အခုခေတ်မှာတော့ ဘယ်နေရာသွားသွား လေအေးပေးစက် နဲ့ သိပ်မကင်းနိုင်ပါဘူး။ အိမ်မှာမတပ်ထားရင် တောင် ရုံးမှာ၊ ကားပေါ်မှာ၊ စျေးဝယ်စင်တာမှာ စသည်ဖြင့် တစ်နေရာရာမှာတော့ ကြုံရမှာပဲ။ လေအေးပေးစက်နဲ့ဆို နေမကောင်းဖြစ်လွယ်တယ်လို့ စိုးရိမ်တတ်ကြတော့ ဘေးအကင်းဆုံး ဖြစ်အောင် ဘယ်လိုသုံးရမလဲ၊ ဘယ်လိုအန္တရာယ်ကင်းအောင် နေရမလဲဆိုတာ သိထားဖို့သင့်ပါတယ်။
လေအေးပေးစက် သုံးမယ်ဆို ဘာတွေသတိထားသင့်သလဲ
- လေအေးပေးစနစ်ကြောင့် ဖျားနာမှုကင်းဝေးပြီး ကျန်းမာစေဖို့အတွက် လေအေးပေးစက်အပူချိန်ကို ၂၃ ဒီဂရီ စင်တီဂရိတ်နဲ့ ၂၅ ဒီဂရိစင်တီဂရိတ်အကြားမှာပဲထားပါ။
လေအေးပေးစက် ရဲ့ air filter တွေကို နှစ်စဉ် ဒါမှမဟုတ် ထုတ်လုပ်တဲ့ကုမ္ပဏီက အကြံပြုတဲ့အတိုင်းသန့်ရှင်းရေးလုပ်ပေးပါ။ အိမ်တွင်းမှာ သန့်စင်တဲ့လေ ရရှိနိုင်စေဖို့ လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ပေးပြီး အချိန်အတိုင်းအတာတစ်ခုကြာတဲ့အထိ လေအေးပေးစက်ကိုပိတ်ပြီး တံခါးတွေနဲ့ ပြတင်းပေါက်တွေကို ဖွင့်ထားပေးပါ။ အခန်းတွင်းမှာ အဆိပ်ရှိတဲ့အရာတွေ မပျံ့နှံ့စေဖို့ အခန်းထဲမှာ တစ်ယောက်မှမရှိတဲ့အချိန်တွေနဲ့ ညဘက်တွေမှာ လေအေးပေးစနစ်ကို ပိတ်ထားပေးပါ။ အခန်းတွင်းအပူချိန်နဲ့ ပြင်ပအပူချိန် တအားကွာဟအောင် မထားပါနဲ့။ မိမိသုံးတဲ့ လေအေးပေးစက်က ရေကိုအသုံးပြုရတဲ့ လေအေးပေးစက်ဖြစ်နေခဲ့ရင် ရေကို ပုံမှန်လဲလှယ်ပေးပါ။ ဖြစ်နိုင်ရင် လေသန့်စင်စနစ်ပါတဲ့ လေအေးပေးစက်ကို တပ်ဆင်ပါ။ လေအေးစနစ်တပ်ဆင်ထားတဲ့ အခန်းထဲမှာနေတဲ့အခါ ရေသိပ်ငတ်လေ့မရှိတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ် မခမ်းခြောက်စေဖို့ သတိထားပြီးရေသောက်ပေးပါ။ လေအေးပေးစနစ်တပ်ဆင်ထားတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုသွားလာမယ်ဆိုရင် ခန္ဓာကိုယ် အပူချိန်ပြောင်းလဲမှုကို ပြင်းပြင်းထန်ထန်မခံစားရစေဖို့အတွက် အနွေးထည်ခပ်ပါးပါးတစ်ထည် ဝတ်ဆင်ပေးပါ။ လေအေးပေးစက်ကို အန္တရာယ်ကင်းကင်း သုံးနိုင်ဖို့
လေအေးပေးစက် ကြောင့် အန္တရာယ်ရှိနိုင်တဲ့ အနေအထားကနေ ကာကွယ်နိုင်စေဖို့ အပြင်ကနေ ပြန်ပြန်လာချင်း လေအေးပေးစက်ကို ချက်ချင်းမဖွင့်ပါနဲ့။ ဖွင့်ခါစမှာ fan-only mode ကိုပဲ စဖွင့်ပြီး အခန်းတွင်းအပူချိန်နဲ့ ပြင်ပအပူချိန် သိပ်မကွာတဲ့ အနေအထားရောက်မှ အပူချိန်ကို ဖြည်းဖြည်းချင်းလျှော့ချပေးပါ။
လေထုညစ်ညမ်းတဲ့ အခန်းထဲမှာ လေအေးပေးစနစ်ကို အမြဲအသုံးပြုနေတဲ့ အနေအထားက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဓာတ်မတည့်မှုတွေကို ဖြစ်ပေါ်ခံစားရစေတဲ့ အရင်းခံအကြောင်းတရား ဖြစ်ပါတယ်။
ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ပတ်သက်တဲ့ သတိထားစရာလေးတွေကိုလည်း မမေ့သင့်ပါဘူး –
- အပူချိန်အပြောင်းအလဲကို သိပ်မမြန်ပါစေနဲ့။
ပြင်ပအပူချိန်နဲ့ အဝင်အထွက်မှာ ချက်ချင်းကြီး ပူလိုက်အေးလိုက် မဖြစ်စေဖို့ဂရုစိုက်ပါ။
မျက်စိကိုအသုံးပြုတာများလွန်းရင် မျက်လုံးခြောက်သွေ့ခြင်းဖြစ်လာနိုင်ပါတယ်။
- အဲယားကွန်းခန်းထဲမှာ တစ်ချိန်လုံး မနေပါနဲ့။
ပြင်ပလေထုနဲ့ အပူချိန်မှာလည်း အချိန်အတိုင်းအတာတစ်ခုလောက်နေပါ။ အိမ်မှာလည်း အဲယားကွန်းခန်းထဲကမထွက်၊ ကားပေါ်အဲယားကွန်း၊ တခြားနေရာသွားလည်း အဲယားကွန်း ဖြစ်နေသူတွေဟာ ပြင်ပအပူချိန်ကို မခံနိုင်ဘဲ ရုတ်တရက်အပြောင်းအလဲမှာ အန္တရာယ်ရှိတတ်ပါတယ်။
- ရေဓာတ်များတဲ့ အသီးအနှံများများစားပါ။
အသီးတွေထဲမှာ ပါဝင်တဲ့ ဗီတာမင်တွေနဲ့ ရေဓာတ်တွေက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးပြီး အသားခြောက်ခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။
- အစိုဓာတ်ထိန်းခရင် တစ်မျိုးမျိုးလိမ်းပါ။
ဒါမှ လေအေးပေးစက်ကြောင့် အသားအရေခြောက်သွေ့တာ၊ ပျက်စီးတာမျိုး မဖြစ်စေမှာပါ။
ခေတ်မီလူမှုဘဝမှာ သက်သောင့်သက်သာနေထိုင်ဖို့ အသုံးဝင်တဲ့ လေအေးပေးစက် ကို ဉာဏ်ရှိသလို အသုံးချနိုင်ရင် ဘေးလည်းကင်း၊ အဆင်လည်းပြေပါလိမ့်မယ်။ အပေါ်မှာအကြံပြုပေးခဲ့တဲ့ အချက်လေးတွေကို ဂရုစိုက်မယ်ဆိုရင် ရာသီဥတုအပူဒဏ်ကို ဘေးကင်းကင်းနဲ့ အံတုနိုင်မှာသေချာပါတယ်။