
သိုင်းရွိုက်ဂလင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ ဂလင်းကဟော်မုန်းထုတ်လုပ်မှုလွန်ကဲနေလို့ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများခြင်းကြောင့် ခန္ဓာကိုယ်မှာလောင်စာတွေကို ခွန်အားအဖြစ်ပြောင်းလဲမှုနှုန်းကိုမြန်စေလို့ ပူနွေးမှုကိုဖြစ်စေတာပါ။ ဒီလိုဖြစ်ရင် ရေဆာတာ၊ ဗိုက်ဆာတာ၊ချွေးထွက်တာ၊ နှလုံးခုန်တာတွေ အကုန်မြန်လာနိုင်ပါတယ်။ အမျိုးသမီးတွေဆို ရာသီလာနည်းတာ၊ ထိန်တာ၊ ကိုယ်ဝန်ရဖို့ခက်တာတွေဖြစ်လာနိုင်ပါတယ်။
အမျိုးသမီးတစ်ယောက် ကျန်းမာစွာနဲ့သွေးဆုံးတဲ့အရွယ်က အသက် ၅၀ ဝန်းကျင်ဖြစ်လေ့ရှိပါတယ်။ အဲဒီအချိန်မှာhot flashes လို့ခေါ်တဲ့ အရေပြားနေရာတချို့ ရုတ်တရက်ပူရှိန်းရှိန်းဖြစ်လာတာမျိုးကို ခံစားရတတ်ပါတယ်။သွေးဆုံးချိန်မှာ ချွေးပိုထွက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ နှလုံးခုန်မြန်ခြင်းတို့လည်း ဖြစ်စေနိုင်တယ်။ နောက်ဆုံးရာသီလာချိန်မတိုင်ခင်မှာ လက္ခဏာတွေခံစားရတတ်ပြီး နှစ်နဲ့ချီပြီးကြာရှည်တတ်ပါတယ်။
အသက်ကြီးလာတဲ့အခါ အပူချိန်လျှော့ချတဲ့စနစ်က သိပ်အလုပ်မလုပ်နိုင်တော့ပါဘူး။ ပြင်ပမှာ ပူနေရင် ခန္ဓာကိုယ်ကို အအေးဓာတ်ထိန်းထားနိုင်ဖို့ အရေပြားမျက်နှာပြင်ကို နှလုံးကသွေးပိုညှစ်ထုတ်ပေးဖို့လိုပါတယ်။ အသက်ကြီးလာတာနဲ့အမျှ နှလုံးကလည်း သိပ်မကြံ့ခိုင်လေတော့ ပိုပင်ပန်းရပါတယ်။ ပိုဆိုးတာကသွေးကြောတွေက အရင်လောက် မပြန့်ကားနိုင်တဲ့အခါ အရေပြားမျက်နှာပြင်ကိုသွေးအလုံအလောက်မရောက်နိုင်တော့တာဖြစ်ပါတယ်။
ရေဓာတ်ပြည့်ဝအောင်မနေရင် ချွေးအလုံအလောက်မထွက်နိုင်ဘဲ ခန္ဓာကိုယ်က လွယ်လွယ်နဲ့အအေးဓာတ်မပေးနိုင်ပါဘူး။ ရေဓာတ်မပြည့်ဝတဲ့အခါဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးက ဒါတင်မကပါဘူး၊ အများကြီးရှိပါသေးတယ်နော်။