brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အဖျားမြန်မြန်သက်သာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်း (၇) ခု

လူရယ်လို့ဖြစ်လာရင် ဖျားတာ၊နာတာ၊ ထိတာခိုက်တာကတော့ရှိမှာပါ။ ဖျားတဲ့အခါနေ့စဉ်လုပ်ဆောင်နေကျ အလုပ်တွေမှာ ထိခိုက်မှုဖြစ်လာစေနိုင်ပါတယ်။ ဒီလိုထိခိုက်မှုတွေဖြစ်မလာစေဖို့အတွက် ဖျားနာတာမျိုးမဖြစ်အောင် ဂရုစိုက်တဲ့ကြားကပဲ ဖျားနာမှုဖြစ်လာခဲ့ရင် အဖျား မြန်မြန်ပျောက်ချင်ကြမယ်ထင်ပါတယ်။ ဒီလိုမျိုး ဖျားနာမှုတွေဖြစ်လာတဲ့ အခါမြန်မြန်ပျောက်အောင် လုပ်လို့ရတဲ့နည်းလမ်းလေးတွေရှိပါတယ်။

အဖျားမြန်မြန်သက်သာအောင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းလေးတွေက

ဖျားနာမှုတွေဖြစ်တိုင်းဆေးခန်းသွားဖို့မလိုအပ်ပါဘူး။နေအိမ်မှာပဲ အဖျား ကျသွားအောင်လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတွေရှိနေပါတယ်။

(၁) ရေနွေးနွေးလေးနဲ့ရေချိုးေပးပါ – ဖျားနေတဲ့အခါရေမချိုးရဘူးလို့ယူဆနေကြတာများပါတယ်။ ဒီအယူအဆက အပြည့်အဝတော့မမှန်ပါဘူး။ ဖျားတဲ့အခါ ကိုယ်အပူချိန်ကျသွားစေဖို့အတွက်ရေနွေးနွေးလေးနဲ့ စိမ်ပြီး ချိုးပေးပါ။ရေအပူချိန်ကျဆင်းမှုနဲ့အတူ ကိုယ်အပူချိန်ကလည်းဖြည်းဖြည်းချင်းကျဆင်းသွားပါလိမ့်မယ်။

(၂) တဘက်ကိုရေစွတ်ပြီးကပ်ပေးလို့ရပါတယ် – တဘက်စ အရွယ်တော်လေး ၂ ခုကိုယူပြီးရေအေးအေး ဒါမှမဟုတ်ရေခဲတုံးထည့်ထားတဲ့ရေထဲကို စိမ်လိုက်ပါ။ပြီးရင် တဘက်စကိုရေညှစ်ချပြီး နဖူးေပါ်နဲ့ လက်ကောက်ဝတ်၊ခြေချင်းဝတ်နဲ့ ဂုတ်ပေါ်တွေမှာ ကပ်ပေးပါ။ အအေးလျော့သွားတိုင်း လဲကပ်ပေးပါ။ အရမ်းမအေးအောင်တော့ သတိထားလုပ်ဆောင်ပေးပါ။

(၃)ရေများများသောက်ပါ -ရေများများသောက်တာက ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်တင်းပေးရာရောက်သလို အဖျားကိုလည်း သက်သာစေနိုင်ပါတယ်။ အဖျားတက်နေချိန်မှာရေများများသောက်ပေးမယ်ဆိုရင် အဖျားမြန်မြန်ကျစေမှာပါ။ အချိုရည်တွေကိုတော့ မသောက်မိအောင် သတိထားပါ။ အချိုရည်တွေက အဖျားကျအောင်မလုပ်ဆောင်ပေးနိုင်ပါဘူး။

(၄) စွပ်ပြုတ်ခပ်နွေးနွေးလေးသောက်ပေးပါ -နေမကောင်းတဲ့အခါ အားပြည့်ပြီးမြန်မြန်ကျန်းမာလာစေဖို့အတွက် ကြက်စွပ်ပြုတ်ခပ်နွေးနွေးလေးသောက်ပေးလို့ရပါတယ်။ ကြက်စွပ်ပြုတ်ကကျန်းမာရေးကို အထောက်အကူပြုပေးပြီး ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်ဝစေနိုင်ပါတယ်။ ပရိုတင်းဓါတ်ကိုရရှိစေတာကြောင့် ခန္ဓါကိုယ်ကိုအားရှိစေမှာလည်းဖြစ်ပါတယ်။

(၅)ဆေးသောက်ပါ -နေမကောင်းဖြစ်တဲ့အခါဆေးရဲ့ အကူအညီကိုယူဖို့ကလည်း မေ့ထားလို့မရတဲ့ ကိစ္စတစ်ရပ်ပါ။ ကိုယ်ခံအားြပန်လည်ကောင်းမွန်စေလာဖို့ဆေးဝါးတွေက အထောက်အကူပြုပေးနိုင်ပါတယ်။ အဖျားဝင်နေလို့ ပူလောင်နေတာတွေနဲ့ ကိုက်ခဲနာကျင်မှုတွေကို သက်သာစေအောင်အတွက် Tylenol ကိုသောက်နိုင်ပါတယ်။ ဒီဆေးက အအေးမိ၊ဖျားနာ၊ချောင်းဆိုး၊နှာစေးဝေဒနာတွေကိုပါလျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။ ကလေးငယ်လေးတွေအတွက်ရော လူကြီးတွေအတွက်ပါထုတ်လုပ်ထားပါတယ်။

(၆) အနားယူပေးပါ – တစ်ခါတလေမှာ ဖျားနာရတဲ့အကြောင်းအရင်းက ခန္ဓါကိုယ်ကအနားမရတာကြောင့် ကိုယ်ခံအားနည်းသွားတဲ့အခါမျိုးမှာဖြစ်တတ်တာပါ။ အိပ်ရေးပျက်တာများလာတဲ့အခါ၊ အလုပ်တွေကို မနားမနေတရစပ်လုပ်နေတဲ့အခါ ခန္ဓါကိုယ်ကလုံလောက်တဲ့ အနားယူမှုကိုမရရှိတဲ့အနေအထားဖြစ်သွားပြီး အလွယ်တကူဖျားနာနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာတော့ပြည့်ပြည့်ဝဝအနားယူလိုက်ခြင်းက ကိုယ်ခံအားကိုပြန်လည်ကောင်းမွန်စေနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းပါ။

(၇) အစားအစာခပ်ပျော့ပျော့လေးတွေ စားသုံးပေးပါ – ဖျားနေတဲ့အခါ အစားမစားချင်ကြတာများပါတယ်။ ဒါပေမယ့်မစားဘဲတော့ မနေသင့်ပါဘူး။ဖျားနေတဲ့အခါ အစာမာမာတွေစားသုံးမယ်ဆိုရင် အစာခြေစနစ်က အစာတွေကိုချေဖျက်နိုင်ဖို့အတွက အခက်ကြုံနိုင်ပါတယ်။ ဒါကြောင့်သေသေချာချာ နူးနေအောင်ချက်ထားတဲ့ အစားအစာတွေ၊ ကြိတ်ခြေထားတဲ့အစားအစာတွေနဲ့ အစာကြေလွယ်မယ့်အစားအစာတွေကိုပဲရွေးချယ်စားသုံးပေးသင့်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/09/2022 ဖြစ်ပါသည်။