သစ်သီးခွဲမယ်၊ပြင်ဆင်မယ်ဆို အခွံတွေအကုန်ခွာကြတာပဲ။ အခွံတွေဟာ အရသာလည်း သိပ်မရှိဘူး၊ အာဟာရလည်းမဖြစ်နိုင်ဘူး၊ အပိုသက်သက်ပဲလို့ လွှင့်ပစ်ကြတာများပါတယ်။ တကယ်တော့ တချို့အသီးတွေနဲ့ ဟင်းချက်သီးနှံတွေရဲ့အခွံတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း၊ အမျှင်ဓါတ်၊နဲ့ သတ္တုဓါတ်တွေက အတွင်းသားမှာထက် ပိုပါနေတတ်ပါတယ်။ အခွံမခွာထားတဲ့ အသီးတွေမှာ အမျှင်ဓါတ် ၃၃ ရာခိုင်နှုန်းအထိ ပိုများနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပမာဏဆိုရင် အသားမှာထက် ၃၂၈ ဆအထိ ပိုများနိုင်တယ်လို့တောင် သုတေသီတွေက ဆိုကြပါတယ်။
ဒီလိုအာဟာရတွေကို ရနိုင်ဖို့ အခွံပါစားသင့်တဲ့ အသီးတွေအကြောင်း ဆက်ပြောပြမယ်နော် –
(၁) ဘယ်ရီသီး၊ ချယ်ရီသီးနဲ့ စပျစ်သီး
ဘယ်ရီသီး၊ချယ်ရီသီးနဲ့ စပျစ်သီးတွေကို မခွာတာကောင်းပါတယ်။တော်တော်များများက ဒီတိုင်းစားပေမယ့် အခွံခွာစားတတ်သူတွေရှိပါသေးတယ်။ အလုံးသေးလေးတွေကို ခွာရတာလက်ဝင်လို့ဆိုတာထက် သူတို့ရဲ့အခွံမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အာဟာရဓါတ်တွေအများကြီးပါတာကြောင့်ပါ။ စပျစ်သီးအခွံမှာဆို တစ်လုံးစာအခွံဟာ အတွင်းသားထက် ဓါတ်တိုးဆန့်ကျင်ပစ္စည်းပမာဏအများဆုံးဖြစ်နေတာပါ။
(၂) ပန်းသစ်တော်သီး၊ မက်မွန်သီး
ပန်းသစ်တော်သီးနဲ့ မက်မွန်သီးတို့မှာ အမျှင်ဓါတ်၊အာဟာရဓါတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေအများကြီးပါတာဖြစ်ပါတယ်။ မက်မွန်သီးအခွံကို ခွာထုတ်လိုက်ရင် အသီးရဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ၁၃ ရာခိုင်နှုန်းကနေ ၄၈ ရာခိုင်နှုန်းလောက်အထိလျော့သွားစေနိုင်ပါတယ်။
(၃) ပန်းသီးနဲ့ တရုတ်ဆီးသီး
အထူးသဖြင့် ပန်းသီးကို အခွံမခွာဖို့ အကြံပေးကြတာပါ။ ပန်းသီးအခွံမှာ အမျှင်ဓါတ်၊ ဗီတာမင် စီ၊ ဗီတာမင်အေ နဲ့ ဖလေဗာနွိုက် တို့ပါဝင်ပါတယ်။ ဒါပေမယ့် ပန်းသီးဟာ စိုက်ခင်းမှာ ပိုးသတ်ဆေးပိုသုံးရတဲ့အသီးတစ်မျိုးဖြစ်တာကြောင့် ဝယ်လာပြီးရင်သေချာဆေးကြောဖို့လိုပါတယ်။
(၄) ကီဝီသီး
ကီဝီသီးအခွံကို စားလို့ရတယ်လို့ မထင်မိဘူးမလား။ ကီဝီသီးအခွံမှာ ဗီတာမင် စီကြွယ်ဝတဲ့အပြင် သူ့ကိုစားမယ်ဆို အမျှင်ဓါတ်ကိုသုံးဆပိုရနိုင်ပါတယ်လို့ သုတေသီတွေကပြောပါတယ်။ အကွင်းလေးတွေလှီးပြီးစားရင် အတော်ပဲပေါ့။
(၅) သခွားသီး
သခွားသီးကိုတော့ ခါးမှာစိုးလို့ အခွံခွာစားကြတာများပါတယ်။ ဒါပေမယ့် သခွားသီးခါးတာ အခွံနဲ့မဆိုင်ပါဘူ၊း၊ ခါးပြီဆို အသားပါခါးတတ်တာမို့ပါ။ သူ့မှာ ဗီတာမင်ကေ၊ အမျှင်ဓါတ်နဲ့ ပိုတက်စီယမ်တွေပါတယ်ဆိုတာလေး သတိရပါ။
(၆) ခရမ်းသီး
ခရမ်းသီးကိုလည်း အခွံမခွာသင့်ပါဘူးတဲ့။ ခရမ်းသီးအခွံမှာ အမျှင်ဓါတ်၊ ဖလေဗာနွိုက်တွေ၊ မဂ္ဂနီဆီယမ်တွေပါဝင်ပါတယ်။ ခရမ်းသီးက သခွားသီးလိုပဲရေဓါတ်ပါဝင်မှုလည်းများတယ်၊ ၉၂ ရာခိုင်နှုန်းလောက်ကရေဓါတ်ပါဝင်တာမို့ အခွံမှာ အာဟာရဓါတ်များနေတာဖြစ်ပါတယ်။
အခွံလေးခွာမှ သန့်တယ်၊ သစ်သီးပြင်ဆင်ရတာ လှတယ်၊ အရသာပိုရှိတယ်(အခွံပါစားမိရင် အရသာပျက်တယ်) လို့တွေးတာလည်းပါတာပေါ့လေ။ အခွံမှာဖယောင်းလွှာပါတယ်လို့ပြောကြတဲ့တချို့ပန်းသီးတွေကတော့ခြွင်းချက်ပေါ့နော်။နောက်တစ်ချက် ဓါတုပိုးသတ်ဆေးဘာညာကြောက်ရင်တော့ သေချာဆေးကြောပါ၊ရေထဲခဏလောက်စိမ်ရင်စိမ်ထားပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။