မိုးရာသီကို ကျော်လွန်လို့ ဆောင်းရာသီထဲကို စတင်ချဉ်းနင်းလာနေပါပြီ။ ဒီနှစ်လည်း အအေးလှိုင်းဖြတ်ဖို့ရှိနေတာမို့ အေးချမ်းလှတဲ့ ဆောင်းမနက်ခင်းလေးတွေကို ပိုင်ဆိုင်ရဖို့ရှိနေပါတယ်။ ဒီလို ဆောင်းမနက်ခင်း အေးအေးလေးတွေမှာ ကျန်းမာရေးအတွက် စက်ဘီးစီးပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
ဘာလို့ စက်ဘီးစီးဖို့ တိုက်တွန်းတာလဲဆိုရင် မြန်မာအတော်များများဟာ စက်ဘီးနဲ့ မကင်းကြပါဘူး။ စက်ဘီးကို နေ့စဉ်လူနေမှုဘဝမှာ အသုံးချနေကြဆဲလူတွေရှိကြသလို နေအိမ်တွေမှာလည်း စက်ဘီးပိုင်ဆိုင်တဲ့လူတွေ အများအပြားရှိနေကြတာမို့ပါ။
နိုင်ငံတကာမှာဆိုရင်တော့ စက်ဘီးစီးတဲ့ အလေ့အထ ပြန်လည်ခေတ်စားလာနေပြီး တိုင်းပြည်အသီးသီးရဲ့ အစိုးရတွေက စက်ဘီးစီးဖို့ သီးသန့်လမ်းတွေ ဖောက်ပေးဖို့တောင် ကြိုးပမ်းနေကြပါပြီ။ ရန်ကုန်မှာလည်း တစ်ချို့နေရာတွေမှာ စက်ဘီးသီးသန့်လမ်းလေးတွေ ရှိနေပါပြီ။ နောက်ပြီး စက်ဘီးအေးအေးလူလူထွက်စီးလို့ရတဲ့ နေရာတွေလည်း ရှိပါရဲ့။
စက်ဘီးစီးတာက ကျန်းမာရေးအကျိုးကျေးဇူးတွေများပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို ပြောပြပါရစေ။
ကျန်းမာစေဖို့ စက်ဘီးစီးကြစို့
စက်ဘီးစီးတာဟာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်ပါတယ်။ စက်ဘီးစီးတဲ့အလေ့အထဟာ ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေရတာကြောင့် စိတ်ဓာတ်ကျနေတဲ့လူတွေ၊ စားလိုက်အိပ်လိုက်နဲ့နေနေရတာမို့ အဝလွန်နေတဲ့လူတွေကို ကျန်းမာကြံ့ခိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။
ပုံမှန်အားဖြင့် စက်ဘီးစီးတာဟာ ကိုယ်အလေးချိန် လျှော့ချတာအပြင် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ သွေးတိုး၊ ဆီးချို၊ အရိုးနဲ့သက်ဆိုင်တဲ့ရောဂါတွေ သက်သာစေဖို့ အကျိုးပြုနိုင်ပါတယ်။ သက်လုံလည်း ကောင်းစေနိုင်ပါသေးတယ်။
မနက်ခင်းစောစောလေးတွေထပြီး အေးအေးလူလူ စက်ဘီးစီးပေးမယ်ဆိုရင် သင့်ခန္တာကိုယ်မှာ အောက်ပါအတိုင်း အကျိုးထူးတွေ ခံစားလာရမှာပါ။
- ထိခိုက်ဒါဏ်ရာရတာနည်းလာမယ်၊
- ကြွက်ကသားတွေ တောင့်တင်းကြံ့ခိုင်လာမယ်၊
- အားကစားပြုလုပ်ရာမှာ ပိုမိုလွယ်ကူလာမယ်၊
- ကြံ့ခိုင်မှုနဲ့ သက်လုံကောင်းမွန်လာမယ်၊
- စိတ်ငြိမ်းချမ်းမယ်၊
- သွေးလေလည်ပတ်မှုကောင်းမယ်၊
- နုပျိုမယ်၊စိတ်ခံစားချက်ကောင်းမွန်မယ်၊
- ဖျားနာတာ၊ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ခဲ့ရင် ပျောက်ကင်းနှုန်းပိုမိုမြန်ဆန်လာမယ်
- ကိုယ်ရည်စစ်လာမယ်။
တကယ်လို့ သင်က ပုံမှန် စက်ဘီးစီးနေတဲ့ သူတစ်ယောက်ဆိုပါစို့။ ဒါဆိုရင်တော့ စက်ဘီးပုံမှန် စီးတာကြောင့် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ အကျိုးကျေးဇူးအများအပြား ရရှိလာမှာပါ။ ဘာတွေလဲဆိုရင်တော့
- ပေါ့ပါးသွက်လက်လာမယ်
- အဆစ်အမြစ်တွေ အားကောင်းလာမယ်
- စိတ်ဖိစီးမှု လျော့ကျလာမယ်
- နှလုံးကြံ့ခိုင်မှုတိုးတက်လာမယ်
- အရိုးတွေ ခိုင်မာလာမယ်
- အဆီတွေ လျော့ကျလာမယ်
- ခန္တာကိုယ်တောင့်တင်းသန်မာလာမယ်
- ကိုယ်ဟန်အနေအထား ကြည့်ကောင်းလာမယ်
- စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကတွေကို လျော့ချနိုင်လာမယ်။
စက်ဘီးကို အလှစီးတာမဟုတ်ပဲ၊ ကုန်ကျစရိတ်သက်သာစေဖို့၊ ဘေးအန္တရာယ်ကင်းစေဖို့၊ သွားလာရေးလွယ်ကူစေဖို့၊ ကျန်းမာစေဖို့ ရည်ရွယ်ပြီး စီးသင့်ပါတယ်။
ကိုဗစ်ကာလကြီးအတွင်း စိတ်ရောကိုယ်ပါ ကျန်းမာဖို့နဲ့ အသုံးစားရိတ်တွက်ခြေကိုက်ဖို့အတွက် စက်ဘီးစတဲ့အလေ့အထကို ပြန်လည်အသုံးချလာပါတယ်။ ပြောရရင် စက်ဘီးစီးတာက ကမ္ဘာတစ်လွှားမှာ လူကြိုက်များတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်လာနေပါပြီ။
တကယ်လို့ ကိုယ့်ကျန်းမာရေးတစ်ခုတည်းအတွက်ပဲ ရည်ရွယ်ပြီး တစ်နေ့ကို ၂ နာရီလောက် အချိန်ပေးပြီး စက်ဘီးစီးမယ်ဆိုရင်တောင်မှ သိပ်မကြာခင်မှာ သင့်ရဲ့ ကျန်းမာရေးဟာ သိသိသာသာ ပြောင်းလဲတိုးတက်လာမှာပါ။
[embed-health-tool-heart-rate]

















