brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Goodpasture syndrome (GPS)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Goodpasture syndrome ဆိုတာဘာလဲ။

Goodpasture syndrome ဆိုတာက အသက်သေစေနိုင်တဲ့ ကိုယ်ခံအားကနေ ပြန်တိုက်တဲ့ ရှားပါးရောဂါဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်က အဆုတ်နံရံတွေနဲ့ ကျောက်ကပ်ကဆီးစစ်ထုတ်တဲ့ ယူနစ်လေးတွေကို မှားယွင်းစွာတိုက်ခိုက်တဲ့အခါ သည်ရောဂါဖြစ်လာပါတယ်။ ရောဂါအမည်ကို ၁၉၁၉ မှာ ရောဂါကိုစတွေ့ခဲ့တဲ့ ဒေါက်တာ အာနက် ဂွတ်ပက်ချာကို အစွဲပြုပေးထားတာပါ။

အရေးတကြီး အတည်ပြု ကုသမှုတွေမလုပ်ဘူးဆိုရင် အဆုတ်မှာသွေးယိုလာမယ်၊ ကျောက်ကပ်လုပ်ငန်းတွေ ပျက်လာမယ်။ နောက်ဆုံးမှာ သေသွားပါလိမ့်မယ်။

Goodpasture syndrome ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Goodpasture syndrome က ကိုယ်ခံအားကပြန်တိုက်တဲ့ ရှားပါးရောဂါဖြစ်ပြီး အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ စဖြစ်တဲ့အသက်အရွယ်က ၂၀ နဲ့ ၃၀ ကြားဖြစ်ပေမယ့် ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။

ရောဂါကို ၁၉၁၉ မှာ စတွေ့ခဲ့ပြီး ယခုထိ ဖြစ်ပွားသူ ၆၀၀ လောက်သာ ဆေးပညာမှာ မှတ်တမ်းရှိပါတယ်။

US မှာ Anti-GBM ရောဂါက ဖြစ်လေ့မရှိတဲ့ရောဂါဖြစ်ပြီး လျင်လျင်မြန်မြန်ဆိုးလာတဲ့ ဂလိုမာရူလာရောင်ရမ်းနာအားလုံးရဲ့ ၁-၂% ကသာ ဒီရောဂါကြောင့် ဖြစ်ရတယ်လို့ဆိုပါတယ်။

အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ရောဂါလက္ခဏာများ

Goodpasture syndrome ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ရောဂါလက္ခဏာတွေက ဖြည်းဖြည်းချင်းသာ ပေါ်လာပြီး အဆုတ်ကိုစထိကာ နောက်ပိုင်းမှာ ကျောက်ကပ်ကိုထိပါတယ်။ တခြားဖြစ်ရပ်တွေမှာကျ မြန်မြန်ကြီးရောဂါတိုးလာပြီး ရက်ပိုင်းအတွင်းမှာ ပြင်းထန်လာပါတယ်။ ကနဦးပေါ်တဲ့ လက္ခဏာတွေကတော့…

  • မောပန်းလွယ်ခြင်း၊ အားနည်းခြင်း၊ နှုံးခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • မကျန်းမာသလို ဖြူဖျော့နေခြင်း

ရောဂါက အဆုတ်ကိုရောက်လာတဲ့အခါ အောက်ပါလက္ခဏာတွေ ပြလာပါတယ်။

  • ချောင်းခြောက်ဆိုးခြင်း
  • ချောင်းဆိုးသွေးပါခြင်း
  • အသက်ရှူကြပ်ခြင်း၊ အသက်ရှူရခက်ခြင်း

တစ်ခါတစ်ရံမှာ အဆုတ်ကိုထိလို့ပေါ်လာတဲ့ လက္ခဏာတွေက အသက်အန္တရာယ်ဖြစ်စေပါတယ်။ အထူးသဖြင့် သွေးအများကြီးထွက်တဲ့အခါပေါ့။

ကျောက်ကပ်ကိုထိလာရင်တော့ အောက်ပါအတိုင်း ဖြစ်လာနိုင်ပါတယ်။

  • ဆီးသွားစဉ် ပူခြင်း
  • ဆီးတွင်သွေးပါခြင်း၊ ဆီးအမြှုပ်ထများခြင်း
  • လက်၊ ခြေတို့၌ ဖောရောင်ခြင်း
  • သွေးပေါင်မြင့်တက်လာခြင်း
  • နံရံအောက်ဖက်နောက်ကျောဖက်တွင် အောင့်ခြင်း

အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက Goodpasture syndrome ဖြစ်ပွားစေသလဲ။

Goodpasture syndrome ဖြစ်ရတဲ့ အကြောင်းအရင်းအတိအကျကို အခုထိမသိရသေးပါဘူး။

ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ

ဘယ်အရာတွေက Goodpasture syndrome ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

တစ်ချို့အပြုအမူတွေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေက အန္တရာယ်များစေတယ်လို့ ယုံကြည်ရပါတယ်။ တစ်ချို့သော အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းများက ရောဂါဖြစ်အောင် ခလုတ်ဖွင့်သလိုဖြစ်စေပါတယ်။ ဟိုက်ဒရိုကာဗွန်ဓါတ်ငွေ့၊ သတ္တုဖုန်မှုန့်၊ ဆေးရွက်ကြီး၊ တရားမဝင်ဆေးဝါး ဥပမာ ကိုကိန်းတို့ကို ရှူမိတာကလည်း အန္တရာယ်များစေပါတယ်။

ကိုယ်ခံအားစနစ်ကနေ အဆုတ်နဲ့ကျောက်ကပ်ကို တိုက်ရတာက ခန္ဓါကိုယ်ခုခံစနစ်အရူးလုပ်ခံရပြီး ကိုယ့်ပစ္စည်းကိုသူများပစ္စည်းအဖြစ် မြင်သွားတာကြောင့်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။

National Kidney Foundation (NKF) အရ Goodpasture syndrome မှာ အမျိုးသားတွေမှာ ပိုဖြစ်ပြီး အရွယ်ရောက်ပြီးစနဲ့ အသက် ၆၀ နောက်ပိုင်းမှာ အများဆုံးတွေ့ရပါတယ်။ NFK က သည်ရောဂါက တခြားလူမျိုးတွေထက် Caucasians တွေမှာပိုဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ အချက်အလက်တွေထပ်ပြီးသိချင်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။

ရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်း

ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။

Goodpasture syndrome ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

Goodpasture syndrome ကို အတည်ပြုဖို့အတွက် ဆရာဝန်က စစ်ဆေးမှုတွေအများကြီးကို သုံးနိုင်ပါတယ်။ လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ စမ်းသပ်တာ၊ သွေးပေါင်းတိုင်းတာ၊ သွေးထွက်နေတာရှိမရှိကြည့်တာ နဲ့ နှလုံးအဆုတ်အသံနားထောင်တာတွေ လုပ်ပါလိမ့်မယ်။ ရောဂါရာဇဝင်ကိုလည်း မေးပါလိမ့်မယ်။

တခြားစစ်ဆေးမှုတွေကတော့ သင့်မှာရောရှိမရှိ ဆုံးဖြတ်ရာမှာ ကူညီပေးပါလိမ့်မယ်။ သွေးစစ်ခြင်းကနေ ရောဂါဖြစ်နေကြောင်းညွှန်ပြနိုင်တဲ့ ပဋိပစ္စည်းတွေပါမပါသိနိုင်ပါတယ်။ ကျောက်ကပ်အခြေအနေကို ညွှန်ပြနိုင်တဲ့ အညစ်အကြေးပစ္စည်းလယ်ဗယ်မြင့်မမြင့်ကိုလည်း သိနိုင်ပါတယ်။

ဆီးထဲမှာ သွေးနဲ့ပရိုတင်းပါမပါသိရအောင် ဆီးစစ်ရပါမယ်။ ပါလာရင်တော့ ကျောက်ကပ်မှာ ပြဿနာရှိနေကြောင်း ပြနေတာပဲဖြစ်ပါတယ်။

ရင်ဘတ်ဓါတ်မှန်ကနေ အဆုတ်သွေးယိုတာကို ပြနိုင်မယ့် အဖြူကွက်တွေကို တွေ့နိုင်ပါတယ်။

ကျောက်ကပ်အသားစယူစစ်ခြင်းက Goodpasture syndrome ရှိမရှိသိနိုင်တဲ့ ပြောင်းလဲမှုတွေကို ဖော်ပြနိုင်ပါတယ်။ စစ်ဆေးမှုလုပ်နေစဉ်မှာ ကျောက်ကပ်ကနေ အသားစနမူနာယူပြီး ဓါတ်ခွဲခန်းကိုပို့ပါတယ်။ ဓါတ်ခွဲပညာရှင်က ပဋိပစ္စည်းပါမပါ ဒါမှမဟုတ် ဆရာဝန်ကို အကူအညီဖြစ်စေမယ့် မူမမှန်ဆဲလ်တွေပါမပါ ကြည့်ပေးပါလိမ့်မယ်။

Goodpasture syndrome ကို ဘယ်လိုကုသလဲ။

ကုသမှုမှာကိုယ်ခံအားစနစ်ကိုလျော့ကျစေတဲ့ဆေးတွေ ပါဝင်ပါတယ်။ အောက်ပါထဲကတစ်ခု သို့ တစ်ခုထက်ပိုပြီး ပေးရနိုင်ပါတယ်။

  • Immunosuppressive or cytoxic ဆေးတွေက ကိုယ်ခံအားစနစ်ကို အဆုတ်နဲ့ကျောက်ကပ်ကိုဖျက်စီးမယ့် ပဋိပစ္စည်းတွေမထုတ်ဖို့ တားပါလိမ့်မယ်။ (ဥပမာ cyclophosphamide)
  • ကော်တီးကိုစတီးရွိုက်တွေဖြစ်တဲ့ prednisone က အဆုတ်မှာသွေးယိုတာကို ထိန်းပေးနိုင်ပါတယ်။ သည်ဆေးတွေက သင့်ရဲကိုယ်ခံအားစနစ်ကိုလည်း ဖိနှိပ်ပေးနိုင်ပါတယ်။

Plasmapheresis လို့ခေါ်တဲ့ ကုသမှုတစ်ခုက သွေးထဲမှာရှိတဲ့ အန္တရာယ်ဖြစ်ဋိပစ္စည်းတွေကို စစ်ထုတ်တဲ့နေရာမှာ အကူအညီဖြစ်စေပါတယ်။ ဒီလုပ်ထုံးအတွက် သွေးကိုထုတ် အရည်အပိုင်း (plasma) ကိုဖယ်ပြီး အစားထိုးတာကို လုပ်ရပါတယ်။ သန့်သွားတဲ့သွေးတွေကို ခန္ဓါကိုယ်ထဲ ပြန်ထည့်ပေးရပါတယ်။

တခြားကုသမှုတွေကတော့ သင့်အသက်အရွယ်၊ တစ်ကိုယ်ရေကျန်းမာရေးနဲ့ ရောဂါပြင်းထန်နှုန်းပေါ် မူတည်ပါတယ်။ အရည်စုပုံလာခြင်းနဲ့ သွေးတိုးခြင်းကို ထိန်းနိုင်ဖို့ရာ ဆရာဝန်က ဆေးတွေပေးပါလိမ့်မယ်။ ဆေးတွေအပြင် ဆားလုံးဝမစားတာလို အစားအသောက်အကျင့်ပြောင်းတာက ဖောရောင်ခြင်းနဲ့ သွေးတိုးကိုထိန်းချုပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Goodpasture syndrome ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Hlaing Min Ko Ko · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။