brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Medical Marijuana နဲ့ Recreational Marijuana ဘာတွေကွာခြားသလဲ

လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့တုန်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ဆေးခြောက်ကို အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါး အမျိုးအစား စာရင်းကနေ ဖယ်ရှားပေးလိုက်ပါတယ်။ UN Commission on Narcotic Drugs (CND) ရဲ့ အဖွဲဝင်နိင်ငံတွေက မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီးတော့ မဲအရေအတွက် ၁ မဲအသာနဲ့ ဆေးခြောက် (Cannabis) ကို ဒီစာရင်းကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာပါ။

Medical Marijuana နဲ့ Recreational Marijuana ဘာတွေကွာခြားသလဲ

ဆေးခြောက်မှာ စွဲလမ်းစေပြီး အန္တရာယ်လည်းရှိတဲ့ Tetrahydrocannabinol (THC) ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပေမယ့် နည်းမှန်လမ်းမှန်နဲ့ အသုံးချမယ်ဆိုရင် ဆေးဝါးကုသရေးလုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ခုလိုဆုံးဖြတ်ချက်ခဲ့ကြတယ်ဆိုပါတော့။

ကမ္ဘာ့တိုင်းပြည်တစ်ချို့မှာ ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ပြုတာမျိုးတွေ ရှိလာနေပြီဖြစ်သလို တချို့တိုင်းပြည်တွေမှာဆိုရင်တော့ ဆေးခြောက်ကိုအသုံးချပြီး စီးပွားရှာတာတွေလည်း ရှိလာပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် အသုံးပြုမှုတွေဟာ ထိမ်းချုပ်ရခက်ခဲနေဆဲဖြစ်တာမို့ နိုင်ငံအတော်များများမှာ ဥပဒေကြောင်းအရ တားဆီးထားတာမျိုးတွေ ရှိနေဆဲပါ။

ခုလိုမျိုး ဒွိဟဖြစ်ဖွယ် အခြေအနေမျိုးမှာရှိနေရတဲ့အကြောင်းအရင်းကတော့ ဆေးခြောက်ဟာ စွမ်းဆောင်ရည် ၂ မျိုးကို တပြိုင်နက်တည်းပိုင်ဆိုင်ထားတဲ့ သဘာဝပေါက်ပင်တစ်မျိုးဖြစ်နေတာကြောင့်လို့ ဆိုရမှာပါပဲ။ ဆေးခြောက်ရဲ့ ထူးခြားချက်က တစ်ဖက်မှာ ဆေးဝါးကုသရေးမှာ အထောက်အကူဖြစ်စေတာဖြစ်ပြီး တခြားတစ်ဘက်မှာတော့ စွဲလမ်းစေတဲ့ ဘေးထွက်ဆိုးကျိုးရှိနေတာဖြစ်ပါတယ်။

ဆေးဘက်ဝင်မှာလား၊ စွဲလမ်းစေမှာလား

ဆေးခြောက်ကို အသုံးချမယ်ဆိုရင် ဘယ်ဟာက medical marijuana ၊ ဘယ်ဟာက recreational marijuana ဆိုတာနဲ့ ဘယ်လိုကွာခြားချက်တွေ ရှိနေတာလဲဆိုတာကို သိနားလည်ထားသင့်ပါတယ်။

ဆေးခြောက်ဆိုတဲ့အရာကို ချဉ်ပေါင်ပင်နဲ့အလားသဏ္ဍာန်တူတဲ့ Cannabis Sativa ဆိုတဲ့ အပင်တစ်မျိုးကနေရရှိပါတယ်။ သူ့မှာပါဝင်တဲ့ Cannabidiol (CBD) နဲ့ Tetrahydrocannabinol (THC) ဆိုတဲ့ ဓါတုပစ္စည်းတွေက လူ့ပင်မအာရုံကြောစနစ်အပေါ်မှာ သက်ရောက်မှုရှိပြီး ဆေးခြောက်ရဲ့ အသက်လို့တောင်ဆိုလို့ရပါတယ်။

Recreational နဲ့ Medical marijuana ကို အခြေခံအားဖြင့် ခွဲခြားရမယ်ဆိုရင် THC နဲ့ CDB ပါဝင်မှု ပမာဏနဲ့ တိုင်းတာသတ်မှတ်ပါတယ်။ ဆေးခြောက်ရွက်ထဲမှာပါဝင်တဲ့ THC ဟာ အဓိကအားဖြင့် စိတ်ကိုတက်ကြွစေတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ပြောရရင် High စေတဲ့အရာပေါ့။ ဒီဒြပ်ပေါင်းဟာ မူးယစ်ရှိန်ကြောင့် စိတ်ကို အထွတ်အထိပ်ရောက်သွားစေတဲ့ အာနိသင်အပြင် လူကိုအသက် အန္တရာယ်ပြုနိုင်တဲ့ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။

Cannabidiol လို့ခေါ်တဲ့ CBD ကတော့ THC နဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး စိတ်ကြွလန်းဆန်းစေပေမယ့် THC လို အားမကောင်းပါဘူး။ ကျန်းမာရေးကို ကူညီနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် တချို့ဆေးခြောက်တွေက သိသိသာသာ မရောက်ဘူးဆိုရင် THC ဖယ်ရှားထားတဲ့ Medical marijuana မို့ ဖြစ်ပါတယ်။

ဆေးခြောက်ပင်ဟာ ဓာတုဗေဒပစ္စည်းပေါင်း ၁၀၀ ကျော်ပါဝင်နေပါတယ်။ တစ်ချို့က လူတွေကို ဘေးသင့်စေပြီး တစ်ချို့က အကျိုးပြုပါတယ်။ ဒါကြောင့် သတ်မှတ်နည်းလမ်းတွေအတိုင်း စနစ်တကျ စိုက်ပျိုးထားတာမျိုးမရှိရင်၊ ဆိုးကျိုးဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို ဖယ်ရှားခြင်းမရှိခဲ့ဘူးဆိုရင် Recreational marijuana လို့ သတ်မှတ်မှာဖြစ်ပြီးတော့ ဒီလိုဆေးခြောက်အမျိုးအစားဟာ ဘယ်တိုင်းပြည်မှာမှ တရားမဝင်ပါဘူး။ ဒီလိုဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုခွင့်လည်း မပြုပါဘူး။

Medical marijuana Vs Recreational marijuana

Recreational Marijuana ဟာ ဆေးဘက်ဝင်ဖို့ ဆေးဝါးကုသရေးမှာ အသုံးပြုဖို့ဆိုတဲ့ ဦးတည်ချက်လုံးဝမရှိပဲ မူးယစ်ဆေးဝါးအဖြစ် အသုံးချဖို့ ရည်ရွယ်ထားတဲ့အရာဖြစ်ပါတယ်။ ဆေးဘက်ဝင်မှုထက် THC က ပိုမိုများပြားနေတာမို့ စွဲလမ်းမှုကို ပြင်းပြင်းထန်ထန်ဖြစ်စေတဲ့အရာပါ။

THC ဟာ ကင်ဆာဖြစ်ပေါ်စေတဲ့ ကျူမာအကျိတ်တွေကို ကြီးထွားနှုန်းမြန်ဆန်အောင် တွန်းအားပေးကြောင်း အမေရိကန် ကင်ဆာ သုတေသနအသင်းက ဆိုထားပါတယ်။ THC ဖယ်ထုတ်ထားခြင်းမရှိတဲ့ ဆေးခြောက် (Recreational marijuana) ကို ရေရှည်စွဲပြီး အသုံးပြုမယ်ဆိုရင် အဆုတ်ပျက်စီးတာ၊ နှလုံးရောဂါ၊ ဦးနှောက်နဲ့သက်ဆိုင်တဲ့ရောဂါတွေ၊ နာတာရှည်နာကျင်မှုဝေဒနာတွေ၊ ဦးခေါင်းနဲ့ လည်ပင်းပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ၊ အဆိပ်သင့်မှု၊ စွဲလမ်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုလည်း ခံစားရမှာပါ။

ဒီလို အန္တရာယ်များလှတဲ့ THC ကို ထိမ်းချုပ်ကန့်သတ်ဖယ်ရှားပြီး CDB အဓိကပါဝင်တဲ့ ဆေးခြောက်ကိုတော့ Medical marijuana လို့ ခေါ်ဆိုတာပါ။ တချို့တိုင်းပြည်တွေမှာ Medical marijuana တွေကို ဆေးဝါးကုသရေးဘက်မှာ တရားဝင် အသုံးချနေကြပါပြီ။

ဆေးခြောက်ကို ဆေးဝါးအနေနဲ့ အသုံးပြုတာက ခုခေတ်မှ မဟုတ်ပါဘူး။ ရှေးဟောင်း တရုတ်၊ အီဂျစ်နဲ့ ဂရိတွေရဲ့ ဆေးမှတ်တမ်းတွေမှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုကြောင်း ဖော်ပြထားခဲ့ကြပါတယ်။

ဆေးခြောက်ပင်ကို ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ အသုံးချတဲ့အခါမှာ အရွက်တွေနဲ့ အဖူးတွေကို အခြောက်ခံပြီး ဆေးပြားအဖြစ် ဖန်တီးတာ၊ အဆီထုတ်တာတွေပြုလုပ်ပြီး အသုံးချကြပါတယ်။ နိုင်ငံတော်တော်များများက ဆေးခြောက်ကို အသုံးပြုခွင့်တားမြစ်ထားပေမယ့် အချို့သောနိုင်ငံအနည်းငယ်မှာတော့ နာကျင်တဲ့ဝေဒနာ၊ မအီမသာဖြစ်တာနဲ့ Multiple Sclerosis လိုရောဂါတွေကို ကုသရာမှာ အသုံးပြုခွင့်ပေးထားတာမျိုးလည်း ရှိပါတယ်။

ဒါ့အပြင် Medical marijuana ကို ရေတိမ်၊ HIV/AIDS ကြောင့်ကိုယ်အလေးချိန်ကျဆင်းတာ၊ အာရုံကြောနာကျင်တာ၊ ကိုယ်လက် နာကျင်ကိုက်ခဲတာ၊ Amyotrophic Lateral Sclerosis၊ ကင်ဆာရောဂါကြောင့် ကိုယ်အလေးချိန်ကျဆင်းတာ၊ လေးဖက်နာရောဂါ (Rheumatoid Arthritis)၊ ကင်ဆာဆဲလ် ပြန့်ပွားမှုကို ကာကွယ်ထိမ်းချုပ်တာ၊ ဆေးလိပ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါကို ကုစားတာနဲ့ လေဖြတ်ဝေဒနာ ကုစားတာ စတဲ့နေရာတွေမှာ အသုံးချကြပါသေးတယ်။

ဒီအချက်တွေကို ထောက်ရှုမယ်ဆိုရင်တော့ Medical marijuana နဲ့ Recreational marijuana ဘာတွေ ကွာခြားသလဲဆိုတာကို အကြမ်းဖျဉ်းအားဖြင့် နားလည်သဘောပေါက်လိမ့်မယ်လို့ ယူဆမိပါတယ်။

တဖက်မှာတော့ ဆေးခြောက်ဟာ မူးယစ်ဆေးဝါးလား၊ ဆေးဝါးဓာတ်စာလားဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ဖို့ဆိုရင် အသုံးချသူတွေရဲ့ စိတ်ခံယူချက်၊ အပြုအမူနဲ့ စိတ်စေတနာပေါ်မှာသာ မူတည်နေမှာဖြစ်သလို ဝိရောဓိဖြစ်ဖွယ်ရာ အငြင်းပွားမှုတွေကလည်း နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက်တည်ရှိနေဦးမှာပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/12/2020 ဖြစ်ပါသည်။