အစာအိမ်အောင့်ခြင်းဟာ ခံစားရခက်တဲ့ ဝေဒနာဖြစ်ပါတယ်။ အထူးသဖြင့် အစာအိမ်မှာ အနာဖြစ်ရင် ပိုဆိုးပါတယ်။ အစာအိမ်အနာဆိုတာ အစာအိမ်အတွင်းပိုင်းနံရံမှာ အနာဖြစ်ခြင်းကို ဆိုလိုပါတယ်။ အစာအိမ်ရောဂါဖြစ်ရင် အစားအသောက်ကို သတိပြုစားသုံးရန်လိုပါတယ်။ အထူးသဖြင့် အစာအိမ်အနာဖြစ်ဖူးသူများဟာ ထပ်မံမဖြစ်ပွားအောင် ဂရုစိုက်ရပါတယ်။
ဘာတွေက အစာအိမ်အနာ ဖြစ်နိုင်ခြေများစေသလဲ
အစာအိမ်အနာဖြစ်စေတဲ့ အရာတွေထဲမှာ H pylori လို့ခေါ်တဲ့ ဘက်တီးရီးယားဟာ အဓိကကျပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်စွဲသုံးရင်လည်း ဖြစ်နိုင်ပါတယ်။
အစာအိမ်အနာဖြစ်သူတွေ ဘာကို စားသင့်သလဲ
အစာအိမ်အနာအတွက် ကုသရာမှာ ဆရာဝန်ညွှန်ကြားချက်အတိုင်း ပဋိဇီဝဆေးသောက်ခြင်း၊ အစာအိမ်ဆေးများ သောက်သုံးခြင်းအပြင် H Pylori ဘက်တီးရီးယားကို နှိမ်နင်းရာမှာ အထောက်အကူပြုတဲ့ အောက်ပါအစားအစာများ စားသုံးနိုင်ပါတယ်။ အဆိုပါ အစားအစာများကတော့
– ပန်းဂေါ်ဖီ
– ဂေါ်ဖီထုတ်
– ပန်းသီး
– ဘလူးဘယ်ရီ
– ရက်စ်ဘယ်ရီ
– စတော်ဘယ်ရီ
– မုန်လာဥနီ
– ပန်းပွင့်စိမ်း
– ကိုက်လန်
– ဟင်းနုနွယ်
– ပျားရည်
– နနွင်း
– ကြက်သွန်ဖြူ စတာတွေ ဖြစ်ပါတယ်။
အဆိုပါ အစားအစာများဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ကိုယ်ခံအားကောင်းစေတာကြောင့် အစာအိမ်ရောဂါပိုးကို နိုင်နင်းပါတယ်။ အစာအိမ်ကင်ဆာအဆင့် မရောက်အောင်လည်း ကာကွယ်နိုင်ပါတယ်။
အစာအိမ်အနာကို ပဋိဇီဝဆေးများနဲ့ ကုသနေချိန်မှာ အကျိုးပြုဘက်တီးရီးယား (Probiotics) များကိုလည်း စားသုံးပေးနိုင်ပါတယ်။ ပဋိဇီဝဆေးများကို ပိုမိုထိရောက်စေတယ်လို့ ဆိုပါတယ်။ များသောအားဖြင့် Lactobacillus, Bifidobacterium နဲ့ Saccharomyces စတာတွေဟာ H Pylori ပိုးကြောင့် အစာအိမ်အနာဖြစ်သူတွေ ရောဂါကုသရာမှာ အကျိုးရှိပါတယ်။
သတိပြုရမယ့်အချက်ကတော့ အစာအိမ်အနာဆိုးရွားတဲ့ အခြေအနေမှာ အရည်သောက်ပဲ စားသောက်ရတဲ့ အခြေအနေရှိနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ စားသောက်မှုပုံစံကို အဓိကလိုက်နာရမှာ ဖြစ်ပါတယ်။
ရှောင်ကြဉ်သင့်သည်များ
အစာအိမ်အနာဖြစ်သူတွေမှာ အစာချေရည် ပြန်ဆန်တက်ခြင်း ရှိနိုင်ပါတယ်။ လူတချို့ရဲ့ အစာရေမျိုအောက်ပိုင်းကြွက်သားဟာ အားလျော့တတ်ပါတယ်။ အဲဒီအခါ အစာအိမ်ထဲက အစာချေရည်တွေ ပြန်ဆန်တက်လာလို့ ရင်ပူခြင်း၊ အစာမကြေခြင်း၊ နာကျင်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
အစာခြေရည် ပြန်ဆန်တက်ခြင်းကို ပိုဆိုးစေတတ်တဲ့ အစားအသောက်တွေကတော့
– ကော်ဖီနှင့် ကဖိန်း
– ချောကလက်
– အပူအစပ်များသော စားစရာများ
– အရက်
– အချဉ်ဓာတ်များသော စားစရာများ (ဥပမာ သံပုရာသီး၊ ခရမ်းချဉ်သီး) စတာတွေ ဖြစ်ပါတယ်။
အစာအိမ်အနာဖြစ်သူများ၊ အစာအိမ်အောင့်သူများအနေနဲ့ အဆိုပါ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
……………………………
အစာအိမ်အနာဖြစ်တဲ့အခါ ဆေးရုံဆေးခန်းပြသဖို့ လိုအပ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့ လိုအပ်ပါတယ်။ ထိရောက်စွာ မကုသဘဲထားရင် အစာအိမ်သွေးယိုခြင်း၊ အစာအိမ်ကင်ဆာ စတဲ့ အခြအနေတွေထိ ဆိုးရွားသွားနိုင်ပါတယ်။ အစာအိမ်အနာကုသရာမှာ အစားအသောက်နဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေကို သေချာစွာ လိုက်နာဖို့ လိုအပ်ပါတယ်။
[embed-health-tool-bmr]

















