brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မျက်နှာပေါ်က အဆီပိုတွေကြောင့်စိတ်ညစ်နေသလား

လူတစ်ယောက်ရဲ့ သွင်ပြင်မှာ အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုကတော့ မျက်နှာပါ။ မျက်နှာလှလှလေးနဲ့ ကြည့်ကောင်းတဲ့ သွင်ပြင်ကို လူတိုင်းလိုလားကြပါတယ်။ မျက်နှာမှာ အဆီပိုတွေ အရေးအကြောင်းတွေဖြစ်နေမယ်ဆိုရင်တော်တော်လေးစိတ်ပျက်စရာကောင်းတာပါ။ ဒီတော့ အခုတစ်ခေါက် မျက်နှာပေါ်က အဆီပိုတွေကြောင့် စိတ်ညစ်နေတဲ့ ပရိသတ်ကြီးအတွက် နည်းလမ်းကောင်းလေးတွေဝေမျှပေးပါရစေ။

မျက်နှာပေါ်က အဆီပိုတွေကြောင့်စိတ်ညစ်နေသလား

မျက်နှာကိုလေ့ကျင့်ခန်းလုပ်ပေးဖို့လိုသလား

မျက်နှာကိုကြွက်သားပေါင်း ၅၂ ခုနဲ့ဖွဲ့စည်းထားတာပါ။ မျက်နှာပြင်ပေါ်ကကြွက်သားတွေက ခန္ဓါကိုယ်အခြားအစိတ်အပိုင်းကကြွက်သားတွေလိုပါပဲ။ အဆီပိုကင်းပြီး ကျန်းမာစေဖို့အတွက်လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါမယ်။ တကယ်လို့ မျက်နှာကြွက်သားတွေကိုလေ့ကျင့်ခန်းမလုပ်ဘဲ ထားမယ်ဆိုရင်လျော့ရဲရဲဖြစ်နေပြီး အဆီပိုတွေနဲ့ ကြည့်ရဆိုးနေမှာပါ။ မျက်နှာကိုလေ့ကျင့်ခန်းလုပ်ပေးတာက အဆီပိုတွေတင်ဖယ်ရှားပေးတာမဟုတ်ဘဲ အရေးအကြောင်းတွေကင်းပြီး တင်းရင်းလှပနေစေမှာအသေအချာပါ။

ဒီလောက်ဆိုရင် Hello ဆရာဝန်ပရိသတ်ကြီးရဲ့ သဘောကရော ဘယ်လိုလဲ။ မျက်နှာကိုလေ့ကျင့်ခန်းလုပ်သင့်တယ်ထင်လား။ မျက်နှာလေ့ကျင့်ခန်းလုပ်ဖို့လိုမယ်ထင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အတူတူဖတ်ရင်း လိုက်လုပ်ကြည့်ရအောင်ပါနော်။

မျက်နှာအဆီပိုတွေကင်းစေမယ့်လေ့ကျင့်ခန်း

ခေါင်းမော့မယ် – ဒီလေ့ကျင့်ခန်းမှာခေါင်းကို အပေါ်ကိုမော့နိုင်သမျှမော့ရမှာပါ။ မျက်လုံးက မျက်နှာကြတ်ကိုမြင်ရတဲ့အထိခေါင်းကို အပေါ်ကိုဖြည်းဖြည်းချင်းမော့ရမှာပါ။ပြီးရင်တော့အောက်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းကိုအုပ်သွားတဲ့အထိ ထော်ပေးရမှာပါ။ ဒါမှမေးစေ့ကို အပေါ်ဘက်ကို ဆွဲတင်သလိုဖြစ်မှာပါ။ တစ်ခါလုပ်ရင် ၁၀ စက္ကန့်ကြာနဲ့ ၁၀ကြိမ်လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာကမေးနှစ်ထပ်ဖြစ်နေတာနဲ့ အဆီကြောင့် လည်ပင်းမပေါ်ဘဲပျောက်နေတာကို သက်သာစေမှာပါ။

ပါးဖောင်းမယ် – ငယ်ငယ်ငက ကစားဖူးတယ်ဟုတ်။လေဖောင်းတာမျိုးလေ။ လေကို ပါးတစ်ဖက်မှာ ၅ စက္ကန့်ကြာအောင်ဖောင်းပေးရပါမယ်။ တစ်ဖက်ပြီး တစ်ဖက်လုပ်ပေးရမှာပါ။ပြီးရင်တော့လေကိုပြန်ထုတ်တဲ့အခါ ပါးစပ်ကိုကျယ်ကျယ်ဟပြီးထုတ်ပေးပါ။ ဒီလိုလုပ်ပေးတာက ပါးက အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ပါးသားတွေကိုလည်း ကျစ်လျစ်စေနိုင်ပါတယ်။

ငါးမျက်နှာလုပ်မယ် – ပါးတွေကို အတွင်းဘက်ဆီကို ခပ်တင်းတင်းစုပ်သွင်းပြီး နှုတ်ခမ်းကို ငါးပါးစပ်ပုံစံဖြစ်အောင်လုပ်ရမှာပါ။ တစ်ခါလုပ်ရင် ၅ စက္ကန့်နှုန်းနဲ့ ၁၀ ကြိမ်လုပ်ပေးရပါမယ်။ ပါးက အဆီပိုတွေကိုဖယ်ရှားနိုင်မှာပါ။

မျက်လုံးေအာက်ကြွက်သားဆွဲဆန့်လေ့ကျင့်ခန်း – မှန်ထဲကိုကြည့်ပြီး မျက်လုံးအောက်ဘက်က ကြွက်သားတွေကို လက်ညှိုးတွေသုံးလို့ဘေးဘက်ကို ဆွဲဆန့်ပေးပါ။ ဒီလိုဆွဲဆန့်ချိန်မှာ မျက်လုံးကို မှိတ်ပါ။ ဒီလိုလုပ်ပေးတာက မျက်လုံးအောက်ဘက်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာပါ။ မျက်လုံးတဝိုက်သွေးစီးဆင်းမှုကောင်းမွန်စေပြီး မျက်ကွင်းညိုတာကိုပါ သက်သာစေနိုင်ပါတယ်။

ပလုတ်ကျင်းပါ – အစားစားပြီးတိုင်းရေငုံလို့ ပလုတ်ကျင်းတာကို ၂ မိနစ်ကြာလုပ်ပေးပါ။ ဒီလိုလုပ်တာက သွားနဲ့ခံတွင်းကျန်းမာစေသလို ပါးက အဆီပိုတွေကိုပါဖယ်ရှားနိုင်ပါတယ်။

ဘောလုံးမှုတ်ပါ – ဒါကလည်း မျက်နှာပေါ်က အဆီပိုတွေဖယ်ရှားဖို့နဲ့ မျက်နှာကြွက်သားတွေ သန်မာစေဖို့ လုပ်သင့်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။

ရယ်မောပါ – ရယ်မောတာက မျက်နှာကြွက်သားတွေအတွက်ကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်ရပ်ပါ။ ရယ်မောလေလေ မျက်နှာကြွက်သားတွေမှာသွေးစီးဆင်းရောက်ရှိမှုကောင်းမွန်လေလေဖြစ်ပြီး မျက်နှာကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ အဆီပိုတွေကိုလည်း အကောင်းဆုံးဖယ်ရှားနိုင်မှာပါ။

ပီကေဝါးပါ -နေ့တိုင်း မိနစ် ၂၀ ကြာ ပီကေဝါးပေးမယ်ဆိုရင်မျက်နှာရဲ့မေးစေ့နဲ့ ပါးနှစ်ဖက်က အဆီပိုတွေကို ဖယ်ရှားဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ ဒါကြောင့် မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားမယ်ဆိုရင် ပီကေဝါးတာကလည်းမေ့ထားလို့မဖြစ်တဲ့ မျက်နှာလေ့ကျင့်ခန်းလေးတစ်ခုပေါ့။

အခုပြောခဲ့တဲ့လေ့ကျင့်ခန်းတွေကို လုပ်ကြည့်ပြီး မျက်နှာပေါ်ကအဆီပိုတွေကို ဖယ်ရှားနိုင်ကြပါစေကြောင်း……

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/05/2022 ဖြစ်ပါသည်။