
မျက်နှာကိုကြွက်သားပေါင်း ၅၂ ခုနဲ့ဖွဲ့စည်းထားတာပါ။ မျက်နှာပြင်ပေါ်ကကြွက်သားတွေက ခန္ဓါကိုယ်အခြားအစိတ်အပိုင်းကကြွက်သားတွေလိုပါပဲ။ အဆီပိုကင်းပြီး ကျန်းမာစေဖို့အတွက်လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါမယ်။ တကယ်လို့ မျက်နှာကြွက်သားတွေကိုလေ့ကျင့်ခန်းမလုပ်ဘဲ ထားမယ်ဆိုရင်လျော့ရဲရဲဖြစ်နေပြီး အဆီပိုတွေနဲ့ ကြည့်ရဆိုးနေမှာပါ။ မျက်နှာကိုလေ့ကျင့်ခန်းလုပ်ပေးတာက အဆီပိုတွေတင်ဖယ်ရှားပေးတာမဟုတ်ဘဲ အရေးအကြောင်းတွေကင်းပြီး တင်းရင်းလှပနေစေမှာအသေအချာပါ။
ဒီလောက်ဆိုရင် Hello ဆရာဝန်ပရိသတ်ကြီးရဲ့ သဘောကရော ဘယ်လိုလဲ။ မျက်နှာကိုလေ့ကျင့်ခန်းလုပ်သင့်တယ်ထင်လား။ မျက်နှာလေ့ကျင့်ခန်းလုပ်ဖို့လိုမယ်ထင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အတူတူဖတ်ရင်း လိုက်လုပ်ကြည့်ရအောင်ပါနော်။
ခေါင်းမော့မယ် – ဒီလေ့ကျင့်ခန်းမှာခေါင်းကို အပေါ်ကိုမော့နိုင်သမျှမော့ရမှာပါ။ မျက်လုံးက မျက်နှာကြတ်ကိုမြင်ရတဲ့အထိခေါင်းကို အပေါ်ကိုဖြည်းဖြည်းချင်းမော့ရမှာပါ။ပြီးရင်တော့အောက်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းကိုအုပ်သွားတဲ့အထိ ထော်ပေးရမှာပါ။ ဒါမှမေးစေ့ကို အပေါ်ဘက်ကို ဆွဲတင်သလိုဖြစ်မှာပါ။ တစ်ခါလုပ်ရင် ၁၀ စက္ကန့်ကြာနဲ့ ၁၀ကြိမ်လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာကမေးနှစ်ထပ်ဖြစ်နေတာနဲ့ အဆီကြောင့် လည်ပင်းမပေါ်ဘဲပျောက်နေတာကို သက်သာစေမှာပါ။
ပါးဖောင်းမယ် – ငယ်ငယ်ငက ကစားဖူးတယ်ဟုတ်။လေဖောင်းတာမျိုးလေ။ လေကို ပါးတစ်ဖက်မှာ ၅ စက္ကန့်ကြာအောင်ဖောင်းပေးရပါမယ်။ တစ်ဖက်ပြီး တစ်ဖက်လုပ်ပေးရမှာပါ။ပြီးရင်တော့လေကိုပြန်ထုတ်တဲ့အခါ ပါးစပ်ကိုကျယ်ကျယ်ဟပြီးထုတ်ပေးပါ။ ဒီလိုလုပ်ပေးတာက ပါးက အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ပါးသားတွေကိုလည်း ကျစ်လျစ်စေနိုင်ပါတယ်။
ငါးမျက်နှာလုပ်မယ် – ပါးတွေကို အတွင်းဘက်ဆီကို ခပ်တင်းတင်းစုပ်သွင်းပြီး နှုတ်ခမ်းကို ငါးပါးစပ်ပုံစံဖြစ်အောင်လုပ်ရမှာပါ။ တစ်ခါလုပ်ရင် ၅ စက္ကန့်နှုန်းနဲ့ ၁၀ ကြိမ်လုပ်ပေးရပါမယ်။ ပါးက အဆီပိုတွေကိုဖယ်ရှားနိုင်မှာပါ။
မျက်လုံးေအာက်ကြွက်သားဆွဲဆန့်လေ့ကျင့်ခန်း – မှန်ထဲကိုကြည့်ပြီး မျက်လုံးအောက်ဘက်က ကြွက်သားတွေကို လက်ညှိုးတွေသုံးလို့ဘေးဘက်ကို ဆွဲဆန့်ပေးပါ။ ဒီလိုဆွဲဆန့်ချိန်မှာ မျက်လုံးကို မှိတ်ပါ။ ဒီလိုလုပ်ပေးတာက မျက်လုံးအောက်ဘက်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာပါ။ မျက်လုံးတဝိုက်သွေးစီးဆင်းမှုကောင်းမွန်စေပြီး မျက်ကွင်းညိုတာကိုပါ သက်သာစေနိုင်ပါတယ်။
ပလုတ်ကျင်းပါ – အစားစားပြီးတိုင်းရေငုံလို့ ပလုတ်ကျင်းတာကို ၂ မိနစ်ကြာလုပ်ပေးပါ။ ဒီလိုလုပ်တာက သွားနဲ့ခံတွင်းကျန်းမာစေသလို ပါးက အဆီပိုတွေကိုပါဖယ်ရှားနိုင်ပါတယ်။
ဘောလုံးမှုတ်ပါ – ဒါကလည်း မျက်နှာပေါ်က အဆီပိုတွေဖယ်ရှားဖို့နဲ့ မျက်နှာကြွက်သားတွေ သန်မာစေဖို့ လုပ်သင့်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။
ရယ်မောပါ – ရယ်မောတာက မျက်နှာကြွက်သားတွေအတွက်ကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်ရပ်ပါ။ ရယ်မောလေလေ မျက်နှာကြွက်သားတွေမှာသွေးစီးဆင်းရောက်ရှိမှုကောင်းမွန်လေလေဖြစ်ပြီး မျက်နှာကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ အဆီပိုတွေကိုလည်း အကောင်းဆုံးဖယ်ရှားနိုင်မှာပါ။
ပီကေဝါးပါ -နေ့တိုင်း မိနစ် ၂၀ ကြာ ပီကေဝါးပေးမယ်ဆိုရင်မျက်နှာရဲ့မေးစေ့နဲ့ ပါးနှစ်ဖက်က အဆီပိုတွေကို ဖယ်ရှားဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ ဒါကြောင့် မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားမယ်ဆိုရင် ပီကေဝါးတာကလည်းမေ့ထားလို့မဖြစ်တဲ့ မျက်နှာလေ့ကျင့်ခန်းလေးတစ်ခုပေါ့။
အခုပြောခဲ့တဲ့လေ့ကျင့်ခန်းတွေကို လုပ်ကြည့်ပြီး မျက်နှာပေါ်ကအဆီပိုတွေကို ဖယ်ရှားနိုင်ကြပါစေကြောင်း……
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။