
ဟိုးအရင်ကတော့ အစာအိမ်အနာဆိုတာ အစားအသောက်တချို့ကြောင့်ဖြစ်ရတာလို့ ဆရာဝန်တွေက ယူဆခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အခုတော့ အစာအိမ်အနာဖြစ်စေတာက အကိုက်အခဲပျောက်ဆေးတွေဆက်တိုက်သောက်လွန်းတာ၊ H. pylori လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် စတဲ့အကြောင်းရင်းတွေကို သိလာကြပါပြီ။ အစားအသောက်ကြောင့် ဖြစ်ရတာချည်းမဟုတ်ဘူးဆိုပေမယ့် လည်း အစာအိမ်အနာကို သက်သာစေ ဒါမှမဟုတ် ပိုဆိုးစေနိုင်တဲ့ အစားအသောက်တွေရှိတာတော့အမှန်ပါပဲ။
Probiotics ပါတဲ့အစားအစာ
ဒိန်ချဉ်၊ ပဲပြား၊ ကင်ချီ၊ စတဲ့ အစားအစာတွေမှာ probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲဒီ probiotics လေးတွေက H. pylori ရောဂါပိုးကို ခုခံတိုက်ထုတ်ပေးတယ် ဒါမှမဟုတ် ကုသမှုတွေ၊ ဆေးတွေကို အာနိသင်ပိုထိရောက်အောင် ကူညီပေးတယ်ဆိုတော့ အစာအိမ်အနာကိုသက်သာစေတာပေါ့။
အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာ
ပန်းသီး၊ သစ်တော်သီး၊ အုတ်ဂျုံ စတဲ့အစားအစာတွေမှာ အမျှင်ဓါတ်ပါဝင်မှုများပါတယ်။ အမျှင်ဓါတ်က အစာအိမ်ထဲမှာ အက်စစ်ထွက်ရှိမှုပမာဏကိုလျော့နည်းစေပြီး လေပွခြင်း၊ ဗိုက်အောင့်ခြင်းတွေကို သက်သာစေပါတယ်။ အစာအိမ်အနာကိုလည်း ကာကွယ်ပေးတယ်လို့ သုတေသနတွေက ဆိုပါတယ်။
အဆီများတဲ့ စားစရာ
သံပရာသီး၊ရှောက်သီးတို့လို အချဉ်သီးတွေနဲ့ ခရမ်းချဉ်သီးတွေလို အက်စစ်ဓါတ်များတဲ့အစားအစာတွေက အနာကိုပိုဆိုးစေနိုင်ပါတယ်။ အမြဲဖြစ်တယ်တော့ မဆိုလိုပေမယ့် ဗိုက်အောင့်တာ၊ အစာအိမ်အက်စစ်များလာတာတွေခံစားရတတ်တယ်ဆို အစာအိမ်သမားတွေလျှော့စားသင့်ပါတယ်။
ကဖင်း
ကော်ဖီ၊ လက်ဖက်ရည်တို့ရဲ့ကဖင်းဓါတ်တွေက အစာအိမ်အနာကိုပိုဆိုးစေနိုင်ပါတယ်။ ရိုးရိုးအစာအိမ်ရောဂါမှာတောင်ကော်ဖီ၊လက်ဖက်ရည်ရှောင်ဖို့ ဆရာဝန်တွေမှာလေ့ရှိပါတယ်။
အစာအိမ်ရောဂါအတွက် လိုအပ်တဲ့ကုသမှုတွေခံယူနေချိန်မှာ အစားအသောက်ကိုလည်း သင့်တော်ရာရွေးချယ်မိဖို့လိုအပ်ပါတယ်။ ဒီအချက်လေးတွေက အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။