brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိမိချစ်ရသူများအတွက် ယောဂလေ့ကျင့်ရေးအစီအစဉ် ကူညီဆွဲပေးခြင်း

ယောဂသည် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို အားကောင်းစေသည့် အာနိသင်ထက်သောနည်းဖြစ်ပါသည်။ ၎င်းသည် ကိုယ်၊ စိတ်၊ ဝိဉာည် သုံးခုစလုံးအား တိကျသော ကိုယ်ဟန်ပုံစံများ၊ အသက်ရှုနည်းများနှင့် တရားမှတ်ခြင်းတို့မှတစ်ဆင့် ဆက်သွယ်ပေးသော ရှေးဟောင်းနည်းလမ်းလည်း ဖြစ်ပါသည်။ ယောဂလုပ်ပြီး ကျန်းမာမှုကို အမှန်အကန်ရရှိစေရန် သင်လုပ်နေသည့် အစီအစဉ်မှန်မှဖြစ်မည်။

မိမိချစ်ရသူများအတွက် ယောဂလေ့ကျင့်ရေးအစီအစဉ် ကူညီဆွဲပေးခြင်း

အောက်ပါအဆင့်များကို လိုက်နာပြီး သင့်အမျိုးသမီးအတွက် သင့်လျော်မည့် ယောဂအစီအစဉ်ကို ရှာဖွေကြည့်ပါ။

ယောဂနှင့်ပါတ်သတ်သမျှ အချက်အလက်များကို ရှာဖွေကာ သင့်ဇနီးနှင့် အသင့်လျော်ဆုံးကို ရွေးချယ်ပေးပါ

ရွေးချယ်စရာ ယောဂပုံစံအမျိုးမျိုး ရှိပါသည်။ သင့်ဇနီးသည်၏ ကျန်းမာရေးလယ်ဗယ်နှင့်ကိုက်ညီသည့် ယောဂစတိုင်၊ လုပ်ရသည့် ရည်မှန်းချက်နှင့် ကိုက်မည့်ယောဂစတိုင်တို့ကို ရွေးချယ်သင့်ပါသည်။ သင့်ပါတနာသည် ယခုမှစလုပ်မည့်သူဆိုပါက Hatha သည် သူမအတွက် အကောင်းဆုံးဖြစ်သည်။ ၎င်းတွင် အသက်ရှုခြင်းနှင့် အခြေခံကိုယ်ဟန်ပုံစံများကို အဓိကအသားပေးထား၏။

ချွေးထုတ်ဖို့ရန် ယောဂကျင့်ချင်သူဆိုပါက တစ်ကိုယ်လုံးလှုပ်ရှားရသည့် Vinyasa class ရော Ashtanga class ကိုပါ ရွေးချယ်နိုင်ပါမည်။ ထို့အပြင် Bikram သည် ကိုယ်ဟန်ပုံစံကို သေချာလုပ်ဆောင်ပြီး ပျော့ပျောင်းမှုကို အသားပေးသည့် ယောဂအပြင်းစားဖြစ်ပြီး ပူနွေးသည့်အခန်းတွင် လုပ်ရပါသည်။ သင်လိုသမျှအရာအားလုံးကို ရှာဖွေဖတ်ရှုပြီး သူမနှင့်သင့်တော်သည်ကိုသာ ဂရုတစိုက် ရွေးချယ်ပေးလိုက်ပါ။

ယောဂစမလုပ်ခင် သူမ၏ဆရာဝန်နှင့် အရင်ဆွေးနွေးပါ

သူမ၏ အသက်အရွယ်၊ ကျန်းမာရေးနှင့် လက်ရှိရုပ်ခန္ဓါကျန်းမာမှု စသည်တို့အပေါ်မူတည်ကာ သင့်လျော်သည့် ယောဂမျိုးကို ဆရာဝန်မှ ရွေးချယ်ပေးပါလိမ့်မည်။ ဘယ်လိုလေ့ကျင့်ခန်းမျိုးရှောင်ရမည် ဘယ်လိုဟာမျိုးကိုလုပ်နိုင်သည်ကို ပြောပြပေးပါလိမ့်မည်။

ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နိုင်ရန်အတွက် လက်တွေ့ကျသည့်အချိန်ကို သတ်မှတ်ပေးပါ

တစ်ဦးနှင့်တစ်ဦး လိုအပ်ချက်များ မတူပါ။ သင့်အမျိုးသမီး၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားပေါ်မူတည်ကာ သူမအတွက် အသင့်လျော်ဆုံး အချိန်အကန့်အသတ်ကို ရွေးချယ်ပေးနိုင်ပါသည်။ အဓိကမှာ မှန်မှန်လုပ်နိုင်ရန်သာ အရေးကြီးသည်။ တစ်ပတ်လျှင် သုံးကြိမ်လုပ်ရန် ရည်မှန်းချက်ချပေးခြင်းက နေ့စဉ်လုပ်မည်ဆိုခြင်းထက် ပိုကောင်းပါသည်။ မအောင်မြင်ဘူးဆိုသည့် ခံစားချက်သည် ထပ်လုပ်ချင်စိတ်ကိုပါ ကုန်ခမ်းစေနိုင်ပါသည်။

သူမလိုအပ်ချက်နှင့် အံကျသည့်လေ့ကျင့်ခန်းများကို ရွေးချယ်ပါ

အထက်တွင် သင်ရွေးချယ်လိုက်သည့် ယောဂအမျိုးအစားများအတိုင်း လေ့ကျင့်ခန်းများကို သူမလုပ်ရမည်ဖြစ်သည်။ ယောဂတစ်ခုစီတွင် ထူးခြားသည့် ကိုယ်ဟန်ပုံစံများ ရှိပါသည်။ Yuotube နှင့် ယောဂဝက်ဆိုဒ်များတွင်လည်း လေ့ကျင့်နိုင်မည့် ယောဂပုံစံများကို ရှာဖွေနိုင်ပါသည်။ ထို့အပြင် ယောဂရွေးချယ်ခြင်းဆိုင်ရာ စာအုပ်များကို ဝယ်ပေးနိုင်ပါသည်။ ဘယ်ယောဂပုံစံကိုမှ မလုပ်ခင် ညွှန်ကြားချက်အားလုံးကို အရင်ဖတ်ဖြစ်အောင် ဖတ်ရမည်ဖြစ်သည်။ ညွှန်ကြားချက်များကို မှန်မှန်ကန်ကန်လိုက်နာခြင်းက အန္တရာယ်မဖြစ်စေရန် ထိခိုက်ဒဏ်ရမရစေရန် အကူအညီပြုမည်ဖြစ်သည်။

ကကြီးကနေစပြီးလေ့ကျင့်ပါ

အစီအစဉ်အလိုက်လုပ်ရန်ချမှတ်သည့်အခါ ကလေးများ လမ်းမလျှောက်တတ်ခင် တွားသွားခြင်းကို အရင်သင်ယူကြသကဲ့သို့ စိတ်ကိုပွင့်လင်း ရှင်းလင်းစေမည့်ပုံစံများနှင့် စလုပ်ပါ။ ပြီးမှ တဖြည်းဖြည်းချင်း အဆင့်တိုးသွားရမည်ဖြစ်သည်။

ယောဂမလုပ်ခင် သွေးပူလေ့ကျင့်ခန်းများလုပ်ပါ

သွေးပူလေ့ကျင့်ခန်းများက ကိုယ်လက်လှုပ်ရှားမှုများလုပ်ရာတွင် အန္တရာယ်နည်းနည်း ဒဏ်ရာနည်းနည်း ဖြစ်စေရန် အကူအညီပေးပါသည်။ သွေးပူအောင်လုပ်ခြင်း၏ အကျိုးကျေးဇူးများမှာ အဓိကကြွက်သားအုပ်စုကြီးများအား လှုံ့စော်ပေးခြင်း၊ ကြွက်သားများကို ပူသွားစေခြင်း၊ သွေးလည့်ပတ်မှုကို လှုံ့စော်လိုက်ခြင်းတို့ကိုဖြစ်စေသည့်အပြင် သတိစိတ်နှင့် အသက်ရှုခြင်းကိုပါ တွဲလုပ်ပါက စိတ်ကိုငြိမ်ကျသွားစေပြီး လေ့ကျင့်ခန်းလုပ်ရာတွင် အကျိုးထူးစေနိုင်ပါသည်။ ယောဂစာအုပ်များတွင် သို့မဟုတ် အွန်လိုင်းတွင် သွေးပူလေ့ကျင့်ခန်းများကို ရှာဖွေနိုင်ပါသည်။

ညွှန်ကြားချက်များကို လိုက်နာပါ

ယောဂအမျိုးအစားရွေးချယ်ပြီးပါက ညွှန်ကြားချက်များကို လိုက်နာရန် သင့်အမျိုးသမီးကို အကြံပြုသင့်ပါသည်။ တခြားသော ကိုယ်လက်အားကစားများကဲ့သို့ ယောဂတွင်လည်း အပိုင်းသုံးပိုင်း ရှိ၏။ သွေးပူခြင်း၊ အဓိကလုပ်ဆောင်ရမည်များလုပ်ခြင်း၊ အပြီးသတ်ခြင်း တို့ဖြစ်ပါသည်။ အပိုင်းတစ်ခုစီတွင် သူ့အကျိုးနှင့်သူရှိသည်။ ချမှတ်ထားသည့် ရည်မှန်းချက်နှင့် သူမ၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ပေါ်လိုက်ကာ အသင့်တော်ဆုံးများကိုသာ ရွေးချယ်ပေးထားပါ။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် ထိုလေ့ကျင့်ခန်းကို အပြီးထိ ပြုလုပ်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။

မှန်မှန်လုပ်ပါ၊ ကိုယ်လိုချင်သည်များ ရလာပါလိမ့်မည်

အစီအစဉ်အကုန်ဆွဲပြီးပါက မှန်မှန်လေ့ကျင့်ရန် သူမကိုအားပေးပါ။ ယောဂလုပ်ခြင်းကို ဘာကြောင့်မှ မပျက်ကွက်ပါစေနှင့်။ ယောဂကို သူမ၏နေ့စဉ်အလုပ်တစ်ခုအဖြစ် စာရင်းသွင်းလိုက်ပါ။ အစီအစဉ်နှင့် အကျွမ်းတစ်ဝင်ရှိလာလျှင် ယောဂသည် သူမခန္ဓါကိုယ်ကို ဘယ်လိုပြောင်းလဲပေးနေကြောင်း သဘောပေါက်လာမည်ဖြစ်ပြီး စိတ်အားပိုထက်သန်လာပါလိမ့်မည်။

ယောဂသည် တစ်သက်တာလုံးလုပ်သင့်၏။ သူမအတွက် ဘယ်လိုယောဂမျိုးကို ရွေးချယ်ပေးထားပါစေ ကျန်းမာရေး အကျိုးကျေးဇူးများ ရကိုရမည်ဖြစ်သည်။ အထက်ပါအချက်များကိုလိုက်နာပြီး သင့်ဇနီးသည်အတွက် ယောဂအစီအစဉ်ဆွဲပေးလိုက်ပါ။ ထိုအခါ သင်လည်း အထောက်အကူအပြုဆုံး ခင်ပွန်းသည်တစ်ယောက် ဖြစ်လာပါလိမ့်မည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Hlaing Min Ko Ko · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။