ခွဲစိတ်မှုအပြီး လေ့ကျင့်ခန်းလုပ်ခြင်းက လူနာတွေအတွက် အရေးကြီးပါတယ်။ ဒီလို လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို ဘယ်လိုခွဲစိတ်မှုမျိုးကနေမဆို လျင်မြန်စွာပြန်ကောင်းစေပါတယ်။ ခွဲစိတ်မှုအပြီး ပြန်သက်သာလာပြီး ခွန်အားပြန်ရလာတဲ့အခါ ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ရမလဲဆိုတာ သင်သိထားသင့်ပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးနောက် လုပ်သင့်သည့် လေ့ကျင့်ခန်းများ အကြောင်း လေ့လာကြည့်ရအောင်နော်။
လေ့ကျင့်ခန်းလုပ်ဖို့ ဘာကြောင့်လိုအပ်လဲ။
လေ့ကျင့်ခန်းက လူတိုင်းကို စိတ်ခံစားမှုကောင်းမွန်စေခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေခြင်းအပြင် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးပါတယ်။ အောက်မှာဖော်ပြထားတဲ့လှုပ်ရှားမှုတွေက သင့်ကို ကျန်းမာရေးကောင်းကျိုးတွေ ရစေပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဒီလေ့ကျင့်ခန်းတွေက သင့်ကိုကြံ့ခိုင်စေတယ်၊ ကိုယ်အလေးချိန်ကျစေတယ်၊ အလေးချိန်တက်နည်းစေတဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဆီးချိုကိုပါ ကာကွယ်ပေးပါတယ်။
ခွဲစိတ်မှုအပြီးမှာ ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ တကယ်လို့ သင်က ခွဲစိတ်မှု တစ်ခုခု လုပ်ပြီးခါစဆိုရင် သင်လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ လိုပါတယ်။ စွမ်းအင်တွေလောင်ကျွမ်းခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်းက သင့်ကျန်းမာရေးကို ကောင်းမွန်အောင် ကူညီပေးပါလိမ့်မယ်။ တကယ်လို့ သင်က ခွဲစိတ်တာအပြင် ကင်ဆာဆေးသွင်းတာနဲ့ ဓာတ်ကင်တာတွေပါ လုပ်ဆောင်ခဲ့ရတယ်ဆိုရင် ဒီလို လေ့ကျင့်ခန်းလုပ်ခြင်းက သိသာတဲ့ အကျိုးသက်ရောက်မှုတွေ ပေးပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုလေးတွေကတောင် သင့်အတွက် ကောင်းကျိုးဖြစ်စေပါတယ်။
ခွဲစိတ်ကုသမှုခံယူပြီးနောက် လုပ်သင့်သည့် လေ့ကျင့်ခန်းများ ကတော့
လမ်းလျှောက်ခြင်းနဲ့ ကိုယ်လက်အကြောဆန့်ခြင်း
ခွဲစိတ်မှုအတွင်းမှာ သင့်ကြွက်သားတွေက လေးသွားနိုင်တဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ခြေလက်အကြောဆန့်ခြင်းက လိုအပ်ပါတယ်။ ခွဲစိတ်မှုအပြီး နေ့တိုင်းလမ်းလျှောက်ပေးခြင်းက မခက်ခဲပါဘူး။ ဒါက သင်အလွယ်တကူလုပ်နိုင်တဲ့ လေ့ကျင့်ခန်းပါ။ အထူးသဖြင့် ခွဲစိတ်မှုပြီးခါစ ရက်တွေမှာပေါ့။
တစ်ရက်ကို နည်းနည်းစီ လမ်းလျှောက်ပေးခြင်းက သင့်ကို မြန်မြန်ပြန်ကောင်းစေပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းတွေက ကယ်လိုရီတွေကို လောင်စေပြီး ကိုယ်အလေးချိန်ကျစေပါတယ်။ အိပ်ရာထဲမှာ လှဲနေတာထက်စာရင် လှုပ်ရှားပေးခြင်းက မြန်မြန်သက်သာစေပါတယ်။
အရမ်းပြင်းပြင်းထန်ထန်ကြီးမလှုပ်ရှားမိဖို့တော့ လိုပါတယ်။ ဒါက သင့်အနာကို ထိခိုက်စေနိုင်လို့ပါ။ ခွဲထားတဲ့ နေရာက နာကျင်လာတယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေကို ရပ်လိုက်ပါ။
အသက်ရှူခြင်း လေ့ကျင့်ခန်းက ရင်ဘတ်ပုံမှန်လှုပ်ရှားမှုအတွက်ဖြစ်ပြီး အဆုတ်အတွက်ပါ အထောက်အကူဖြစ်ပါတယ်။ သင်လှဲချထားပြီး အသက်ကို ဖြေးဖြေးရှူပါ။ ရင်ဝမ်းခြားကြွက်သားကို ပြန့်စေပြီး လေဝင်နိုင်သမျှဝင်အောင် အသက်ဖြေးဖြေးရှူပါ။ လေကို ထပ်ရှူသွင်းလို့မရတော့ဘူးဆိုမှ လေကိုအပြင်မှုတ်ထုတ်လိုက်ပါ။ ၄ ကြိမ် ၅ ကြိမ်လောက် လုပ်ပေးပါ။ ဒါကို တစ်ရက် ၆ ခါလောက်လုပ်ပါ။
Heel slides လေ့ကျင့်ခန်းလုပ်ပေးပါ။
Heel slides လေ့ကျင့်ခန်းက သင့်ဒူးကို ကွေးဆန့်လို့ ပိုအဆင်ပြေစေပါတယ်။ ဒါကိုလုပ်ဖို့က သင်လှဲချလိုက်ရပါမယ်။ ပြီးတာနဲ့ အဝတ်စကို ခြေဖဝါးမှာပတ်ပြီး ဒူးကိုအပေါ်ဆွဲတင်ပါ။ နေရတာ သက်သောင့်သက်သာမဖြစ်တော့ဘဲ ဒူးထဲမှာ ဖိအားလေးတစ်ခု ခံစားလာရတဲ့အထိ လုပ်ပေးပါ။ အဲဒီအနေအထားအတိုင်း ၁၀ စက္ကန့်လောက်နေပေးပြီး ဒူးပြန်ဆန့်ပါ။ ဒါကို ဆယ်ကြိမ်လောက်လုပ်ပေးပါ။
ခြေထောက်မြှောက်ခြင်း လေ့ကျင့်ခန်း
ဒီ လေ့ကျင့်ခန်းက ဒဏ်ရာအနာတရ ဖြစ်တဲ့အခါ လုပ်နေကျလေ့ကျင့်ခန်းတစ်မျိုးပါ။ ပထမဆုံးလှဲချလိုက်ပြီး ခြေနှစ်ဖက်လုံးကွေးပြီး တစ်ဖက်ကို ဖြောင့်ဖြောင့်ဆန့်လိုက်ပါ။ ဒူးကို တစ်ဖြောင့်တည်းထားပြီး ၆ ပေအမြင့်လောက် ခြေထောက်ကို မြှောက်ပါ။ စက္ကန့်အနည်းငယ်လောက်နေပြီး ခြေထောက် ဖြေးဖြေးချင်းပြန်ချပါ။ ၄ ခါမြှောက်ပြီး ၄ ခါပြန်ချပါ။ ခွဲစိတ်ပြီး ၃ ရက်၊ ၄ ရက်မှာ ဒီ ၄ ခါမြှောက်ခြင်းကိုသုံးကြိမ်တစ်ကြော့နှုန်းနဲ့ ၆ ကြိမ်မှ ၁၀ ကြိမ် ထပ်ခါထပ်ခါလုပ်ပေးပါ။ သင်ကျန်းမာရေးကောင်းလာတဲ့ထိ အကြိမ်များ နိုင်သလောက် များများလုပ်ပေးပါ။