ထမင်းစားပြီး ရေမချိုးနဲ့နော် ရေချိုး ရင် ရေဖျဉ်း စွဲလိမ့်မယ်တဲ့။ ငယ်ငယ်တည်းက ကြားခဲ့ရတဲ့သတိပေးစကား။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ ရှေးထုံးမပယ် အစဉ်အလာအရ ယုံကြည်နေကြဆဲပါ။ ဟုတ်ရဲ့လား လို့ တွေးမိခဲ့ပေမယ့် ရေဖျဉ်းဗိုက်ပူပူကြီး ကို မြင်ယောင်ပြီး တကယ်လို့ဟုတ်နေခဲ့ရင် ဆိုတဲ့ ကြောက်စိတ် နဲ့ လိုက်နာခဲ့ကြတာပါပဲ။
တကယ်တော့ ရေဖျဉ်းဆိုတာ အပြင်က ရေတွေ ဗိုက်ထဲဝင်သွားတာ မဟုတ်ပါဘူး။ ဝမ်းဗိုက်အတွင်းက အမြှေးပါး နှစ်လွှာကြားမှာ အရည်တွေ စုလာတာဖြစ်ပါတယ်။ အရည်ပမာဏ အနည်းငယ်ပဲဆို ပုံမှန် ဖြစ်ပေမယ့် အသည်းက ပုံမှန် အလုပ်မလုပ်တဲ့အခါ အရည်တွေ စုလာတတ်ပါတယ်။
အသည်းအရွတ်ဖြစ်ခြင်းကြောင့် ရေဖျဉ်းစွဲတတ်ပါတယ်။ အသည်းအရွတ် ဖြစ်တဲ့အခါ အသည်းရဲ့ သွေးကြောတွေ အတွင်းမှာ ဖိအားဖြစ်စေရာကနေ ဗိုက်ထဲမှာ အရည်တွေ စုပုံစေတာ ဖြစ်ပါတယ်။ ရေဖျဉ်းဖြစ်စေတဲ့ အသည်းထိခိုက်မှုတွေထဲမှာ အသည်းခြောက်ခြင်း၊ အသည်းရောင် ဘီ နဲ့ စီရောဂါတွေနဲ့ အရက်သောက်ခြင်းတို့ အဓိက ပါဝင်ပါတယ်။
ရေဖျဉ်းဖြစ်နိုင်ခြေ များစေတဲ့ တခြားအကြောင်းရင်းတွေကတော့ –
ဖြစ်လာစေတဲ့ အကြောင်းရင်းကို မူတည်ပြီး ရေဖျဉ်း လက္ခဏာတွေက ရုတ်တရက်လည်း ပေါ်လာနိုင်သလို တဖြည်းဖြည်းချင်းလည်း ပေါ်လာနိုင်ပါတယ်။ လက္ခဏာတွေက အမြဲတော့ အရေးပေါ် အခြေအနေ မဖြစ်နေပေမယ့် အောက်ပါအချက်တွေ ဖြစ်လာရင် ဆရာဝန် ချက်ချင်း ပြသင့်ပါတယ် –
- ရုတ်တရက် ဝိတ် အရမ်းတက်လာတာ
- ဗိုက်ဖောင်းလာတာ(ဖောရောင်သလို)
- လှဲအိပ်နေရင် အသက်ရှူရခက်တာ
- အစာစားချင်စိတ် လျော့နည်းလာတာ
- ဗိုက်အောင့်တာ
- လေပွတာ
- မအီမသာ၊ ပျို့အန်တာ
- ရင်ပူတာတွေ ဖြစ်လာရင် စစ်ဆေးကုသမှု ခံယူပါ။
အမှန်က အစားစားပြီး ရေချိုး လိုက်တဲ့အခါ အစာကို ချေဖျက်ဖို့ လုပ်ဆောင်ချက်မှာ နှေးသွားစေပါတယ်။ အစာမကြေမှာ စိုးတဲ့အတွက် ရှေးလူကြီးတွေက ရေဖျဉ်းကို ဆွဲထည့်ပြီး ဖြဲခြောက်လိုက်ပုံ ရပါတယ်။ အစားစားပြီး ရေချိုး လိုက်ရင်ပဲ ဗိုက်ကြီးပွပြီး ရေဖျဉ်းဖြစ်လာတော့မလို ကြောက်စိတ်ကြောင့် ချက်ချင်း ရေမချိုး တော့ပါဘူး။ အစာမကြေစေတာတော့ အမှန် ဖြစ်တာကြောင့် စွန့်စားပြီး ရေချိုး ချလိုက်တဲ့သူတွေမှာ ဗိုက်ပွခြင်းကို ခံစားရနိုင်ပါတယ်။