ပြေးတဲ့အခါ ဖြစ်လေ့ဖြစ်ထအရှိဆုံး ပြဿနာကတော့ နာကျင်မှုပါပဲ။ ပြေးတဲ့အလေ့အကျင့်ရှိသူ မည်သူမဆို တစ်ခါမဟုတ်တစ်ခါ မပြောပလောက်တဲ့ ဝေဒနာများ ခံစားရတတ်ပေမယ့် ပြေးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အကြီးစားထိခိုက်ဒဏ်ရာတွေကိုလည်း သတိပြုသင့်ပါတယ်။
ပြေးတဲ့အခါ ဖြစ်လေ့ဖြစ်ထအရှိဆုံး ပြဿနာကတော့ နာကျင်မှုပါပဲ။ ပြေးတဲ့အလေ့အကျင့်ရှိသူ မည်သူမဆို တစ်ခါမဟုတ်တစ်ခါ မပြောပလောက်တဲ့ ဝေဒနာများ ခံစားရတတ်ပေမယ့် ပြေးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အကြီးစားထိခိုက်ဒဏ်ရာတွေကိုလည်း သတိပြုသင့်ပါတယ်။

Patellofemoral pain syndrome လို့ အမည်တွင်တဲ့ ဒူးဝေဒနာဟာ ပြေးတဲ့အလေ့အကျင့်ရှိသူတွေမှာ အဖြစ်အများဆုံး ပြဿနာဖြစ်ပါတယ်။ ပြေးတဲ့အခါ အဆက်မပြတ် လှုပ်ရှားရတဲ့အတွက် ဒူးနှစ်ဘက်ပေါ် အလေးချိန်ပိုပိစေပြီး အချိန်ကြာလာတာနဲ့အမျှ ဒူးနာတဲ့ဝေဒနာကို ခံစားရမှာ ဖြစ်ပါတယ်။ ခြေဖဝါးနှစ်ဖက်ကို လိုတာထက်ပိုပြီး အပြင်ဘက်လှည့်တတ်သူတွေ၊ ပေါင်ရဲ့အရှေ့ဘက်ခြမ်းက အဓိကကြွက်သားလေးမြှောင်း အားနည်းသူတွေ၊ တင်ပါးဆုံနဲ့ တင်ပါးဆုံကြွက်သား အားနည်းသူတွေမှာ အဖြစ်များပြီး ပြေးတဲ့အကွာအဝေးလျှော့ချခြင်း၊ အရောင်ကျဆေး အသုံးပြုခြင်း၊ ဒူးစွပ်စွပ်ခြင်းအားဖြင့် ဒူးနှစ်ဘက်ပေါ်သက်ရောက်မယ့် အလေးချိန်ကို လျှော့ချနိုင်ပါတယ်။
ခြေဖနောင့်အရွတ်ရောင်ခြင်း – ပြေးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ နောက်ထပ်ပြဿနာတစ်ခုကတော့ Archilles tendon လို့ လူသိများတဲ့ ခြေဖနောင့်အရွတ်ကြီး ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ ဒီပြဿနာဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ ပြေးသည့်အကွာအဝေး လျှင်မြန်စွာတိုးမြှင့်ခြင်း၊ မိမိနှင့်မသင့်တော်သည့် ရှူးဖိနပ်များစီးခြင်း၊ ခြေသလုံးကြွက်သားများ အားနည်းခြင်းတို့ပဲ ဖြစ်ပါတယ်။ မိမိပြေးနေကျ အကွာအဝေးကို အချိန်တိုအတွင်း မတန်တဆ တိုးမြှင့်လိုက်တဲ့အခါ ခြေဖနောင့်အရွတ် ဒဏ်ဖြစ်ရာကတဆင့် နာကျင်မှုဝေဒနာကို ခံစားရမှာဖြစ်ပြီး အရောင်ကျဆေးများ အသုံးပြုခြင်း၊ ရေခဲအုံခြင်း၊ ခြေထောက်ကို စနစ်တကျ ဆန့်ပေးခြင်း၊ သင့်တော်တဲ့ရှူးဖိနပ်များ ရွေးချယ်ဝတ်ဆင်ခြင်း စတဲ့နည်းလမ်းတွေက ၎င်းပြဿနာကို သက်သာစေနိုင်ပါတယ်။
သင်ပြေးနေစဉ်အချိန်အတွင်း သင့်ခြေထောက်ဟာ မြေကြီးပေါ် တည့်တည့်မကျဘဲ အတွင်း သို့မဟုတ် အပြင်ဘက်ကို လည်ထွက်သွားတတ်ပါတယ်။ ဒီအခြေအနေမျိုးမှာ အမှတ်တမဲ့ သတိမမူမိရင် ရလဒ်အနေနဲ့ ခြေကျင်းဝတ်လည်သွားနိုင်ပြီး ဆေးဝါးကုသမှု ခံယူရမှာဖြစ်ပါတယ်။ ကျွမ်းကျင်သူပညာရှင်တွေကတော့ ခြေကျင်းဝတ်ပတ်ပတ်လည်က ကြွက်သားတွေ သန်စွမ်းအောင် ခန္ဓါကိုယ်ဟန်ချက်ထိန်းတဲ့ လေ့ကျင့်ခန်းများ (ဥပမာ ခြေတစ်ချောင်းထောက် ထိုင်ထ) ပြုလုပ်ဖို့ အကြံပြုထားပါတယ်။ ခြေကျင်းဝတ်လည်သွားတဲ့ အတိုင်းအတာကိုလိုက်ပြီး နာကျင်မှုဝေဒနာဟာလည်း ဖြည်းဖြည်းချင်း သက်သာသွားမှာ ဖြစ်ပါတယ်။
ပြေးတဲ့အခါ အရေပြားနဲ့ ရှူးဖိနပ် လိုတာထက်ပိုပြီး ထိတွေ့ပွတ်တိုက်မှုကြောင့် အရေပြားအပေါ်ယံလွှာ ပေါက်ပြဲပြီး အရည်ကြည်ဖုတွေ ပေါက်လာတတ်ပါတယ်။ အချိန်တန်ရင် အရည်ကြည်ဖုတွေ သူ့အလိုလို ပျောက်သွားမှာဖြစ်ပေမယ့် သင့်ခြေထောက်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ရှူးဖိနပ်တွေစီးခြင်း၊ ခြေအိပ်စွပ်ခြင်းအားဖြင့် အရည်ကြည်ဖု ထပ်မပေါက်အောင် ကာကွယ်နိုင်ပါတယ်။
ဒါကတော့ အပြေးသမားတိုင်းလိုလို ခံစားရတဲ့ ဝေဒနာဖြစ်ပါတယ်။ အစာအိမ်ရဲ့ ဘေးဘက်ကနေ စတင်ဖြစ်ပေါ်ပြီး အဆုတ်နဲ့ အစာအိမ်ကြားက ကြွက်သားတွေ အလွန်အကျွံ လှုပ်ရှားရခြင်းကြောင့် ဒီဝေဒနာကို ခံစားရတာ ဖြစ်ပါတယ်။ ပြေးတဲ့ကိုယ်နေဟန်ထား ပုံစံမကျခြင်းကလည်း ဘေးနံအောင့်တဲ့ပြဿနာ ဖြစ်စေနိုင်ပါတယ်။ ကုသမှုနည်းစနစ်တွေကတော့ ခန္ဓါကိုယ်ကို ရှေ့သို့ကိုင်းညွတ်ခြင်း၊ ခန္ဓါကိုယ်အလယ်ပိုင်း (ဝမ်းဗိုက်၊ ခါး၊ ကျော၊ တင်ပါးဆုံ) ကြွက်သားများ တောင့်တင်းစေခြင်း၊ နှုတ်ခမ်းစူပြီး အသက်ရှူခြင်းတို့ပဲ ဖြစ်ပါတယ်။
နည်းစနစ်တကျပြေးခြင်းဟာ ခန္ဓါကိုယ် အချိုးအစားကျနစေဖို့ အများအပြား အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့သလိုပဲ အပြေးသမားအများစုဟာ ထိခိုက်ဒဏ်ရာ တစ်ခုမဟုတ်တစ်ခု ရနိုင်တယ်ဆိုသော်ငြားလည်း မှန်ကန်တဲ့ ပြေးနည်းစနစ် လမ်းညွှန်မှုတွေအတိုင်း လိုက်နာမယ်ဆိုရင် ဒဏ်ရာရနိုင်ချေ အလွန်နည်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးပူလေ့ကျင့်ခန်းနဲ့ ကိုယ်ကာယလေ့ကျင့်ပြီးတိုင်း နောက်ဆက်တွဲလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်နေမယ်၊ ဖြည်းဖြည်းမှန်မှန် အပြေးလေ့ကျင့်မယ်ဆိုရင် သင့်အတွက် အရာအားလုံး အဆင်ပြေချောမွေ့နေမှာ ဖြစ်ပါတယ်။