ခေါင်းစဉ်ကို ကြည့်ပြီး Hello ဆရာဝန်က ဘာတွေပေါက်ကရ ရေးမှာလဲလို့ တွေးနေပြီလား။ ကျွန်တော်တို့နိုင်ငံမှာက မာဆတ်ဆိုတဲ့ စာလုံးမြင်တာနဲ့ မကောင်းတဲ့အရာကြီးတခုလို ရုတ်တရက် မြင်သွားတတ်ကြပါတယ်။ ဒါပေမယ့် အခုဆောင်းပါးလေးမှာတော့ အနှိပ်ခံခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးသွားမှာပါ။

(၁) ကိုယ်စိတ်ဖြေလျှော့မှု ရှိစေခြင်း
သင့်စိတ်နဲ့ခန္ဓါမှာ တင်းကြပ်မှု၊ဖိစီးမှုတွေရှိနေပြီ၊နွမ်းနယ်နေပြီဆိုရင် ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ခန္ဓါကိုယ်ကနေ ထုတ်ပေးပါတယ်။ ဒီဟော်မုန်းထွက်ရှိလာခြင်းရဲ့ အကျိုးဆက်တွေအနေနဲ့ ကိုယ်အလေးချိန်တက်ခြင်း၊အိပ်မပျော်ခြင်း၊အစာမကြေခြင်း၊ခေါင်းကိုက်ခြင်း အစရှိတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဦးတည်လာစေပါတယ်။ အနှိပ်ခံခြင်းဟာ သင့်ခန္ဓါကိုယ်ထဲမှာရှိတဲ့ ကော်တီဇောဟော်မုန်းပမာဏကို လျှော့ချပေးတယ်လို့ လေ့လာသုတေသနပြုချက်တွေအရ သိရှိရပါတယ်။ ဒါကြောင့် သင့်ခန္ဓါကိုယ်အနေနဲ့ ဖိစီးမှုမျိုးစုံကနေ အနားရသွားမှာဖြစ်တဲ့အတွက် စိတ်နဲ့ခန္ဓါကို ပြန်လည်လန်းဆန်းစေပါလိမ့်မယ်။
(၂) အနှိပ်ခံခြင်းဟာ လတ်တလော စိတ်နဲ့ခန္ဓါဖိစီးမှုတွေကို လျှော့ချပေးနိုင်ရုံသာမက ကာလကြာရှည်စွာ ပုံမှန်အနှိပ်ခံပေးခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ရဲ့ လှုပ်ရှားသွားလာလုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့အပြင် စိတ်ခံစားမှုကိုလည်း ကြည်လင်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
(၃) ပုံမှန်အနှိပ်ခံခြင်းအားဖြင့် သွေးပေါင်ကျစေတာကို တွေ့ရှိရပါတယ် (အပေါ်သွေးရော၊အောက်သွေးရောကိုပါ ကျစေတာပါ)။ ဒါ့အပြင် အထက်မှာပြောခဲ့တဲ့အတိုင်း အနှိပ်ခံခြင်းဟာ ကော်တီဇောဟော်မုန်းပမာဏကိုလည်း ကျဆင်းစေတဲ့အတွက် သွေးပေါင်ချိန်ကို ကျစေပြန်ပါတယ် (ကော်တီဇောက သွေးပေါင်တက်စေပါတယ်)။ ပုံမှန်အနှိပ်ခံခြင်းဟာ စိတ်ဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေ၊ရန်လိုဒေါသထွက်မှုတွေ၊တင်းကြပ်မှုတွေ၊စိတ်ဓါတ်ကျဆင်းမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ သွေးပေါင်ကို ပုံမှန်အတိုင်းအတာထဲမှာ ထိန်းပေးထားခြင်းအားဖြင့် နှလုံးရောဂါ၊ကျောက်ကပ်ပြဿနာနဲ့ လေဖြတ်ခြင်းအပါအဝင် အခြားသောကျန်းမာရေးပြဿနာတွေကိုလည်း သွယ်ဝိုက်သောနည်းနဲ့ လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။
(၄) အနှိပ်ခံခြင်းဟာ သင့်ခန္ဓါကိုယ်က ကြွက်သားတွေကို ပျော့ပြောင်းစေပါတယ်။ နှိပ်နယ်ပေးခြင်းကြောင့် မာတောင့်နေတဲ့ ကြွက်သားတွေကို ပြေလျော့သွားစေပြီး ခန္ဓါကိုယ်တခုလုံးလည်း ပိုမိုပေါ့ပါးလန်းဆန်းပြီး လှုပ်လို့ရှားလို့ ပိုကောင်းလာမှာဖြစ်ပါတယ်။ နှိပ်နယ်ခြင်းဟာ ကြွက်သားတွေဆီ သွေးအသွားအလာကိုလည်း ပိုမိုကောင်းမွန်စေတဲ့အတွက် အာဟာရဓါတ်နဲ့ အောက်ဆီဂျင်လုံလောက်စွာရရှိတဲ့ ကြွက်သားတွေဟာ သက်ဆိုင်ရာတာဝန်တွေကို ထိထိမိမိ ပေါ့ပေါ့ပါးပါး လုပ်ဆောင်လာနိုင်မှာပါ။ အဆစ်အမြစ်နာကျင်ရောင်ရမ်းကိုက်ခဲနေသူတွေအဖို့လည်း အဆစ်တွေပျော့ပြောင်းပြီး လှုပ်ရှားရလွယ်ကူလာတဲ့အတွက် နာကျင်ခြင်းဝေဒနာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် မာဆတ်လုပ်ပေးခြင်းအားဖြင့် အန်ဒေါဖင်း လို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို သင့်ခန္ဓါကိုယ်ထဲကနေ ထွက်လာစေပြီး အဆိုပါဟော်မုန်းဟာ ခန္ဓါကိုယ်ထဲမှာရှိတဲ့ ဒိုပါမင်းနဲ့ ဆီရိုတိုနင် ဟော်မုန်းတွေရဲ့ ပမာဏကို များစေပြန်ပါတယ်။ ဒိုပါမင်းနဲ့ ဆီရိုတိုနင် ဟော်မုန်းတွေဟာ သင့်ရဲ့စိတ်နဲ့ခန္ဓါကို လန်းဆန်းကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။
(၅) နှိပ်နယ်ခြင်းဟာ သွေးအသွားအလာကို ကောင်းစေပါတယ်။ နှိပ်နယ်ခြင်းဖိအားကြောင့် ခန္ဓါကိုယ်ရဲ့ အချို့သော တစ်ရှူးနေရာတွေမှာ ဆို့နေတဲ့ အကြောတွေ၊သွေးကြောတွေကို ပွင့်သွားစေပြီး သွေးအသွားအလာကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါဆိုရင် ကြွက်သားတွေထဲက မလိုလားအပ်တဲ့ အညစ်အကြေးဓါတ်ပစ္စည်းတွေကို အမြန်ဖယ်ရှားပစ်နိုင်ပြီး အာဟာရဓါတ်တွေ၊အောက်ဆီဂျင်ဓါတ်တွေကို ပိုမိုရရှိလာမှာဖြစ်တဲ့အတွက် အလွန်အကျိုးထူးလှပါတယ်။
(၆) ကျွန်တော်တို့တတွေဟာ ကွန်ပြူတာအကြည့်များကြတယ်၊ဖုန်းအသုံးများကြတယ်၊တီဗွီဆိုလည်း ကြည့်လိုက်ကြတာပါပဲ။ ဒီတော့ ရုံးမှာပဲဖြစ်ဖြစ်၊အိမ်မှာပဲဖြစ်ဖြစ် အာရုံစူးစိုက်မှုတွေ များလာတဲ့အခါ ဇက်ကြောတက်တာ၊မျက်ရိုးကိုက်တာ အစရှိတဲ့ ပြဿနာတွေကို ရင်ဆိုင်လာရပါတော့တယ်။ ဒါ့အပြင် ကွန်ပြူတာရှေ့ထိုင်တဲ့အခါ ထိုင်တဲ့အနေအထားမမှန်တာ၊ထိုင်ခုံနဲ့စားပွဲအနေအထားမမှန်တာတွေကြောင့် ကျောတောင့်တာ၊နာတာမျိုးတွေလည်း ဖြစ်ပေါ်လာတတ်ပါတယ်။ ကြာလာရင် ကြွက်သားတွေမှာ ဒါဏ်ဖြစ်လာပြီး တောင့်တင်းလာ၊နာကျင်လာပါတော့တယ်။ နှိပ်နယ်ခြင်းဟာ ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် သင့်ရုံးနဲ့အိမ်မှာ ခံစားခဲ့ရသမျှ ကြွက်သား၊အဆစ်အမြစ်နဲ့ အကြောအခြင် တောင့်တင်းမာကျောမှုတွေကို သက်သာစေပါလိမ့်မယ်။
အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေကတော့ အနှိပ်ခံခြင်းအားဖြင့် ရရှိလာနိုင်တဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီအကျိုးကျေးဇူးတွေကို သိသာထင်ရှားစွာရရှိဖို့နဲ့ ဆိုးကျိုးတွေဖြစ်ပေါ်မလာစေဖို့အတွက် အမှန်တကယ် တတ်ကျွမ်းနားလည်တဲ့ အနှိပ်ပညာရှင်တွေထံမှာ အနှိပ်ခံဖို့တော့ အထူးပဲလိုအပ်လှပါတယ်။ ဒီလိုမှ မဟုတ်ရင် ‘ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ဆေးအတွက်လေး’ ဆိုသလို ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဘယ်အရာမဆို အခုလုပ်၊အခုအကျိုးဖြစ်ထွန်းတာမျိုးမဟုတ်တဲ့အတွက် စိတ်ရှည်ရှည်ထားပြီး ပုံမှန်လေး အနှိပ်ခံဖို့လည်း လိုအပ်ပါသေးတယ်။ သင့်အားလပ်ရက်တွေ ဒါမှမဟုတ် စိတ်ဖိစီးနေတဲ့အချိန်တွေမှာ သာယာငြိမ့်ညောင်းတဲ့တေးသံလေးနားဆင်ရင်း အနှိပ်ခံကာ အပန်းဖြေခြင်းအားဖြင့် စိတ်ရောကိုယ်ပါ ဖြေလျှော့လိုက်ပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။