backup og meta

kinesiology တိပ်တွေဟာ အပြေးသမားတွေအတွက်ရော အသုံးဝင်သလား

သင်ဟာ အပြေးသမားတယောက်လား။ ဘောလုံးသမားတွေ၊အလေးမသမားတွေ ဒါမှမဟုတ် တင်းနစ်ကစားသမားတွေရဲ့ ခန္ဓါကိုယ်မှာ ရောင်စုံတိပ်လေးတွေ ကပ်ထားတာ တွေ့ဖူးပါသလား။ ဒီတိပ်လေးတွေဟာ သင့်အတွက်ရော အသုံးဝင်မလားလို့ တွေးဖူးပါသလား။

kinesiology တိပ်တွေဟာ အပြေးသမားတွေအတွက်ရော အသုံးဝင်သလား

kinesiology တိပ်နဲ့ပတ်သက်တဲ့ သင့်မေးခွန်းတွေအားလုံးအတွက် အဖြေကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။

အပြေးသမားတွေ ရင်ဆိုင်ကြုံတွေ့လာရနိုင်တဲ့ ပြဿနာများ

အပြေးသမားတွေ အနေနဲ့ အလွန်အကျွံလှုပ်ရှားခြင်း ဒါမှမဟုတ် လှုပ်ရှားမှုပုံစံမမှန်ခြင်းတို့ကြောင့် ထိခိုက်ဒါဏ်ရာတွေ ရရှိလာနိုင်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာအချို့ကို အောက်မှာဖော်ပြထားပါတယ်။

· ဒူးထိခိုက်ခြင်း : သင့်ဒူးကို အသုံးပြုမှုများပြားတဲ့အခါ ဒူးခေါင်းကို အုပ်ထားတဲ့ အရိုးနုဟာ တဖြည်းဖြည်းနဲ့ ထိခိုက်ပျက်စီးလို့ လာပါတယ်။ အကျိုးဆက်အနေနဲ့ လှေကားအတက်အဆင်းလုပ်ချိန်တွေမှာ နာကျင်မှုကို ခံစားရပါတော့တယ်။

· ဖိစီးမှုများခြင်းကြောင့် အရိုးအက်ခြင်း : သင့်အနေနဲ့ လှုပ်ရှားမှု/ပြေးလွှားမှုတွေကို အလွန်အကျွံပြုလုပ်ပြီးတဲ့နောက်မှာ ဒီအခြေအနေကို ခံစားရလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သင့်ခန္ဓါကိုယ်ဟာ ဒီလိုလှုပ်ရှားဆောင်ရွက်မှုတွေနဲ့ မရင်းနှီးသေးလို့ ဖြစ်ပါတယ်။ ဖိစီးမှုများခြင်းကြောင့် အရိုးအက်ခြင်းဟာ ခြေသလုံးရိုးနဲ့ အခြားသော ခြေထောက်ရိုးတွေကို အဓိကထိခိုက်လေ့ရှိပါတယ်။ အရိုးအက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုဟာ လှုပ်ရှားရင်ပိုဆိုးပြီး နားလိုက်ရင် သက်သာသွားတတ်ပါတယ်။

· ခြေသလုံးရိုးတဝိုက်နာခြင်း : လေ့ကျင့်လှုပ်ရှားမှုအတိုင်းအတာကို ရုတ်တရက်ပြောင်းလဲလိုက်တဲ့ အခြေအနေတွေမှာ ဒီပြဿနာ ဖြစ်ပေါ်လာနိုင်ပြီး ခြေသလုံးရိုးတဝိုက် နာကျင်လာပါလိမ့်မယ်။

· ကြွက်သားဒါဏ်ဖြစ်ခြင်း : သင့်ကြွက်သားတွေကို အလွန်အကျွံ ဆွဲဆန့်သလိုဖြစ်တာကြောင့် အနည်းငယ်စုတ်ပြဲသွားတဲ့အခါ ဒီပြဿနာဖြစ်ပေါ်လာပါလိမ့်မယ်။

· ခြေဖနောင့်ကြွက်သားနာကျင်ခြင်း : သင့်ခြေဖနောင့်မှာ အတန်းလိုက်ရှိနေတဲ့ တစ်ရှုးလေးတွေကို plantar fascia လို့ခေါ်ပြီး အဆိုပါ တစ်ရှုးလေးတွေ ရောင်ရမ်းတဲ့အခါ နာကျင်မှုကို ခံစားရပါလိမ့်မယ်။

· ဖိနပ်ပေါက်ခြင်း : သင့်ခြေထောက်နဲ့ ဖိနပ်တို့ ပွတ်တိုက်တဲ့အခါ အရည်ကြည်ဖုလေးတွေဖြစ်ပေါ်လာပြီး ဒါကို ဖိနပ်ပေါက်တယ်လို့ ခေါ်ပါတယ်။ အရည်ကြည်ဖုလေးတွေဟာ တခါတရံ ပေါက်ထွက်သွားနိုင်ပါသေးတယ်။ အရည်ကြည်ဖုလေးတွေ ဖြစ်လာရင် အင်မတန်နာကျင်ပါလိမ့်မယ်။

အပြေးသမားတွေကို ကုသမှုပေးတဲ့အခါ ဘာတွေကို အဓိကဦးတည်ရမလဲ။

နာကျင်မှုတွေ သက်သာလျော့ပါးသွားအောင်၊ကြွက်သားတွေ ကျန်းမာသန်စွမ်းနေအောင်၊ပြေလျော့မှုရှိအောင်၊ထိခိုက်အနာတရတွေ သက်သာသွားအောင် ဦးတည်သလို ကြွက်သားတွေအနေနဲ့ အာဟာရဓါတ်ပြည့်ဝစွာ ပါဝင်တဲ့ သွေးပံ့ပိုးမှု လုံလောက်မျှတစွာ ရရှိဖို့လည်း ရည်ရွယ်ပါတယ်။

ကုသမှုမှာ အသုံးပြုတဲ့ တိပ်တွေဟာ အသုံးပြုရလွယ်ကူဖို့လိုသလို ပြန်ခွာရလွယ်ကူဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် အလေးချိန်အရမ်းများရင် အပြေးနှုန်းကို ထိခိုက်နိုင်တာမို့ ပေါ့ပါးတဲ့ တိပ်တွေကိုပဲ အသုံးပြုသင့်ပါတယ်။

Kinesiology တိပ်က အပြေးသမားတွေအတွက် အသုံးဝင်သလား။

အခုနောက်ပိုင်းနှစ်တွေမှာ Kinesiology တိပ်တွေကို အသုံးပြုလာကြပါပြီ။ ခပ်တင်းတင်းဆွဲဆန့်ထားတဲ့ တိပ်တွေကို သင့်အရေပြားပေါ်မှာ ကပ်လိုက်တဲ့အခါ အဆိုပါတိပ်တွေက သင့်ခန္ဓါကိုယ်ကို နှိုးဆွပေးတဲ့အတွက် တုံ့ပြန်မှုအနေနဲ့ အရေပြားက ပြန်ပြီး မ,တင် ပေးပါတယ်။

Kinesiology တိပ်တွေဟာ ကြွက်သားတွေ ပုံမှန်အတိုင်း လှုပ်ရှားလုပ်ကိုင်နိုင်အောင် အားပေးကူညီတဲ့အပြင် သွေးလည်ပတ်မှုနဲ့ ပြန်ရည်စီးဆင်းမှုတွေကိုလည်း ပိုများစေပါတယ်။ ဒါ့အပြင် သင့်ခန္ဓါကိုယ်မှာ ကိုယ်နေဟန်ထားလွဲမှားမှုတွေရှိနေရင်လည်း Kinesiology တိပ်တွေကို ပြုပြင်ပေးနိုင်ပါသေးတယ်။

Kinesiology တိပ်တွေဟာ ရေစိုခံတာမို့ ပြေးရင်းချွေးထွက်တဲ့အခါ တိပ်တွေကွာသွားမှာကို ပူစရာမလိုပါဘူး။ အရောင်အသွေးစုံလင်တဲ့ Kinesiology တိပ်တွေကြောင့် သင့်အနေနဲ့ ပိုပြီးသက်တောင့်သက်သာရှိကာ မိမိကိုယ်ကို ယုံကြည်မှုလည်း ပိုတိုးလာမယ်ဆိုတာ ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။

Kinesiology တိပ်တွေဟာ ကုသမှုပုံစံအသစ်ဖြစ်တာမို့ စတင်အသုံးမပြုခင်မှာတော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပြီး တိပ်ကပ်တဲ့အခါမှာလည်း တတ်ကျွမ်းတဲ့ ဆရာဝန်က ပြုလုပ်ပေးရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။

kinesiology တိပ်ကို မသုံးစွဲသင့်သူတွေက ဘယ်သူတွေလဲ။

kinesiology တိပ်တွေဟာ ယေဘုယျအားဖြင့် စိတ်ချရပြီး အန္တရာယ်ကင်းတယ်ဆိုပေမယ့် အချို့လူတွေမှာ ဘေးထွက်ဆိုးကျိုးအနည်းငယ်ကို ဖြစ်စေနိုင်တာမို့ သင့်အနေနဲ့ အသုံးမပြုခင် သေချာစွာ စဉ်းစားသင့်ပါတယ်။

အောက်ဖော်ပြပါ အခြေအနေတွေထဲက အနည်းဆုံး တချက်ရှိနေရင် kinesiology တိပ်ကို အသုံးမပြုသင့်ပါဘူး။

· ချည် ဒါမှမဟုတ် အခရိုင်းလစ်နဲ့ ပြုလုပ်ထားတဲ့ တိပ်တွေနဲ့ ဓါတ်မတည့်ခြင်း။kinesiology တိပ်တွေဟာ သင့်အသားနဲ့ ကပ်နေမှာ ဖြစ်တာကြောင့် သင့်အနေနဲ့ အခရိုင်းလစ် ဒါမှမဟုတ် အခြားသော စေးကပ်တဲ့ ဂျဲလ်တွေနဲ့ ဓါတ်မတည့်ဖူးဆိုရင် kinesiology တိပ်ကို ရှောင်ရှားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်အနေနဲ့ kinesiology တိပ်တွေကို လေ့ကျင့်ခန်းလုပ်နေစဉ်သာမကပဲ (ချွေးထွက်နေချိန်၊ရေချိုးနေချိန်တွေ အပါအဝင်) တချိန်လုံးကပ်ထားရမှာဖြစ်တာကြောင့်ပါ။

· အရေပြားပြဿနာများရှိခြင်း : ကောင်းစွာ မကျက်သေးတဲ့ ကွဲရှအနာတွေ၊ဟင်းလင်းပွင့်နေတဲ့ အနာတွေပေါ်မှာ kinesiology တိပ်ကို မကပ်သင့်ပါဘူး။ အနာကို ပိုဆိုးစေနိုင်တဲ့အတွက် ဖြစ်ပါတယ်။ တကယ်လို့ သင့်အသားရေဟာ ဓါတ်မတည့်ခြင်းဖြစ်လွယ်တယ်၊ထိရှလွယ်တယ်ဆိုရင်လည်း kinesiology တိပ်ကို အသုံးမပြုခင်မှာ သေချာစဉ်းစားရပါမယ်။

· kinesiology တိပ်ကို အသုံးမပြုသင့်တဲ့ အခြားသော အခြေအနေတွေလည်း အများကြီးရှိပါသေးတယ်။kinesiology တိပ်ကို အသုံးမပြုခင်မှာ သင့်ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

တိပ်ဟာ ပြေးလွှားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နာကျင်မှုတွေကို လျော့ပါးသက်သာစေပြီး ခြေထောက်ကြွက်သားတွေကို သန်မာစေတဲ့အပြင် သွေးထောက်ပံ့မှုကိုလည်း များပြားစေတဲ့အတွက် အပြေးသမားတွေအတွက် အသုံးဝင်ပါတယ်။

ဒါပေမယ့် အခြားသော ကုသမှုတွေနည်းတူ Kinesiology တိပ်ကို အသုံးမပြုသင့်သူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် Kinesiology တိပ်ဟာ သင့်အတွက် သင့်တော်မှုရှိမရှိ သိနိုင်စေဖို့အတွက် တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေနဲ့ မေးမြန်းဆွေးနွေးတိုင်ပင်ရပါမယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Campolo M, Babu J, Dmochowska K, Scariah S, Varughese J. A comparison of two taping

techniques (kinesiokinesiology and Mcconnell) and their effect on anterior knee pain during

functional activities. International Journal of Sports Physical Therapy. 2013;8(2):105-110.

  1. Lemos TV, Albino ACG, Matheus JPC, Barbosa A de M. The Effect of KinesioKinesiology Taping in

Forward Bending of the Lumbar Spine. Journal of Physical Therapy Science. 2014;26(9):1371-

  1. doi:10.1589/jpts.26.1371.
  2. Williams, S., Whatman, C., Hume, P.A. et al. KinesioKinesiology Taping in Treatment and

Prevention of Sports Injuries. Sports Medicine (2012) 42: 153. doi:10.2165/11594960-

000000000-00000.

  1. KinesioKinesiologylogy athletic tape. http://www.webmd.boots.com/fitness-exercise/guide/kinesiokinesiologylogy-athletic- tape. Accessed January 17, 2017.

ယခုပုံစံ

24/03/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေ့ကျင့်ခန်းပြင်းအား ကို ဘယ်လိုတိုင်းတာမလဲ။

နှလုံးရောဂါ ရှိသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 24/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ