
အမေရိကန်လူမျိုးတစ်ယောက်ရဲ့ တစ်ရက်ကိုပျှမ်းမျှ ခြေလှမ်းပေါင်းက ငါးထောင်ဖြစ်ပါတယ်။ တကယ်လို့ သင့်ခြေလှမ်းတွေက ဒီထက်နည်းနေမယ်ဆိုရင် လေ့ကျင့်ခန်းကြာကြာလုပ်ရန် စီစဉ်ဖို့ လိုပါပြီ။
Pedometer က သင့်ရဲ့လှုပ်ရှားမှုကို ချက်ချင်းပြန်ဆန်းစစ်ပေးနိုင်တဲ့ ကိရိယာတစ်ခုပါ။ သူဟာ သင့်ရဲ့လှုပ်ရှားမှုလုပ်ငန်းစဉ်ကိုနည်းနည်းချင်းပြောင်းလဲခြင်းဖြင့် တိုးတက်လာအောင် ကူညီပေးပါတယ်။
ဒီပြောင်းလဲမှု သေးသေးလေးတွေကနေ သင့်အနေနဲ့ ကြီးမားတဲ့အောင်မြင်မှု ရလာနိုင်ပြီး သင့်ရဲ့ကယ်လိုရီတွေကိုလည်း ပိုမိုလောင်ကျွမ်းစေပါတယ်။ ဒီနည်းလမ်းက သင့်ကိုအချိန်ပိုမကုန်စေတဲ့အပြင် တခြားကိရိယာတန်ဆာပလာတွေလည်း မလိုအပ်ပါဘူး။ သင့်ကားကို ခပ်ဝေးဝေးမှာ ပါကင်ထိုးပါ။ ဒါက သင့်ကို လမ်းပိုလျှောက်စေတဲ့အပြင် ရုံးနဲ့နီးတဲ့နေရာကို လိုက်ပတ်ပြီး ပါကင်ရှာထိုးရတဲ့ အချိန်မကုန်တော့ပါဘူး။ ဒါကို ရှော့ပင်းမောလ်၊ ဈေးနဲ့ အလုပ်သွားတဲ့အခါမှာ လုပ်ပါ။
တကယ်လို့ သင်က မြို့ကြီးကြီးမှာ အလုပ်လုပ်တယ်ဆိုရင် ရုံးနဲ့ဝေးတဲ့ နေရာမှာသာ ပါကင်ထိုးပါ။ အလုပ်ကို ဘတ်စ်ကား ဒါမှမဟုတ် ရထားနဲ့သွားပါ။ ဒီလိုသွားတာက သင့်ကို လမ်းပိုလျှောက်စေပါတယ်။ ဒီနည်းလမ်းက ကားပိတ်တာတွေ မကြုံရတဲ့အတွက် သင့်ကို စိတ်မဖိစီးအောင်လည်း ကာကွယ်ပေးပါတယ်။ သွားနေတဲ့လမ်းမှာ သတင်းစာဖတ်တာပဲဖြစ်ဖြစ် အချိန်ကိုအကျိုးရှိအောင် အသုံးချသွားပါ။
တကယ်လို့ သင်က မြို့ငယ်လေးမှာ နေတာဆိုရင်တော့ စက်ဘီးနဲ့သွားပါ။ အဲဒါက တော်တော်ထိရောက်တဲ့ လေ့ကျင့်ခန်းပါ။
(၁) လှေကားတက်ပါ။ ဓာတ်လှေကားသုံးမယ့်အစား ဖြည်းဖြည်းချင်း လှေကားတက်သွားပါ။ တကယ်လို့ အပေါ့အပါးသွားချင်တယ်ဆိုလည်း အထပ်အမြင့်က သန့်စင်ခန်းကိုသွားပြီး လှေကားနဲ့ အတက်အဆင်းလုပ်ပါ။ လုပ်စရာရှိတိုင်း သွားစရာရှိတိုင်း ဓာတ်လှေကားကို မသုံးဘဲ ရိုးရိုးလှေကားကို သုံးဖို့ကြိုးစားကြည့်ပါ။
(၂) အလုပ်ကို ရောက်တဲ့အခါမှာလည်း လမ်းနည်းနည်း ထပ်လျှောက်ပါ။ ရုံးကို တစ်ပတ်ပတ်ပြီး ဒါမှမဟုတ် ခေါက်တုန့်ခေါက်ပြန်လျှောက်ပြီးမှ အလုပ်ထဲဝင်ပါ။
(၃) နေ့လည်စာစားချိန်မှာလည်း လမ်းလျှောက်ပါ။ ၁၅မိနစ်လောက် အနည်းဆုံးလျှောက်ပါ။ ထိုသို့ ပြုလုပ်ခြင်းဟာ နေ့လယ်ခင်းအိပ်ငိုက်တာကိုလည်း သက်သာစေပြီး ကျန်တစ်နေ့လုံးအတွက် ပြန်လန်းဆန်းလာစေမှာပါ။
နှလုံးရောဂါရှိနေတဲ့သူ တစ်ယောက်အနေနဲ့ လေ့ကျင့်ခန်းတစ်ခုခုစလုပ်တော့မယ်ဆိုရင် အရင်ဆုံးဆရာဝန်နဲ့တိုင်ပင်ပါ။ ဆရာဝန်ကသင့်ရဲ့ခံနိုင်ရည်နဲ့ ချိန်ပြီးသင့်တော်တဲ့ လေ့ကျင့်ခန်းကို ဆော်ရန်ရှောင်ရန်တွေနဲ့ ပြောပါလိမ့်မယ်။