brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အစာအိမ်အနာရှိသူတွေအတွက် အကောင်းဆုံးနဲ့အဆိုးဆုံး အစားအသောက်များ

အစာအိမ်အနာရှိသူတွေအတွက် အကောင်းဆုံးနဲ့အဆိုးဆုံး အစားအသောက်များ

အစာအိမ်အနာရှိသူတွေအတွက် အကောင်းဆုံးနဲ့အဆိုးဆုံး အစားအသောက်များ

အစာအိမ်အနာ ဘာကြောင့်ဖြစ်ရလဲ

ဟိုးအရင်ကတော့ အစာအိမ်အနာဆိုတာ အစားအသောက်တချို့ကြောင့်ဖြစ်ရတာလို့ ဆရာဝန်တွေက ယူဆခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အခုတော့ အစာအိမ်အနာဖြစ်စေတာက အကိုက်အခဲပျောက်ဆေးတွေဆက်တိုက်သောက်လွန်းတာ၊ H. pylori လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် စတဲ့အကြောင်းရင်းတွေကို သိလာကြပါပြီ။ အစားအသောက်ကြောင့် ဖြစ်ရတာချည်းမဟုတ်ဘူးဆိုပေမယ့် လည်း အစာအိမ်အနာကို သက်သာစေ ဒါမှမဟုတ် ပိုဆိုးစေနိုင်တဲ့ အစားအသောက်တွေရှိတာတော့အမှန်ပါပဲ။

အကောင်းဆုံး အစားအစာတွေက –

Probiotics ပါတဲ့အစားအစာ

ဒိန်ချဉ်၊ ပဲပြား၊ ကင်ချီ၊ စတဲ့ အစားအစာတွေမှာ probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲဒီ probiotics လေးတွေက H. pylori ရောဂါပိုးကို ခုခံတိုက်ထုတ်ပေးတယ် ဒါမှမဟုတ် ကုသမှုတွေ၊ ဆေးတွေကို အာနိသင်ပိုထိရောက်အောင် ကူညီပေးတယ်ဆိုတော့ အစာအိမ်အနာကိုသက်သာစေတာပေါ့။

အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာ

ပန်းသီး၊ သစ်တော်သီး၊ အုတ်ဂျုံ စတဲ့အစားအစာတွေမှာ အမျှင်ဓါတ်ပါဝင်မှုများပါတယ်။ အမျှင်ဓါတ်က အစာအိမ်ထဲမှာ အက်စစ်ထွက်ရှိမှုပမာဏကိုလျော့နည်းစေပြီး လေပွခြင်း၊ ဗိုက်အောင့်ခြင်းတွေကို သက်သာစေပါတယ်။ အစာအိမ်အနာကိုလည်း ကာကွယ်ပေးတယ်လို့ သုတေသနတွေက ဆိုပါတယ်။

ကန်စွန်းဥ

ဗီတာမင် A ကြွယ်ဝတဲ့ ကန်စွန်းဥက အစာအိမ်အနာတွေကို သေးငယ်သွားစေနိုင်တယ်၊ မဖြစ်ခင်မှာလည်း ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။ ဟင်းနုနွယ်၊ မုန်လာဥနီ၊နဲ့ အမဲအသည်းတို့အပါအဝင် ဗီတာမင် A ကြွယ်ဝတဲ့တခြားအစားအစာတွေဟာလည်း အာနိသင်အလားတူပါပဲ။

ပန်းငရုတ်ပွ

ဗီၤတာမင် C ကြွယ်ဝတဲ့ ပန်းငရုတ်ပွက အစာအိမ်အနာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီၤတာမင် C က အနာကျက်စေနိုင်တဲ့အစွမ်းရှိတာမို့ ဒီဓါတ်မလုံလောက်တဲ့သူတွေမှာ အစာအိမ်အနာဖြစ်နိုင်ခြေပိုများပါတယ်။ ပန်းငရုတ်ပွအပြင် အရည်ရွှ့မ်းတဲ့အချဉ်သီးတွေ၊ စတော်ဘယ်ရီ၊ကီဝီနဲ့ ပန်းဂေါ်ဖီစိမ်းတို့ကိုလည်းစားလို့ရပါတယ်။

အဆိုးဆုံးအစားအစာတွေက –

နွားနို့

အရင်က အစာအိမ်အနာကိုသက်သာစေတယ်ဆိုပြီး နွားနို့ကို သောက်လေ့ရှိကြပါတယ်။ အခုတော့ နွားနို့ကအနာကို မကာကွယ်နိုင်၊ မသက်သာစေနိုင်ဘူးလို့ သိလာကြပါပြီ။ တကယ်တော့နွားနို့ကြောင့် အစာအိမ်အက်စစ်ပိုထွက်စေလို့ ပိုဆိုးကုန်တာဖြစ်နိုင်ပါတယ်။

အရက်၊ဘီယာ

အစာအိမ်မကောင်းဘူးဆိုရင် အရက်ကိုလျှော့ ဒါမှမဟုတ် လုံးဝရှောင်သင့်ပါတယ်။ အရက်သောက်ခြင်းက အစာခြေစနစ်ကို ထိခိုက်စေနိုင်တာ သိထာပြီးဖြစ်မှာပါ။ အစာအိမ်အနာရှိရင်တော့ ကင်ဆာအထိဖြစ်လာစေနိုင်ပါတယ်။

အဆီများတဲ့ စားစရာ

အဆီများတာတွေက ချေဖျက်ဖို့အချိန်ပိုကြာသလို ဗိုက်အောင့်၊ဗိုက်ပွဖြစ်စေနိုင်တယ်။ အစာအိမ်နဲ့ပတ်သက်တဲ့ပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။

အပူအစပ်တွေ

အစာအိမ်အနာဖြစ်စေတဲ့အကြောင်းရင်းလို့ အစကယူဆခဲ့ကြပေမယ့် အခုတော့ မဟုတ်ကြောင်း သိခဲ့ရပါပြီ။ ဒါပေမယ့် အစာအိမ်အနာရှိတဲ့သူတွေအတွက်တော့ လက္ခဏာပိုဆိုးစေနိုင်တာသေချာပါတယ်။ အစပ်နည်းနည်းစားတာနဲ့ ဗိုက်အောင့်တတ်တယ်ဆိုရှောင်လိုက်နော်။

အချဉ်

သံပရာသီး၊ရှောက်သီးတို့လို အချဉ်သီးတွေနဲ့ ခရမ်းချဉ်သီးတွေလို အက်စစ်ဓါတ်များတဲ့အစားအစာတွေက အနာကိုပိုဆိုးစေနိုင်ပါတယ်။ အမြဲဖြစ်တယ်တော့ မဆိုလိုပေမယ့် ဗိုက်အောင့်တာ၊ အစာအိမ်အက်စစ်များလာတာတွေခံစားရတတ်တယ်ဆို အစာအိမ်သမားတွေလျှော့စားသင့်ပါတယ်။

ကဖင်း

ကော်ဖီ၊ လက်ဖက်ရည်တို့ရဲ့ကဖင်းဓါတ်တွေက အစာအိမ်အနာကိုပိုဆိုးစေနိုင်ပါတယ်။ ရိုးရိုးအစာအိမ်ရောဂါမှာတောင်ကော်ဖီ၊လက်ဖက်ရည်ရှောင်ဖို့ ဆရာဝန်တွေမှာလေ့ရှိပါတယ်။

အစာအိမ်ရောဂါအတွက် လိုအပ်တဲ့ကုသမှုတွေခံယူနေချိန်မှာ အစားအသောက်ကိုလည်း သင့်တော်ရာရွေးချယ်မိဖို့လိုအပ်ပါတယ်။ ဒီအချက်လေးတွေက အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။