brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသည်းအဆီဖုံး တာနဲ့ ပတ်သက်ပြီး ဘာတွေ သိထားကြသလဲ

အသည်းအဆီဖုံး တာကအဖြစ်များတဲ့ ရောဂါပါ။ အမျိုးသားရော၊ အမျိုးသမီးပါဖြစ်နိုင်ပါတယ်။ အသည်းအဆီဖုံးတာက အဖြစ်များပေမယ့် အများစုက အရေးမကြီးသယောင် ပေါ့ပေါ့ဆဆ နေမိကြပါတယ်။ ဒါက နောင်အခါမှာ ပိုဆိုးတဲ့ အသည်းရောဂါတွေ ဖြစ်လာနိုင်ဖို့ လမ်းစပါပဲ။

အသည်းအဆီဖုံး တာနဲ့ ပတ်သက်ပြီး ဘာတွေ သိထားကြသလဲ

အသည်းအဆီဖုံးတယ်ဆိုတာ

အသည်းအဆီဖုံး တယ်ဆိုတာ အသည်းမှာ လိုတာထက် ပိုပြီး အဆီတွေ စုနေတာပါ။ ဒီပိုလျှံနေတဲ့ အဆီတွေက အသည်းဆဲလ်တွေကို ရောင်ရမ်းစေပါတယ်။ အသည်းအဆီဖုံးတဲ့အဆင့်မှာ သေချာဂရုမစိုက်ဘူးဆိုရင် အသည်းရောင်တာ၊ အသည်းခြောက်တာ၊ အသည်းကင်ဆာအထိ ဖြစ်သွားနိုင်ပါတယ်။

အသည်းအဆီဖုံးတာက များသောာအားဖြင့်တော့ လက္ခဏာမပြတတ်ပါဘူး။ နောက်ပိုင်း ပိုဆိုးလာမှသာ ဗိုက်ဖောတာ၊ အသားဝါတာ၊ ဗိုက်အောင့်တာတွေ ဖြစ်လာပါတယ်။

အသည်းအဆီဖုံး တာနဲ့ ပတ်သက်ပြီး ဘာတွေ မှားသိထားကြသလဲ။

Myth: အရက်သောက်တဲ့သူတွေပဲ အသည်းအဆီဖုံး ကြတာပါ။

Fact: လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အရက်သောက်တဲ့သူတွေကမှာ ပိုတွေ့ရတာပါ။ အရက်သောက်တာအပြင် အဝလွန်တာ၊ အဆီအဆိမ့်နဲ့ အချိုတွေ စားတာ၊ သွေးတွင်း အဆီများတာ၊ ဆီးချိုရောဂါရှိတာတွေကလည်း အသည်းအဆီဖုံးစေနိုင်ပါတယ်။

Myth: အဝလွန်တဲ့သူတွေပဲ အသည်းအဆီဖုံး နိုင်ပါတယ်။

Fact: အဝလွန်တာက အသည်းအဆီဖုံးစေတဲ့ အကြောင်းအရာ တစ်ခုပါ။ ပိန်ပေမယ့် ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီများပြီး ဗိုက်ပူနေရင်လည်း အသည်းအဆီဖုံးနိုင်ပါတယ်။ ဒါကို ‘lean NASH’ လို့ ခေါ်ပါတယ်။

Myth: ဝိုင်တွေ၊ ဘီယာတွေက အရက်လောက် အသည်းကို မထိခိုက်စေပါဘူး။

Fact: သောက်တဲ့ အမျိုးအစားထက် သောက်တဲ့ ပမာဏက ပိုပြီး အရေးကြီးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရက်က အရက်ပဲမို့လို့ မြင်သာအောင် ပြောရရင် အဆိပ်ကို ရေနဲ့ ရောသောက်နေသလိုပါပဲ။ ဘယ်လိုပဲ သောက်သောက် အန္တရာယ်များပါတယ်။

တစ်ပတ်ကို ၁၄ယူနစ်ထက် သောက်မယ်။ စွဲသောက်မယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာ အရက်ကြောင့် အသည်းထိခိုက်လာပါလိမ့်မယ်။ အထူးသဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ကိုယ်လုံးသေးပြီး အရက်ကို ခြေနိုင်တဲ့ အင်ဇိုင်းလည်း နည်းပါတယ်။ ဒါကြောင့် သူတို့က ပိုလျှော့သောက်သင့်ပါတယ်။

အသည်းအဆီဖုံး တာနဲ့ ပတ်သက်ပြီး ဘာတွေ သိထားကြသလဲ

Myth: အသည်းအဆီဖုံးတာက အရေးမကြီးပါဘူး။

Fact: အသည်းအဆီဖုံးတာက လက္ခဏာမပြဘူးဆိုပေမယ့် ဘာမှမဖြစ်တာတော့ မဟုတ်ပါဘူး။ တချို့က ဝတာကိုး ဒီလောက်တော့ ရှိမှာပေါ့ဆိုပြီး ပြောတတ်ကြပါတယ်။ ဝနေရင် ဝိတ်ချပါ။ အသည်းအဆီဖုံးတာကို မွေးမြူမထားသင့်ပါဘူး။

အသည်းအဆီဖုံးရောဂါရှိသူရဲ့ ၃၀%က ဒီတိုင်းထားမယ်ဆိုရင် အသည်းရောင်တာ၊ အသည်းခြောက်တာ၊ အသည်းကင်ဆာအထိ ပြောင်းသွားတာကို တွေ့ရပါတယ်။ ဒါ့ပြင် အသည်းအဆီဖုံးတာက တခြားနာတာရှည်ရောဂါတွေ ဖြစ်တဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အိပ်ဟောက်ရှူရပ်ရောဂါ၊ ကင်ဆာ စတာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီရောဂါတွေအကုန်လုံးက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဖြစ်လာလို့ပဲ ဖြစ်ပါတယ်။

Myth: အသည်းအဆီဖုံးတာက ပြန်မကောင်းနိုင်ဘူး။

Fact: တစ်ခါ အသည်းအဆီဖုံးတာနဲ့ တစ်သက်လုံး ဒီတိုင်းပဲ ဖြစ်နေမှာ မဟုတ်ပါဘူး။ အသည်းပျက်စီးတဲ့အဆင့်တွေက အသည်းအဆီဖုံး> အသည်းရောင်> အသည်းခြောက်> အသည်းကင်ဆာဆိုပြီး ရှိပါတယ်။ အသည်းအဆီဖုံးတာနဲ့ အသည်းရောင်တဲ့အဆင့်လောက်ဆို ပြန်ပြီးကောင်းအောင် လုပ်လို့ရပါတယ်။ အသည်းခြောက်တယ်ဆိုတာကတော့ အသည်းဆဲလ်တွေ ပျက်စီးပြီး အရွတ်ဖြစ်သွားတဲ့အဆင့်မို့လို့ ပြန်ကောင်းဖို့ ခက်ပါတယ်။ အသည်းအစားထိုးမှပဲ ရနိုင်ပါတယ်။

Myth: အသည်းအဆီဖုံးတာကို ကုသလို့ မရဘူး။

Fact: အသည်းအဆီဖုံးတာကို ကုသဖို့ ဆေးရယ်လို့ တိတိကျကျ မရှိပါဘူး။ အသည်းအဆီဖုံးတာကို ကုသဖို့က ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံကို ပြောင်းမှပဲ ရမှာပါ။ ဒီလိုပြောင်းလဲလိုက်ရုံနဲ့တင်ကို အသည်းအဆီဖုံးတာက သက်သာသွားနိုင်ပါတယ်။

အသည်းအဆီဖုံးတာကို သက်သာစေဖို့ လိုက်နာရမှာတွေကတော့

-အရက်လျှော့သောက်ပါ။ အသည်းအဆီဖုံးနေတယ်ဆိုရင် ဖြတ်လိုက်တာက ပိုကောင်းပါတယ်။

-အချိုစားတာကို လျှော့ပါ။

-အဆီစားတာကို လျှော့ပြီး အသီးအရွက်များများစားပါ။

-လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

-ကိုယ်အလေးချိန်ထိန်းပါ။ ဝနေရင် ဝိတ်ချဖြစ်အောင် ချပါ။

-သွေးတွင်းသကြားဓာတ်ကို ထိန်းထားပါ။

Myth: အမျိုးသမီးတွေက အမျိုးသားတွေထက် အသည်းအဆီဖုံးတာပိုဖြစ်နိုင်တယ်။

Fact: အရင်ကတော့ ဒီလိုထင်ခဲ့မိပေမယ့် နောက်ပိုင်းလေ့လာချက်တွေအရတော့ နှစ်ယောက်လုံးမှာ အတူတူပဲ ဖြစ်နိုင်ပါတယ်။

အသည်းအဆီဖုံး တာနဲ့ ပတ်သက်ပြီး မှားသိထားကြတာတွေ ရှိရင် ခုကစပြီး ပြုပြင်ဖို့ တိုက်တွန်းလိုပါတယ်။

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 26/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။