brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လုံခြုံစိတ်ချရသော ယာဉ်မောင်းလမ်းညွှန် ၅ ချက်

သင်ဟာ အရောင်းစာရေး (သို့) ကုန်တင်ကားမောင်းသူဖြစ်နေရင်တောင် အလုပ်ကိုနေ့တိုင်း သွားလာနေဖို့ လိုမှာပါ။ ဒီလို အခြေအနေမျိုးမှာ လုံခြုံစိတ်ချစွာ ကားမောင်းဖို့ဟာ အရေးကြီးပြီးတော့ ဒါဟာ လမ်းမှာ ပြထားတဲ့ ဆိုင်းဘုတ်တွေ၊ ယာဉ်အသွားအလာ ဥပဒေတွေကို လိုက်နာခြင်းထက် အများကြီးပိုပါတယ်။ အောက်ဖေါ်ပြပါအချက် ငါးချက်ကို လမ်းမှာ မတော်တဆမှုဖြစ်ခြင်းမှ ကင်းဝေးအောင် ထည့်သွင်းစဉ်းစားထား သင့်ပါတယ်။

လုံခြုံစိတ်ချရသော ယာဉ်မောင်းလမ်းညွှန် ၅ ချက်

(၁) ကိုယ်လက်လှုပ်ရှားမှုရှိပါ။

သင့်မှာ ကြွက်သား အထပ်ထပ်မရှိခဲ့ရင်တောင် လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို အကျိုးအများကြီး ရှိစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုရှိခြင်းဟာ သင့်အားအင်နဲ့ ပျော့ပြောင်းနိုင်စွမ်းကို တိုးတက်စေပြီးတော့ ပိုမို တက်ကြွစေပြီး သင့်ကို လမ်းပေါ်မှာ တွေ့ရမယ့် ပြဿနာတွေကို ပိုမို ဖြေရှင်းဖို့ လွယ်ကူစေပါတယ်။ သင့်နေ့စဉ် ပုံမှန်လုပ်နေကျ အလုပ်တွေထဲမှာ ကိုယ်လက်လှုပ်ရှားမှုတွေကို ပါထည့်သွင်းထားသင့်ပါတယ်။ လမ်းလျှောက်ခြင်းဟာ လူအတော်များများအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ ကိုယ်လက်ဆန့်ထုတ်တဲ့ လေ့ကျင့်ခန်းတွေဟာလည်း ကားမောင်းသမားတွေအတွက် အကျိုးရှိပါတယ်။

(၂) နာတာရှည် အခြေအနေတွေကို စီမံခန့်ခွဲပြီး သင့်ဆေးတွေ အကြောင်း နားလည်ပါ။

သင့်မှာ ဆီးချိုလိုမျိုး အတက်ရောဂါလိုမျိုး ခရီးရှည် သွားရင် မိမိကိုယ်ကို ထိခိုက်စေမယ့် အခြေအနေမျိုးတွေ ရှိတယ်ဆိုရင် သင့်ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။ သူတို့ဟာ ခရီးသွားဖို့နဲ့ ဆေးသောက်ပုံသောက်နည်းတွေကို သင့်အလုပ်ပုံစံနဲ့ ကိုက်အောင် ညှိပေးပါလိမ့်မယ်။

လူနာတွေအတွက်လည်း ဘယ်ဆေးတွေကသောက်နေပြီး သူတို့က ကိုယ်ခန္ဓါကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာ သိသင့်ပါတယ်။ ဥပမာ သင့်ဆေးဟာ အိပ်ချင်စေတယ်ဆိုရင် ဒီဆေးကို မသောက်သင့်ပဲ သင့်ဆရာဝန်ကို ပိုမိုကောင်းမွန်တဲ့ အစားထိုးဆေးတစ်ခု တောင်းသင့်ပါတယ်။ ဆေးမှာ ပါတဲ့ အညွန်းကို ဖတ်ပြီး ဘာတွေမျှော်လင့်ရမယ်ဆိုတာ သိထားတာကောင်းပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကြိုးတွေ (သို့) လုံခြုံစွာ ခရီးသွားမှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

(၃) ခေါင်းမူးနေရင် ကားမမောင်းပါနဲ့။

၁၈ နာရီလောက် ဆက်တိုက် နိုးထနေခြင်းဟာ သွေးထဲမှာ အရက်ပမာဏ ဝ.၀၈% ရှိခြင်းနဲ့ ညီမျှပါတယ်။ ဒါဟာ ဥပဒေအရ ခွင့်ပြုတဲ့ ပမာဏထက်များနေပါတယ်။ သင်ဟာ အလုပ်တွေများနေပြီးတော့ အိပ်ချိန်မှာ မအိပ်ဖြစ်ခဲ့ဘူးဆိုရင် အောက်ပါအချက်တွေက သင့်ကို အိပ်ချင်နေခြင်းကနေ လျှော့ချပေးနိုင်ပါတယ်။

• အိပ်ချင်နေတယ်ဆိုရင် ကားရပ်ပြီး ကော်ဖီ၊ အချိုရည်၊ အားဖြည့်ရည်၊ လက်ဖက်ရည် တွေကို သောက်ပါ။

• နောက်တစ်ရက်မှာ ခရီးသွားရတော့မယ်ဆိုရင် ခရီးမသွားခင် အိပ်ရေးဝအောင် အိပ်ပါ။

• Dipenhydramine ဆေးတွေ ဖြစ်တဲ့ Benadryl နဲ့ အခြားအိပ်ငိုက်တတ်တဲ့ဆေးတွေကို ရှောင်ပါ။

• ပျင်းစရာကောင်းတဲ့ခရီးအရှည်ကြီးကို တစ်ယောက်တည်း ကားမောင်းသွားခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။ သူငယ်ချင်းတစ်ယောက်သာ ပါမယ်ဆိုရင် သူတို့နဲ့ စကားပြောနိုင်ပြီး လန်းဆန်းနေနိုင်ပါတယ်။

• အိပ်ချင်နေတယ်ဆိုရင် သကြားအနည်းငယ်က အကူအညီပေးနိုင်ပါတယ်။ ပီကေတစ်ထုတ် (သို့) သကြားလုံးတွေကို ခရီးစဉ်တစ်လျှောက် ယူသွားပါ။ ဒါဟာ ခရီးရှည်သွားတဲ့ ဒရိုင်ဘာတွေကို အားဆေးအသုံးမပြုပဲ လန်းဆန်းစေတဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။

(၄) ကြိုတင်စီစဉ်ပါ။

ခရီးတစ်ခုကို သွားမယ်ဆိုရင် ကြိုတင်စီစဉ်ပါ။ ကိုယ်သွားမယ့်နေရာကို Google map မှာ ကြိုကြည့်ထားခြင်းဟာ ကားမောင်းတဲ့အခါ ကားရပ်ပြီး လမ်းမေးစရာ မလိုတော့တာကြောင့် ကောင်းမွန်တဲ့ အကြံဉာဏ်ပဲ ဖြစ်ပါတယ်။ ဒီ application ဟာ သင့်သွားချင်တဲ့နေရာကို အတိုဆုံးလမ်းက ပြပြီး ရောက်ဖို့ ဘယ်လောက်ကြာအုံးမယ်ဆိုတာပါ ပြနိုင်တာကြောင့် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

အိမ်ကမထွက်ခင် ဖုန်း၊ ကားသော့နဲ့ ပိုက်ဆံအိတ်တွေ ပါပါစေ။ ကား (သို့) ဆိုင်ကယ်အတွက် တာယာနဲ့ ဂက်စ်တွေဟာ ကောင်းကောင်းအလုပ်လုပ်ကြောင်း စစ်ဆေးပါ။ ဒရိုင်ဘာလိုင်စင်၊ အာမခံ၊ မိုးရွာရင် သုံးဖို့ မိုးကာတွေ ယူသွားပါ။ လိုအပ်ရင် ဖုန်းကြိုဆက်ပြီး လမ်းမေးပါ။ ကားမောင်းနေစဉ်မှာ သင့်ကို လမ်းပေါ်ကနေ အာရုံပြောင်းစေတဲ့ အရာတွေကို မပြုလုပ်ပါနဲ့ (ဥပမာ အစာစားခြင်း၊ ဖုန်းပြောခြင်း၊ message ပို့ခြင်း)

(၅) အရက်သောက်ပြီး ကားမမောင်းပါနဲ့။

တခါတလေမှာ အလုပ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ရောင်းအားကို ဂုဏ်ပြုဖို့ဆိုပြီး အရက်သောက်ရတတ်ပါတယ်။ ဒီလိုအခြေအနေနဲ့ ကားမောင်းတာဟာ မကောင်းပေမယ့် ဒါဟာ ဖြစ်နေကျလိုမျိုး ဖြစ်နေပါတယ်။ အရက်သောက်ပြီး ကားမောင်းတာကြောင့် မရေမတွက်နိုင်တဲ့ မတော်တဆမှုတွေ ဖြစ်ပျက်နေပါတယ်။ ဒါ့ကြောင့် သင်နဲ့ အခြားသူတွေကို ကာကွယ်ဖို့ တာဝန်ယူသင့်ပြီး အရက်မူးနေရင် ကားမမောင်းသင့်ပါဘူး။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/01/2022 ဖြစ်ပါသည်။