ကိုယ်လက်ကျန်းမာစေဖို့အတွက် ကျန်းမာရေးလိုက်စားတာကို ယနေ့ခေတ်လူတွေတော်တော်လေးလုပ်လာကြပါတယ်။ အစားအသောက် ကစလို့နေ့စဉ်လှုပ်ရှားသွားလာနေထိုင်မှုအထိ အစစအရာရာကို ဂရုစိုက်လာကြပါတယ်။ ဒီလိုဂရုစိုက်တဲ့နေရာမှာလည်းကိုယ်က ကျန်းမာချင်လို့လုပ်ပေမယ့် ကျန်းမာရေးအတွက် အထောက်အကူမပြုဘဲ ခန္ဓါကိုယ်အတွက် ပိုဆိုးသွားနိုင်တဲ့အလေ့အထတွေရှိနေပါတယ်။ တန်ဆေးလွန်ဘေးဆိုသလိုပေါ့။ ဒါတွေကဘာတွေများဖြစ်မလဲ။
ကျန်းမာရေးနဲ့မညီညွတ်တဲ့ ကျန်းမာရေးအလေ့အထတွေဆိုတာ
ရေအများကြီးသောက်ရမယ်
လုံလောက်တဲ့ရေသောက်သုံးမှုကကျောက်ကပ်ရောဂါကို ကာကွယ်ပေးသလို အစာခြေစနစ်ကိုကျန်းမာစေနိုင်ပြီး အရေပြားကိုအစိုဓါတ်ထိန်းပေးတဲ့အပြင် စိတ်ခံစားမှုကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ရေကို တကယ်ဆာမှသောက်သင့်ပါတယ်။ရေကိုမဆာဘဲ ကျန်းမာချင်လို့ဆိုပြီး အလွန်အကျွံသောက်သုံးမယ်ဆိုရင်တော့ အစာခြေစနစ်ဆိုင်ရာပြဿနာတွေကိုဖြစ်စေနိုင်သလို အရေပြားပြဿနာတွေနဲ့ အဝလွန်တာကိုပါဖြစ်စေနိုင်ပါတယ်။
အဆီစားလို့မဖြစ်ဘူး
အဝလွန်တာ၊ ခန္ဓါကိုယ်မှာ အဆီကပ်တာတွေမဖြစ်ချင်လို့ဆိုပြီး အဆီလုံးဝမစားတာမျိုးမလုပ်သင့်ပါဘူး။ အဆီကခန္ဓါကိုယ်ကို အကျိုးမပြုနိုင်ဘူးဆိုတဲ့ ယူဆချက်က အပြည့်အဝတော့မမှန်ပါဘူး။ ခန္ဓါကိုယ်ကျန်းမာဖို့အတွက် အဆီဓါတ်ကိုလိုအပ်ပါတယ်။ ကျန်းမာတဲ့ အဆီမျိုးဖြစ်ဖို့တော့ လိုတာပေါ့။
ပိတ်ရက်မို့ပိုအိပ်လိုက်မယ်
အိပ်စက်ခြင်းက ခန္ဓါကိုယ်ကျန်းမာဖို့အတွက် အရေးကြီးတယ်ဆိုပေမယ့် အလွန်အကျွံအိပ်စက်တာကတော့ မကောင်းပါဘူး။ တစ်ပတ်လုံး အိမ်အလုပ်၊ရုံးအလုပ်တွေလုပ်ရင်း ကောင်းကောင်းမအိပ်ခဲ့ရလို့ဆိုပြီး ပိတ်ရက်မှ ပျက်ခဲ့သမျှ အိပ်ရေးအတိုးချအိပ်မယ်လို့ မလုပ်ပါနဲ့။ ဒါကကျန်းမာရေးကို ပိုကောင်းသွားစေဖို့အလားအလာမရှိပါဘူး။ ကျန်းမာချင်တယ်ဆိုရင်တော့ ဖွင့်ရက်ပဲဖြစ်ဖြစ်၊ ပိတ်ရက်ပဲဖြစ်ဖြစ် အိပ်ချိန်ကို တသမတ်တည်းထားပါ။ ညဘက်ညနက်မှာအိပ်တာမျိုးကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။
နေ့တိုင်း အားကစားလုပ်မှဖြစ်မယ်
ခန္ဓါကိုယ်ကျန်းမာသန်စွမ်းစေဖို့အတွက်နေ့တိုင်းမဖြစ်မနေအားကစားလုပ်ရမယ်လို့မတွေးပါနဲ့။ ဆီးချိုလိုမျိုး နာတာရှည်ဝေဒနာရှင်တွေအနေနဲ့ကတော့နေ့တိုင်း ကိုယ်လက်လှုပ်ရှားပေးတာကောင်းပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ကတော့ တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် မဖြစ်မနေလုပ်ချင်တယ်ဆိုရင် တစ်ရက်ခြား တစ်ကြိမ်လောက်ပဲလုပ်ပေးပါ။ အားကစားလုပ်ပြီးတိုင်း ခန္ဓါကိုယ်ကို အားပြန်ဖြည့်ဖို့ အချိန်နည်းနည်းပေးလိုက်ပါ။
တစ်ခါစားရင် နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားမယ်
အစားစားတဲ့အခါ တစ်ခါတည်းနဲ့ အများကြီးမစားဘဲ နည်းနည်းချင်းနဲ့အကြိမ်ရေများများစားတာက ခန္ဓါကိုယ်ဇီဝဖြစ်စဉ်အတွက်ကောင်းတယ်၊ ကျန်းမာရေးနဲ့ပိုညီညွတ်တယ်၊လို့ ကြားဖူးမယ်ထင်ပါတယ်။လေ့လာမှုအသစ်အရတော့ ဒီယူဆချက်က အပြည့်အဝမမှန်ဘူး လို့ထောက်ပြခဲ့ပါတယ်။ ဒီလိုမကြာခဏ စားတာက ကိုယ်အလေးချိန်ကျအောင်လည်း အထောက်အကူမပြုနိုင်ပါဘူး။
နေလောင်ကာခရင်မ်လိမ်းမှဖြစ်မယ်
နေရောင်ခြည်ကြောင့် အရေပြားဆိုင်ရာပြဿနာတွေမဖြစ်အောင် ကာကွယ်ဖို့လိုမယ်ဆိုပေမယ့်နေလောင်ကာခရင်မ် အမြဲလူးတာ၊ အလွန်အကျွံလူးတာမျိုး မလုပ်သင့်ပါဘူး။နေလောင်ကာခရင်မ်အချို့မှာပါတဲ့ ဓါတုပစ္စည်းတွေက ကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့်ပါ။
ပန်းသီးကို အခွံနွှာစားမယ်
တစ်နေ့တာ စားသုံးသမျှအစားအစာတိုင်းက ခန္ဓါကိုယ်အတွက် အကျိုးပြုမယ်လို့ တထစ်ချယုံကြည်ထားလို့မရပါဘူး။ တစ်ခါတလေ စားသုံးတဲ့အစားအသောက်တွေ သန့်စင်အောင်ဆိုပြီး အခွံနွှာတာမျိုးရှိကောင်းရှိနိုင်ပါတယ်။ အချို့ သစ်သီးတွေကအခွပမှာ အာဟာရဓါတ်တွေပါနေတာမျိုးရှိပါတယ်။ ပန်းသီးဆိုရင် နှလုံးကျန်းမာရေးအတွက်စားသုံးသင့်တဲ့ အစားအစာတစ်ခုပါ။ ဒါပေမယ့် ပန်းသီးမှာပါတဲ့ နှလုံးကျန်းမာစေတဲ့ ဓါတ်က အခွံမှာအများဆုံးရှိနေတာပါ။ ဒါကြောင့် ပန်းသီးစားရင်ရေစင်အောင်ဆေးကြာပြီး အခွံပါစားပေးပါ။ အခွံမှာ ဖယောင်းပါမှာစိုးရင်တော့ တဘက်စလေးကိုရေနွေးစိမ်ပြီး အခွံကို သုတ်ပေးလိုက်ပါ။
diet soda ပဲသောက်မယ်
ဝမှာ စိုးရိမ်ပြီး Diet Soda ပဲသောက်တော့မယ်လို့တွေးနေလား။ ဒါပေမယ့် Diet Soda ရဲ့အပေါ်မှာပါတဲ့ အညွှန်းမှာတော့ ကယ်လိုရီ၊ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့သကြားဓါတ်တွေမပါဘူးလို့ညွှန်းကောင်းညွှန်းထားနိုင်ပါတယ်။ ဒါပေမယ့် ဆိုဒါမှာမှာ အက်ဆစ်ဓါတ်ပါတာကြောင့် သွားတွေကိုထိခိုက်စေနိုင်ပါတယ်။ Diet Soda မှာ သကြားဓါတ်မပါဘူးဆိုရင်တောင်မှ သကြားအစားထိုး ထည့်သွင်းထားတဲ့ ပစ္စည်းက ကိုယ်အလေးချိန်ကိုတက်စေနိုင်ပါတယ်။
အခုလောက်ဆိုရင်တော့ အမှန်တကယ်ကျန်းမာမှုကို ပိုင်ဆိုင်ဖို့ ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို ဖန်တီးနိုင်ကြပါစေကြောင်း Hello ဆရာဝန်ပရိသတ်တွေကို ဆန္ဒပြုလိုက်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]

















