက်များရင် အိပ်ရေးတောင်ဝသေးတယ်

ဆန့်ကျင်ဘက်ပါ။ အသိစိတ်လွတ်ပြီး အိပ်ပျော်နေတာမှန်ပေမယ့် နှစ်ခြိုက်စွာအိပ်မောကျနေတာမျိုးမဟုတ်ပါဘူး။ ပြည့်ပြည့်ဝဝအိပ်စက်နိုင်တာမျိုး မဟုတ်တာကြောင့် ကျန်းမာရေးကို ထိခိုက်မှာဖြစ်ပါတယ်။

MYTH: အရက်ကို အရက်နဲ့ ပြန်ဖြေမယ်

မနက်မိုးလင်းလို့ အရက်နာကျနေရင် အရက်လေး နည်းနည်းပြန်သောက်ပြီး ပြန်ဖြေမယ်ဆိုတဲ့ လူစားမျိုးတွေ ရှိပါတယ်။ သေချာတာကတော့ သူတို့ အရက်စွဲနေပြီမို့ ဆရာဝန်နဲ့ ပြသဖို့ သင့်နေပါပြီ။

MYTH: ကော်ဖီသောက်ရင် အရက်နာကျတာ သက်သာလိမ့်မယ်

ကဖိန်းဓာတ်က သွေးကြောတွေကို ကျဉ်းမြောင်းစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဆိုရရင် အရက်နာကျတာပိုဆိုးသွားစေနိုင်တယ်ဆိုတဲ့ သဘောပါ။ ရေများများသောက်ဖို့သာ အကြံပေးပါရစေ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Ye Zon Aung · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။