brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Motion sickness (ကားမူးခြင်း )

Motion sickness ဆိုတာဟာ တစ်နည်းအားဖြင့် ရွေ့လျားမှုကြောင့် ဖြစ်တဲ့ နေထိုင်မကောင်းဖြစ်ခြင်း တစ်မျိုးပါပဲ။ ဥပမာ- ကားမူးတာ၊ လှိုင်းမူးတာ၊ လေယာဉ်စီးရင်မူးတာ စသဖြင့်ပေါ့။ အချို့သူတွေမှာ အဲ့ဒီလို Motion sickness ဖြစ်လေ့ရှိပြီး ဖြစ်လာတဲ့အခါမှာ မူးတာအပြင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ မောလာခြင်း၊ ချွေးစေးပြန်လာခြင်း၊ အသားအရောင်ဖြူဖျော့လာခြင်း စတဲ့ လက္ခဏာတွေပါ ဖြစ်လေ့ရှိပါတယ်။ ဓမ္မတာလာနေတဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ နဲ့ အချို့သော ဆေးတွေ(ဥပမာ- စိတ်ကျခြင်းကို ကုသတဲ့ဆေးတွေ၊ ပိုးသတ်ဆေးအချို့၊ နဲ့ ပန်းနာရင်ကျပ်ဆေးတွေ) သောက်နေတဲ့ သူတွေမှာ ပိုပြီး အဖြစ်များပါတယ်။

Motion sickness (ကားမူးခြင်း )

ဒီဆောင်းပါးလေးမှာတော့ အဓိကအားဖြင့် motion sickness တွေဖြစ်လာတဲ့အခါမှာ ဘယ်လို သက်သာအောင် လုပ်ကြမယ်၊ နောက်ထပ် မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ ဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

ကားစီးနေရင်း မူးလာတာ၊ လှိုင်းမူးလာတာ စတာတွေ ဖြစ်လာပြီဆိုရင်

၁။ ပထမဆုံးအနေနဲ့ စိတ်ကို လျှော့ထားပါ။ များသောအားဖြင့် ဒီလို motion sickness ကြောင့်ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေဟာ အကြာကြီး ဖြစ်လေ့မှရှိပါဘူး။ ဒါ့ကြောင့် အရမ်းကြီး စိတ်မပူဘဲ တတ်နိုင်သလောက် စိတ်ကို သက်သက်သာသာဖြစ်အောင် ထားသင့်ပါတယ်။

၂။ အခြားတစ်ခုခုကို ပြောင်းပြီး အာရုံစိုက်ဖို့ ကြိုးစားပါ။

ဥပမာ- အသက်ကို ရှုသွင်း၊ရှုထုတ်တဲ့နေရာမှာပဲ အာရုံစိုက်ထားတာမျိုး၊ ၁ကနေ ၁၀၀ ထိဖြစ်ဖြစ် စိတ်ထဲမှာ ရေတွက်နေတာမျိုး၊ သီချင်းနားထောင် တာမျိုးတွေနဲ့ အာရုံပြောင်းကြည့်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ မျက်လုံးမှိတ်ထားတာကလည်း အကူညီဖြစ်စေပါတယ်။

၃။ လေကောင်းလေသန့်ရအောင် နေပါ။

အလုံပိတ်ကားတွေထဲမှာ motion sickness ကြောင့် မူးလာပြီဆိုရင် လေကောင်းလေသန့်ရအောင် ပြတင်းပေါက်ဖွင့်တာမျိုး၊ လေရအောင် လုပ်တာမျိုး လုပ်သင့်ပါတယ်။

၄။ မူးတာတွေ သက်သာအောင် နေရာပြောင်းသင့်ရင်ပြောင်းပါ။

ဥပမာ- ကားစီးနေတယ်ဆိုရင်လည်း ပိုပြီးလှုပ်ရမ်းနိုင်တဲ့ အနောက်ပိုင်းနားမှာ ထိုင်နေမယ်ဆိုရင် အရှေ့ကို ပြောင်းထိုင်တာမျိုး၊ သင်္ဘော၊လှေ စတာတွေ စီးနေမယ်ဆိုရင်လည်း လှိုင်းတွေကို မြင်နေရတဲ့ အစွန်အဖျားထက် ပိုပြီးငြိမ်တဲ့ အလယ်ပိုင်းမျိုးကို ပြောင်းသင့်ပါတယ်။ အချို့သူတွေက လဲလျောင်းလိုက်ရင် ပိုပြီးသက်သာတဲ့အတွက် နေရာအဆင်ပြေရင် လဲလျောင်းကြည့်တာမျိုးလည်း လုပ်ကြည့်နိုင်ပါတယ်။

၅။ စာဖတ်တာ၊ ဖုန်းသုံးတာကို လုံးဝမလုပ်သင့်ပါဘူး။ မျက်လုံးဖွင့်ထားမယ်ဆိုရင်တောင် မျက်လုံးနဲ့ တစ်တန်းထဲ ဟိုးအဝေးတစ်နေရာကို ကြည့်နေသင့်ပါတယ်။

မကြာခဏ ကားမူးတတ်တဲ့၊ လှိုင်းမူးတတ်တဲ့၊ လေယာဉ်မူးတတ်တဲ့ သူတွေဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်ထားကြမလဲ။

၁။ ကြိုတင်စီစဉ်ပါ။

ကိုယ်က မကြာခဏ motion sickness ရတတ်တဲ့ သူဆိုရင်တော့ သွားမယ့် ခရီးစဉ်အတွက် လက်မှတ်ဝယ်တဲ့အခါ လေယာဉ်ဆိုရင် ပြတင်းပေါက်နား (သို့) wing seat ရအောင်၊ ကားဆိုလည်း အရှေ့ပိုင်းနားကို ရအောင် ကြိုတင်ပြီးဝယ်ဖို့ အကြံပေးချင်ပါတယ်။

၂။ မသွားခင် နေ့(သို့) ညမှာ ကောင်းကောင်းအနားယူထားပါ။

မနက်စောစော ခရီးသွားမယ်ဆိုရင် မသွားခင်ညဘက်မှာ အိပ်ရေး၀၀အိပ်ထားသင့်ပါတယ်။ ညဘက်သွားမယ်ဆိုရင်လည်း နေ့ခင်းပိုင်းမှာ ပင်ပန်းစေမယ့် အလုပ်တွေကို တတ်နိုင်သလောက် ရှောင်ပြီး ကောင်းကောင်း အနားယူထားသင့်ပါတယ်။

၃။ ခရီးမသွားခင်မှာ အရက်သောက်တာကို ရှောင်ကြဉ်ပါ။

အရက်သောက်ထားတာကြောင့် ခေါင်းကိုက်တာတွေ၊ ရေဓာတ်ခမ်းခြောက်နေတာ ဖြစ်နေမယ်ဆိုရင် motion sickness ပိုဖြစ်နိုင်တဲ့အတွက် မသွားခင် တစ်ရက်၊ နှစ်ရက်လောက်မှာ အရက်ကို သတိထားရှောင်ကြဉ်သင့်ပါတယ်နော်။

၄။ အစားအသောက်ကို ကောင်းကောင်းစားသွားပါ။

မသွားခင်မှာ အချိန်ပေးပြီး ကောင်းကောင်းစားဖို့ကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် အပူ၊ အချဉ်၊ အစပ်တွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်နော်။ တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း အလွန်အကျွံစားလိုက်မယ်ဆိုရင် ပိုပြီးပျို့အန်နိုင်တာကြောင့် အလွန်အကျွံ မစားမိစေဖို့လည်း အရေးကြီးပါတယ်။

၅။ ဆရာဝန်နဲ့ တိုင်ပင်ပါ။

မခံမရပ်နိုင်အောင် မူးတတ်တဲ့ သူဆိုရင်တော့ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ပြီး ညွှန်ကြားတဲ့ ဆေးလေးတွေကို မမေ့မလျော့ ဆောင်သွားသင့်ပါတယ်။

၆။ မူးတာကို သက်သာစေနိုင်တဲ့ ပူရှိန်း၊ ချင်း စတာလေးတွေကိုလည်း ဆောင်သွားပါ။

တိကျသေချာတဲ့ လေ့လာချက်တော့ မတွေ့ရှိသေးပေမယ် တချို့က mint ပါတဲ့ ပူရှိန်းလေးတွေ၊ အချိုသကြားလုံးလေးတွေ နဲ့ ချင်းတွေကို အနည်းငယ်စားမယ်ဆိုရင်လည်း မူးဝေတာတွေ သက်သာစေနိုင်တယ်လို့ပြောကြပါတယ်။

Hello ဆရာဝန် ပရိသတ်တွေထဲမှာလည်း motion sickness ရတတ်တဲ့ သူတွေရှိရင် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်လေးဖြစ်ကြပါစေ။

ရေးသားသူ – Khine Phoo Ngon

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Htet Htet Zaw Win · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။