ခန္ဓာကိုယ်မှာ ထိခိုက်မိတဲ့ ဒဏ်တွေ၊ အားကစားလုပ်တာကြောင့် အဆစ်တွေ၊ ကြွက်သားတွေနာတဲ့အခါ နာကျင်မှုကို သက်သာစေဖို့ ရေနွေးအိတ် ကပ်ရမလား၊ ရေခဲဝတ်ပဲ ကပ်ရမလားဆိုပြီး ဇဝေဇဝါဖြစ်ဖူးကြလား။ ဒီတစ်ခါတော့ လုံးဝဇဝေဇဝါ မဖြစ်စေဖို့ Hello ဆရာဝန်ပရိသတ်ကြီးကို ရေခဲအိတ်ကပ်ရမယ့် အခြေအနေတွေနဲ့ ရေနွေးအိတ် ကပ်ရမယ့်အခြေအနေကို ပြောပြပေးချင်ပါတယ်နော်။
ရေခဲသုံးမလား၊ ရေနွေးအိတ် ကပ်မလား
အရှင်းဆုံးပြောပြရရင် နာကျင်မှုက ရောင်ရမ်းမှုနဲ့အတူ ဖြစ်မယ်ဆိုရင်ရေနွေးအိတ် မကပ်သင့်ပါဘူး။ ရေခဲဝတ်ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ရေခဲက အရောင်ကျစေနိုင်သလို အဆစ်တွေ နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။
ရေနွေးအိတ် ကပ်တာကတော့ တစ်ရှူးတွေကို ပြေလျော့သက်သာစေနိုင်ပြီး အဆစ်တွေ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ နာကျင်တဲ့နေရာကို လိုက်ပြီးတော့လည်း ရေခဲအိတ်ကပ်ရမလား၊ ရေနွေးအိတ်ကပ်ရမလားဆိုပြီး ကွာခြားနိုင်ပါတယ်နော်။
- အဆစ်တွေ ကြွက်သားတွေ နာကျင်မှုက ဒူးခေါင်း၊ ပခုံး၊ လက်မောင်း နဲ့ လက်ချောင်းလေးတွေမှာဖြစ်မယ်၊ အရိုးနုကို ထိခိုက်တာမျိုးဖြစ်မယ်၊ အဆစ်ရောင်နာကြောင့် နာကျင်ရောင်ရမ်းတာမျိုးဖြစ်မယ်ဆိုရင်တော့ ရေခဲအိတ် မကပ်သင့်ပါဘူး။ ရေနွေးအိတ် ကပ်ပေးတာက အဆင်ပြေမှာပါ။ တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး နာတာရှည်အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်တာကို သက်သာစေနိုင်ပါတယ်။
- ခြေမအဆစ်၊ ခြေခုံ၊ ခြေချင်းဝတ်၊ ခြေဖနောင့်၊ ဒူး၊ လက်ကောက်ဝတ်၊ လက်မောင်းနဲ့ လက်ချောင်းလေးတွေမှာ ထိခိုက်မယ်။ ဂေါက်ရောဂါကြောင့် နာကျင်ရောင်ရမ်းတာမျိုးဖြစ်မယ်ဆိုရင် ရေခဲအိတ်ကပ်ပေးပါ။ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေမှာပါ။
- ခေါင်းကိုက်တာကြောင့် ဦးခေါင်းနဲ့ ဇက်တဝိုက်က ကြွက်သားတွေ တင်းပြီး ခေါင်းကိုက်နေတာကို သက်သာစေဖို့ဆိုရင်တော့ အကောင်းဆုံးကတော့ ဦးခေါင်းက အကြောလေးတွေပြေလျော့စေဖို့ ရေခဲဝတ်ကပ်ပေးပါ။ ဇက်ကြောတွေ တင်းနေမယ်ဆိုရင်တော့ ရေနွေးဝတ်ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။
- ပေါင်၊ ခြေသလုံး နဲ့ ခါးက ကြွက်သားတွေ တောင့်တင်းနေမယ်။ အရွတ်တွေမှာ ထိခိုက်မိမယ်၊ လှုပ်ရှားမှုမရှိလို့ ညောင်းညာကိုက်ခဲတာမျိုးဖြစ်ဖြစ် လှုပ်ရှားမှုနည်းလို့ တောင့်တင်းနေရင်ဖြစ်ဖြစ် ရေနွေးအိတ် လေးကပ်ပေးတာက သက်သာစေမှာပါ။ နာကျင်မှုနဲ့အတူ တောင့်တင်းနေမယ်၊ ရောင်ရမ်းနီမြန်းနေမယ်ဆိုရင်တော့ အရောင်ကျစေဖို့ရော၊ နာကျင်မှုသက်သာစေဖို့အတွက် အကောင်းဆုံးက ရေခဲဝတ်ကပ်တာပါ။
- ဒူး၊ တံတောင်ဆစ်၊ ခြေချင်းဝတ်တို့မှာ ပြင်းထန်စွာ ထိခိုက်မိတာကြောင့် အရွတ်စုတ်တာမျိုးဖြစ်မယ်ဆိုရင်တော့ အရောင်မကျခင် အပိုင်းအခြားမှာ ရေခဲဝတ်ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ဒါပေမယ့် အရောင်ကျသွားပြီ၊ အနာကျက်ဖို့လိုမယ်ဆိုရင်တော့ ရေနွေးအိတ်လေးကပ်ပေးပါ။
- ပခုံး၊ တံတောင်ဆစ်၊ ဒူး၊ လက်ကောက်ဝတ်၊ခြေဖနောင့်က အရွတ်တွေထိခိုက်မိပြီး နာကျင်နေတာကို သက်သာစေဖို့ဆိုရင်တော့ ရေခဲဝတ်ကပ်ပေးတာက အသင့်တော်ဆုံးပါ။
- အဆစ်တွေကို တွယ်ဆက်ထားတဲ့ အရွတ်တွေမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ ရောင်ရမ်းမှုကို သက်သာစေဖို့ ရေနွေးအိတ်ကပ်ပေးလို့ရပါတယ်။
ရေခဲဝတ်နဲ့ ရေနွေးအိတ်တို့ရဲ့ အားသာချက်
ရေခဲဝတ်ကပ်တာက သွေးကြောတွေကို ကျုံ့သွားစေပြီး ရောင်ရမ်းမှုကို လျော့ပါးစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။
ရေနွေးအိတ် ကတော့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ကြွက်သားတွေကို ပြေလျော့စေတယ်။ အဆစ်တွေ နာကျင်မှုကို သက်သာစေနိုင်တယ်။
သတိထားရမယ့် အချက်လေးတွေက
ပူလွန်းရင်ပဲဖြစ်ဖြစ်၊အေးလွန်းရင်ပဲဖြစ်ဖြစ် အသားအရေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ရေနွေးအိတ်ကပ်ရင်ဖြစ်ဖြစ်၊ ရေခဲဝတ်ကပ်ရင်ဖြစ်ဖြစ် သတိထားဖို့ လိုမှာအသေအချာပါ။
ရေနွေးအိတ်ကပ်မယ်ဆိုရင်
- အပူချိန်အရမ်းပြင်းမနေစေဖို့ သတိထားပါ။ အသားအရေကို အပူလောင်တာမျိုးမဖြစ်စေဖို့ပါ။
- ရေနွေးအိတ်ကို တဘက်နဲ့ ထုပ်ပြီးမှာ အသားမှာကပ်ပေးပါ။
- ထိခိုက်ဒဏ်ရာ၊ ပြတ်ရှဒဏ်ရာတွေကို ရေနွေးအိတ်မကပ်ပါနဲ့။
- ရေနွေးအိတ်ကို တစ်ခါကပ်ရင် မိနစ် ၂၀ ပဲကပ်ပေးပါ။

ရေခဲဝတ်ကပ်မယ်ဆိုရင်
- ရေခဲက အေးလွန်းတာကြောင့် အသားအရေ ကျိန်းစပ်တာမျိုးမဖြစ်စေဖို့ ရေခဲတွေကို တဘက်နဲ့ သေချာထုတ်ပြီးမှ ကပ်ပေးပါ။
- သွေးစီးဆင်းမှုနည်းတဲ့သူတွေအနေနဲ့ ရေခဲဝတ်မကပ်သင့်ပါဘူး။
- အရေပြားကို အရမ်းအေးတဲ့အထိ မကပ်ပါနဲ့။
- ရေခဲဝတ်ကို တစ်ခါကပ်ရင် မိနစ် ၂၀ ပဲကပ်ပေးပါ။
- ရေခဲဝတ်ကပ်တဲ့အချိန်မှာ ထုံလာရင်၊ အရေပြားနီလာရင်၊ အရည်ကြည်ဖုလေးတွေဖြစ်လာမယ်ဆိုရင် ဆက်မကပ်ပါနဲ့။

ကိုယ်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုအလိုက် ရေနွေးအိတ်နဲ့ ရေခဲဝတ်ကို သင့်တော်သလို ကပ်ကြပါနော်။ နေ့ရက်တိုင်းမှာ နာကျင်ကိုက်ခဲမှုကင်းကြပါစေကြောင်း……………
[embed-health-tool-bmi]

















