brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Meckel Diverticulum (အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Meckel Diverticulum (အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ်) ကဘာလဲ။

Diverticulum ဆိုသည်မှာ အစာချေ စနစ်၏ တစ်စိတ် တစ်ပိုင်းဖြစ်သော အူ၏ နံရံတွင် ရှိသောဖောင်းထွက်နေသော အိတ်ပုံစံ အဖောင်း တစ်ခုဖြစ်ပါသည်။ Meckel diverticulum သည် အူသိမ်၏ အောက်ဘက်အပိုင်းတွင်ရှိသော အဖောင်းတစ်ခု ဖြစ်ပါသည်။ ၎င်းသည် အူသိမ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ileum တွင် တွေ့ရပါသည်။

အူမကြီးအစမှ လက်မ၄၀ တွင်အကွာတွင် ရှိ ပါသည်။ ၎င်းသည် များသောအားဖြင့် ၁-၂လက်မ ရှည်သည်။ ထို diverticulum အများစုသည် အစာအိမ်၊ သရက်ရွက် တို့တွင် ပုံမှန်တွေ့ရသော တစ်ရှူးများ ပါဝင်သည်။ ထို ပုံမှန် မဟုတ်သော တစ်ရှူးများသည် အစာအိမ်၊ သရက်ရွက်တွင် ထုတ်လေ့ရှိသော အင်ဇိုင်းများကို ထုတ်ပါသည်။

ထိုအခါ အူသိမ်၏ အတွင်းနံရံတွင် ပြည်တည်နာများ၊ သွေးထွက်ခြင်း များ ဖြစ်နိုင်သည်။ အခြား diverticulitis (အူ နံရံ အိတ်အဖောင်း ရောင်ခြင်း) များကဲ့သို့ပင် အူသိမ်နံရံတွင် ရှိသော Meckel diverticulum အိတ်အဖောင်းသည်လည်း ရောင်ရမ်းလာနိုင်ပြီး အူစွပ်ခြင်းကို ဖြစ်စေနိုင်သည်။

Meckel Diverticulum (အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ်) က ဘယ်လောက်အဖြစ်များသလဲ

ကလေး အယောက် ၁၀၀ မွေးဖွားရာတွင် ၃ ဦးသည် အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ် ရှိနိုင်သည်။ ၎င်းသည် အဖြစ်အများ ဆုံး အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ မွေးရာပါ ချို့ယွင်းမှု ဖြစ်သည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါဖြစ်နိုင်မှုကို နည်းပါးစေနိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Meckel Diverticulum (အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများမှာအောက်ပါအတိုင်း ဖြစ်သည်။

• ဝမ်းဗိုက်တွင် နာကျင်ခြင်း ( သာမန် နာကျင်ခြင်း မှ ပြင်းထန်အဆင့် ထိဖြစ်နိုင်သည်။)

• ဝမ်းတွင် သွေးပါခြင်း

• မအီမသာဖြစ်ခြင်း နှင့် ပျို့အန်ခြင်း

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင် သို့မဟုတ် သင့်ကလေးတွင် ဝမ်းဗိုက်နာခြင်း၊ မူးဝေ ခြင်း၊ ဝမ်းတွင်း သွေးပါခြင်းတို့ ဖြစ်ပါက ဆရာဝန်ကို အကြောင်းကြားပါ။ သို့မဟုတ် ဆေးရုံသို့ သွားပါ။ လူတိုင်း၏ ခန္ဓါကိုယ် သည် တုံ့ပြန်မှု မတူညီပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်း ဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Meckel Diverticulum (အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ်) ကိုဘာတွေကဖြစ်စေသလဲ

အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ် သည် မွေးရာပါ ဖြစ်ပွားပါသည်။ သန္ဓေသားဘဝတွင် အစာအိမ်နှင့်အူ လမ်းကြောင်း ဖွံဖြိုးမှု ပုံမမှန်ခြင်းကြောင့် ဖြစ်ပါသည်။ မမွေးဖွားခင် ကလေး၏ အစာ အိမ်နှင့်အူ လမ်းကြောင်းမှ အစိတ်အပိုင်းများတွင် တစ်ရှူးများ ကျန်ရှိသည်။ မမွေးဖွားခင် ကောင်းစွာ စုပ်ယူမှုမရှိသော ကြောင့် ဖြစ်သည်။

ဖြစ်နိုင်ခြေများ

Meckel Diverticulum (အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

လက်ရှိတွင် သိပ္ပံပညာရှင်များသည် အူသိမ်နံရံ အိတ်အဖောင်း ဖြစ်ပွားနိုင်ချေကို မြင့်စေသော အချက်များကို ရှာဖွေတွေ့ရှိမှု မရှိ သေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Meckel Diverticulum (အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် အောက်ပါစစ်ဆေးမှုများဖြင့် ရောဂါအဖြေ ရှာမှုကို ပြုလုပ်နိုင်သည်။

• သွေးနီဥ ပမာဏကို တိုင်းခြင်း(Haematocrit)

• ဟေမိုဂလိုဘင် စစ်ဆေးခြင်း

• ဝမ်းတွင်းသွေးပါမပါ စစ်ဆေးခြင်း

• ကွန်ပျူတာ ဓါတ်မှန် ရိုက်ခြင်း

• Technetium scan ရိုက်ခြင်း ( Meckel’s scan ဟု လည်းခေါ်သည်)

Meckel Diverticulum (အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ်) ကို ဘယ်လိုကုသပါသလဲ

ဤရောဂါရှိပြီး ရောဂါလက္ခဏာ မပြသေးသော သူများသည် ကုသမှု မလိုအပ်ပါ။ ရောဂါလက္ခဏာ ပြသောသူများသည် ခွဲစိတ်ကုသရန် လိုအပ်သည်။ ခွဲစိတ်ကုသမှုသည် ဖောင်းထွက်နေသောအိတ်ငယ် ရှိသော အူသိမ်၏ အပိုင်းကို ဖယ်ထုတ်ခြင်းဖြစ်သည်။ ထို့နောက် အူကို ပြုပြင်ပေးပါသည်။

ထိုအပြင် အူပိတ်ခြင်း သို့မဟုတ် ရောဂါပိုးကူးစက်ခြင်း စသော ဆိုးကျိုးများအတွက် ပဋိဇီဝဆေးများကို ပေးသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ် (Meckel diverticulum) ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အူသိမ်နံရံအိတ်အဖောင်း (Meckel diverticulum) ကို ထိန်းချုပ်နိုင် ပါသည်။

• ရောဂါတိုးတက်မှုနှင့် သင့်ကျန်းမာရေး အခြေအနေကို သိရှိရန် ပြန်လည် ဆေးစစ်မှု ပုံမှန်ပြုလုပ်ပါ။

• ဆရာဝန် ညွှန်ကြားချက်များကို လိုက်နာပါ။

• အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Zin Wai Yan Lin · 01/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။