brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး မထိခိုက်စေဖို့

နွေရာသီမှာ အပူဒဏ်ကို သက်သာအောင်ဆိုပြီး ကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ ရေကစားဖို့ ဆန္ဒမရှိဘူး။ ကုသိုလ်ပဲယူတော့မယ် ဥပုသ် ပဲ စောင့်တော့မယ်ဆိုတဲ့ သူလေးတွေ ရှိလား ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကုသိုလ်ယူမယ့်သူလေးတွေကို ပြည့်ပြည့်ဝဝ ကုသိုလ်ယူနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး မထိခိုက်စေဖို့

ကဲ …… ကျန်းမာရေးကို ထိခိုက်စေမှု မရှိဘဲ နှစ်သစ်ကူးအခါသမယမှာ ကုသိုလ်ပြည့်ပြည့်ဝဝ ရရှိစေဖို့အတွက် ဥပုသ်စောင့်နိုင်စေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။

ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး ထိခိုက်စေနိုင်လား …..

ဥပုသ်စောင့်တာက ကုသိုလ်ရေးဆိုပေမယ့် စနစ်တကျ မလုပ်ဆောင်မိဘူးဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဥပုသ်စောင့်တာက ညနေစား မစားရတာကြောင့် မနက်ခင်းမှာ ပြည့်ပြည့်ဝဝ မစားမိတာမျိုး ဖြစ်မယ် နေ့စဉ်ရက်ဆက် အာဟာရ ပြည့်ပြည့်ဝဝ မစားဘဲ ဥပုသ်စောင့်မယ်ဆိုရင်

ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး မထိခိုက်စေဖို့

ဒီတော့ ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး မထိခိုက်စေဖို့ အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာစေချင်ပါတယ်။ ကုသိုလ်လည်းရ ကျန်းမာရေးလည်း မထိခိုက်စေဖို့ဆိုရင် ဥပုသ်စောင့်တဲ့အခါ

မနက်စာ စားဖြစ်အောင် စားပါ

ဆာလောင်မှုကို ထိန်းချုပ်ဖို့ နည်းလမ်းတွေအများကြီးရှိတယ်ဆိုပေမယ့် မနက်စာပုံမှန်စားတာက တစ်နေ့တာလုံးမှာ ဆာလောင်တဲ့စိတ်ကိုလျော့ပါးစေတယ်လို့လေ့လာမှုတွေက ဆိုကြပါတယ်။

မနက်စာမစားရင် ဒါမှမဟုတ် ဖြစ်သလိုစားရင် တစ်နေ့လုံး ဆာလောင်မှု ပိုခံစားရစေပါတယ်တဲ့။ ဆာလောင်မှုကိုလျော့ပါးစေနိုင်တဲ့ မနက်စာတွေထဲမှာ ကြက်ဥ၊ ဂျုံကြမ်းပေါင်မုန့်၊ကွေကာနဲ့ အသီးအနှံတွေပါဝင်ပါတယ်။

ပရိုတင်းဓာတ် လုံလောက်အောင် စားပါ

ပရိုတင်းဟာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့အပြင် သူ့ရဲ့ထူးခြားချက်တစ်ခုက ဗိုက်ပြည့်နေတဲ့ခံစားချက်ကို အချိန်ကြာကြာထိန်းပေးထားနိုင်တာ တခြားဓာတ်တွေထက်သာပါတယ်တဲ့။ ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေကိုစားခြင်းက အချိုများတဲ့၊အဆီများတဲ့အစားအစာတွေကို စားချင်စိတ်လျော့နည်းစေနိုင်ပါတယ်။

ပရိုတင်း ပြည့်ဝတဲ့ အစားအစာတွေထဲမှာ ပင်လယ်စာ၊ အဆီမပါတဲ့အသားတွေ၊ကြက်ဥ၊နို့ထွက်ပစ္စည်း၊ ပဲနဲ့တို့ဟူး တို့ပါဝင်ပါတယ်။

အမျှင်ဓာတ်များတဲ့ အစားအစာတွေကို ရွေးချယ်ပါ

အမျှင်ဓာတ်က အဆာခံနိုင်စေပြီး ခဏခဏ ဗိုက်ဆာတာမျိုး မဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ဟင်းနုနယ်၊ဘယ်ရီသီး၊ထောပတ်သီး၊ အုတ်ဂျုံ၊ကွေကာ စတာတွေက အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်ပါတယ်။ အမျှင်ဓါတ်များတဲ့အစာတွေက ဥပုသ်စောင့်နေချိန်မှာ အဆာပိုခံနိုင်စေမှာပါ။

ကာဗိုဟိုက်ဒရိတ် ပါတဲ့ အစားအစာတွေ စားပါ

ပရိုတင်းဓာတ်၊အဆီဓာတ်တွေနဲ့မတူဘဲ ကာဗိုဟိုက်ဒရိတ်တွေက ခန္ဓာကိုယ်ကို အချိန်အတော်ကြာ ရေဓာတ် ထိန်းထားနိုင်စေပါလိမ့်မယ်။ ဒီအချက်က ဥပုသ်ချိန်အတွက်ပြင်ဆင်ချိန်မှာ အရေးကြီးပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ဖို့ ဥပုသ်တွင်း မနက်ပိုင်းမှာ ဒီလိုမျိုး ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကို စားပေးနိုင်ပါတယ် –

  • ပေါင်မုန့်၊ ပါစတာ၊ ကွေကာ
  • ကစီဓာတ်များတဲ့ အာလူး၊ ကန်စွန်းဥ စသည်
  • ပန်းဂေါ်ဖီစိမ်း၊ ကညွှတ်၊ မုန်လာဥနီလို ဟင်းသီးဟင်းရွက်တွေ
  • ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ ဘယ်ရီသီး၊ လိမ္မော်သီး၊ စပျစ်နဲ့ ငှက်ပျောသီး စတာတွေကို စားပေးပါ။

ပြည့်ပြည့်ဝဝစားပါ ဒါပေမယ့် အလွန်အကျွံမစားပါနဲ့

မွန်းတည့်ချိန်မတိုင်မီ ပရိုတင်းများတဲ့အစာတွေကို ဗိုက်ပြည့်အောင် ပြည့်ပြည့်ဝဝစားထားဖို့ လိုပါမယ်။ ပမာဏများများနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေစားထားရင် ဥပုသ်ချိန်အတွင်း ဆာလောင်မှုမရှိဘဲ တင်းတိမ်နေနိုင်ပါလိမ့်မယ်။ ညနေကျ မဆာအောင်လို့ မနက်မှာ အများကြီးစားထားမှဖြစ်မယ်ဆိုပြီး အလွန်အကျွံစားရင် တကယ်ဆာလာတဲ့အချိန် များများစားမှဖြစ်မယ့်အနေအထားကိုရောက်သွားနိုင်ပါတယ်။

အစားအသောက်အကြောင်း မတွေး ၊မပြောပါနဲ့

ဒီအချိန် ဒါလေးစားလိုက်ရရင်ကောင်းမှာပဲတို့၊ ငါတော့မစားရတော့ပါဘူး၊ ဥပုသ်ပြီးမှ စားဦးမယ် ဘာညာတွေးနေတာ၊ပြောနေတာမျိုး မလုပ်ပါနဲ့။ ညနေစာ မစားဘဲနေရမယ့် အကြောင်းကို တတ်နိုင်သလောက်မေ့ထားပေးပါ။ စားစရာတွေကိုတွေးနေ၊ ပြောနေရင် တကယ်မဆာတဲ့ဗိုက်က ဆာသလိုလိုဖြစ်လာတတ်တာမို့ အစားအသောက်ဓာတ်ပုံဆိုရင်တောင် ကြည့်ဖို့ရှောင်လိုက်ပါတော့။

ရေသောက်ပါ

တစ်ခါတလေရေဆာတာကို ဗိုက်ဆာသလိုထင်မိတတ်ပါတယ်။ ဗိုက်ဆာနေရင်လည်းရေသောက်လိုက်ရင် ဗိုက်ဆာတာသက်သာသွားတာမျိုး။ ရေသောက်ပေးတာက အစာမရှိတဲ့ အစာအိမ်ကို နှစ်သိမ့်ပေးရာရောက်သလို ဆာလောင်မှုကို သက်သာစေပါတယ်။ အချိုရည်သောက်တာလည်း ဆာလောင်မှုကို သက်သာစေတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်များနေသူတွေအတွက် အဆင်မပြေနိုင်တဲ့အတွက် ရေကိုသာသောက်တာ အန္တရာယ်ကင်းပါတယ်။

သကြားလုံး သို့မဟုတ် ထန်းလျက်စားပါ

အချိုလေးစားပေးတာက ဗိုက်ပြည့်တင်းတိမ်ကြောင်း ဦးနှောက်ကိုသတင်းပို့ပြီး လှည့်စားလို့ရနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ မြန်မာ့ရိုးရာထန်းလျက်ကို သံဃာတော်တွေ ဘုဉ်းပေးကြတာ ဖြစ်ပါတယ်။

တရားထိုင်ပါ

တရားထိုင်၊ တရားမှတ်ရင်းနဲ့ သီလဆောက်တည်တာက ကုသိုလ်ရတဲ့အပြင် စိတ်ကိုတည်ငြိမ်စေပြီး ဆာလောင်မှုကိုပါ မေ့ပျောက်စေနိုင်ပါတယ်။ စိတ်နဲ့ခန္ဓာ တည်ငြိမ်မှုက ခန္ဓာကိုယ်ရဲ့ ကယ်လိုရီလိုအပ်မှုနဲ့ အားအင်ကုန်ဆုံးမှုကိုလျော့နည်းစေတာကြောင့် ဆာလောင်မှုကို အချိန်ဆွဲထားနိုင်ပါတယ်။

နားနားနေနေနေပါ

လှဲအိပ်နေတဲ့အချိန်မှာ သက်သောင့်သက်သာအနားယူနေတယ်လို့ ခံစားရမှာပေမယ့် တကယ်တမ်း ခန္ဓာကိုယ်ကပြန်လည်အားဖြည့်၊ ကုသနေရတာနဲ့ မနားရရှာပါဘူး။ သင်အိပ်ပျော်နေချိန်မှာတောင် ခန္ဓာကိုယ်က ကြွက်သားတွေကျန်းမာရေးပြန်လည်တည်ဆောက်နေသလို မှတ်ဉာဏ်တွေသိမ်းဆည်းနေတာ၊ ဟော်မုန်းတွေ ထိန်းညှိနေတာတွေအတွက် လုပ်ဆောင်နေရပါတယ်။

ဒါ့ကြောင့် ဥပုသ်စောင့်တဲ့အခါမျိုးမှာ အားနည်းမှာစိုးတဲ့အတွက် ညဘက် အိပ်ရေးဝအောင် အိပ်ပေးပါ။ နေ့လယ်နေ့ခင်း တရေးအိပ်တာလည်း လူကိုလန်းဆန်းစေပြီး အာရုံစိုက်မှုကောင်းစေပါတယ်။

ကဲ …. သင်္ကြန်ပွဲတော်မှာ ရေကစားဖို့ ဆန္ဒမရှိဘူး။ ကုသိုလ်ပဲယူတော့မယ် ဥပုသ်ပဲ စောင့်တော့မယ်ဆိုတဲ့ သူလေးတွေ အနေနဲ့ ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး မထိခိုက်စေဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်လိုက်နော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။