အစာအိမ်နဲ့ အူသိမ်နံရံတွေမှာ ပေါက်တတ်တဲ့ အနာကို အက်စစ်နာ လို့ခေါ်ပါတယ်။ ဝမ်းဗိုက်တွင်းနာကျင်ခြင်း၊ လေပွခြင်း၊ ရင်ပူခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ပြင်းထန်တဲ့အခါ သွေးယိုခြင်းပင်ဖြစ်စေနိုင်တယ်။
ဘာကြောင့်အနာဖြစ်ရသလဲ
အစာအိမ်တွင်းအက်စစ်များခြင်းကြောင့်ဖြစ်တယ်လို့ယူဆကြတယ်။ အချိန်တစ်ခုကြာအောင် အစပ်စားလို့ အစာအိမ်တွင်းအက်စစ်ပမာဏတက်ရတယ်လို့ ထင်ကြပါတယ်။
ဒါပေမယ့်လတ်တလောလေ့လာမှုတွေကတော့ တခြားအချက်တွေကိုသက်သေပြခဲ့ပါတယ်။
အစာအိမ်ထဲမှာ အစာအိမ်နံရံကိုအက်စစ်ဒဏ်ကနေကာကွယ်ပေးတဲ့ အကျိအချွဲအလွှာတစ်ခုရှိပါတယ်။ ထိုအကျိအချွဲအလွှာနည်းသွားတဲ့အခါမှာ အစာအိမ် သို့ အူနံရံဟာ အက်စစ်တွေဖျက်စီးခြင်းခံရဖို့များသွားတယ်။ ဒါကြောင့် အစာမရှိဘဲ ကော်ဖီသောက်ပါက အနာဖြစ်နိုင်ချေများပါတယ်။ ကော်ဖီက အစာအိမ်တွင်းမှာရှိတဲ့ အက်စစ်ပမာဏကိုများစေတယ်။ အစာမရှိဘဲ အစာအိမ်တွင်းအက်စစ်ထွက်လာပြီး အစာအိမ်၊ အူကိုထိခိုက်ဖျက်စီးနိုင်ပါတယ်။
နောက်ထပ်အချက်တွေလည်းရှိနိုင်ပါသေးတယ်-
H.pylori ဘတ်တီးရီးယား
ခန္ဓါကိုယ်ရဲ့အစာခြေစနစ်တွင်းနေထိုင်တဲ့ ဘတ်တီးရီးယားတစ်မျိုးဖြစ်တယ်။ အစာအိမ်နံရံမှာ အကွာအကွယ်ရှိစဉ်မှာ အနာမဖြစ်စေနိုင်၊ လက္ခဏာတွေမပြစေနိုင်ပေမယ့် ကာပေးထားတဲ့ အလွှာပျောက်သွားတဲ့အခါမှာ နံရံတွေကိုထိခိုက်ဖျက်စီးပြီး အနာတွေဖြစ်လာစေနိုင်ပါတယ်။ ဒီအချက်ဟာ အဖြစ်အများဆုံးအကြောင်းအရင်းဖြစ်တယ်။ တခါတလေ မကုသဘဲထားလိုက်ရာမှ ကင်ဆာအထိဖြစ်နိုင်ပါတယ်။
အကိုက်အခဲပျောက်ဆေး
အကိုက်အခဲပျောက်ဆေးများအချိန်ကြာသောက်ပါကလည်း အစာအိမ်အတွင်းရှိ အကျိအချဲွအလွှာကို ထိခိုက်ပျက်စီးစေနိုင်တယ်။ လူတိုင်းမှာ COX-1 နဲ့ COX-2 ဆိုတဲ့ အင်ဇိုင်းနှစ်မျိုးရှိပြီး ထိုအင်ဇိုင်းတွေက တစ်သျူးထိခိုက်မှုတွေဖြစ်စဉ် ခန္ဓါကိုယ်ကိုကာကွယ်ကုသနိုင်ဖို့ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေဖြစ်စေတယ်။ အကိုက်အခဲပျောက်ဆေးတွေက ထိုအင်ဇိုင်းတွေကိုတားတာကြောင့် ခန္ဓါကိုယ်မှနာကျင်မှုတွေသက်သာရခြင်းဖြစ်ပါတယ်။
ဒါပေမယ့် COX-1 ဟာ အစာခြေစနစ်ကို အက်စစ်ဒဏ်မှကာကွယ်ပေးတဲ့ ကယ်မီကယ်တစ်မျိုးလည်းထုတ်ပေးသေးတယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေရဲ့ အကြီးဆုံးဘေးထွက်ဆိုးကျိုးက အစာအိမ်၊ အူအနာဖြစ်ခြင်းဖြစ်တယ်။
အက်စစ်အထွက်များခြင်း
အစာအိမ်တွင်း အက်စစ်အထုတ်များခြင်း။ မျိုးရိုးဗီဇ၊ စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်ခြင်း၊ အရက်စသော အစားအစာတချို့ကြောင့်ဖြစ်နိုင်တယ။် Zollinger-Ellison ရောဂါလို့ခေါ်တဲ့ ရှားပါးရောဂါတစ်မျိုးကလည်း အက်စစ်ထုတ်ခြင်း တက်စေပါတယ်။
ဓါတ်ကင်ခြင်း
တခြားကုသမှုအတွက် ဓါတ်ကင်ကုသခြင်းဟာလည်း အနာတွေဖြစ်စေနိုင်ပါတယ်။ ရေဒီယိုသတ္တိကြွဓါတ်ရောင်ခြည်တွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်တယ်။
ရောဂါရှာဖွေခြင်း၊ ကုသခြင်း
ရောဂါရှာဖွေဖို့အတွက် ခံစားရတဲ့လက္ခဏာတွေအပါအဝင် သောက်နေတဲ့ဆေးတွေအကြောင်းပါမေးမြန်းပါလိမ့်မယ်။
တခြားသောစစ်ဆေးမှုတွေလည်း လုပ်ရနိုင်ပါတယ်-
- pylori အတွက် Breath test, သွေးစစ်ခြင်း၊ ဝမ်းစစ်ခြင်း
- ဘေရီယမ်ဓါတ်မှန်
- မှန်ပြောင်းကြည့်ခြင်း
- အသားစစစ်ခြင်း
ကုသမှု
ကုသမှုမှာ ဆေးထိုးဆေးသောက်ခြင်းနဲ့ ခွဲစိတ်ခြင်းရှိနိုင်ပါတယ်။ သာမန်အနာအတွက်တော့ အက်စစ်ပမာဏနည်းစေတဲ့ ဆေး သို့ အစာခြေစနစ်နံရံကိုကာကွယ်ပေးသောဆေးများမှီဝဲခြင်းဖြင့်လုံလောက်ပါတယ်။
- H2 blockers.
- Proton pump inhibitors.
- ဆေးဆိုင်များတွင်ဝယ်ယူရရှိနိုင်သော antacid
- Cytoprotective ဆေးများ
Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။
[embed-health-tool-bmr]

















