နေမကောင်းဖြစ်တယ်။ ထိခိုက်မှု တစ်ခုခု ဖြစ်တယ်။ ရောဂါတစ်ခုခုခံစားရတယ် ဆိုတဲ့ နာမကျန်းမှုပြီးရင် ပြန်လည်နလန်ထူတယ်ဆိုတဲ့အဆင့်ကို ကျော်ဖြတ်ရစမြဲပါ။ ဒီအဆင့်က လူတစ်ယောက်နဲ့တစ်ယောက် အချိန်ယူရပုံချင်း မတူကြပါဘူး။ ဒီတော့ ပြန်လည် နလန်ထူချိန်တိုတိုနဲ့ အမြန်ဆုံး ပြန်လည်ကျန်းမာစေဖို့ ဘယ်အချက်တွေကို သိထားဖို့လိုမလဲဆိုတာပြောပြမယ်နော်။
ရောဂါတစ်ခုခုကနေ အမြန်ဆုံးနဲ့ အပြည့်အဝပြန်လည် ဖွံ့ဖြိုးလာစေဖို့ဆိုရင် ဒီအချက်လေးကို ဂရုစိုက်ရပါမယ်။
ခန္ဓာကိုယ် ကျန်းမာဖို့ အရေးအကြီးအဆုံးက အာဟာရပြည့်ဝဖို့ပါ။ ဒါကြောင့် နေကောင်းခါစမှာ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တို့ ပြည့်ဝအောင် စားသုံးပါ။ ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်၊ မြူစွမ်ပြုတ် တို့ကို စားပေးပါ။ တစ်နေ့ကို ၃ ကြိမ် သေချာလေး စားပေးရပါမယ်။
စိတ်ဖိစီးမှုကို ဖြေလျော့ပါ
စိတ်ဖိစီးမှု များတာကလည်း ပြန်လည်ကျန်းမာလာမှုကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါကြောင့် နေကောင်းကာစ အချိန်မှာ တတ်နိုင်သမျှ စိတ်ဖိစီးမှု ဖြစ်စေမယ့် အရာတွေကို မတွေးပါနဲ့။ သီချင်းနားထောင်တာ လိုမျိုး စိတ်ဖိစီးမှု ပြေလျော့စေမယ့် အရာလေးတွေကို လုပ်ဆောင်ပါ။
ရေများများသောက်ပါ
ရေဓာတ်ပြည့်ဝမှုက ခန္ဓာကိုယ် ကျန်းမာလာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် နေကောင်းခါစ အချိန်မှာ ရေများများသောက်ပါ။ အုန်းစိမ်းရည်၊ ဓာတ်ဆား စတာတွေကို သောက်ပေးလို့လည်း ရပါတယ်။
ပြည့်ဝတဲ့ အိပ်စက်ချိန်က ကိုယ်ခံအားကို အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် နေကောင်းခါစမှာ တစ်နေ့ကို အိပ် ချိန် ၈ နာရီလောက် အထိ ထားရှိပေးပါ။
သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ
နေကောင်းခါစအချိန်မှာ အားမပြည့်သေးတာမှန်ပေမယ့် တစ်ချိန်လုံး ထိုင်မနေတာကတော့ အဆင်အပြေဆုံး ဖြစ်မှာပါ။ ဒါကြောင့် လမ်းလျှောက်တာ လိုမျိုး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးပါ။
တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ
နေမကောင်းတဲ့ တောက်လျောက် အိပ်ရာထဲလှဲနေရတာကြောင့် စိတ်ရောကိုယ်ပါ ညစ်ညူးနေတာမျိုးရှိနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းက ရေနွေးနွေးလေးနဲ့ ရေချိုးတာမျိုးပါ။ ရေချိုးတာအပါအဝင် လိုအပ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာက ကျန်းမာခါစအချိန်မှာ အထိရောက်ဆုံး သက်သာစေမယ့် နည်းလမ်းတစ်ရပ်ပါ။
ကဲ……….. အခုအချက်လေးတွေကို ဂရုစိုက်လို့ နေကောင်းခါစမှာ မြန်မြန်အားပြည့်လာအောင် လုပ်လိုက်စို့နော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။