brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

အသည်းဆိုတာဘယ်လိုအင်္ဂါမျိုးလဲ

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

အသည်းဟာ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း နံရိုးတွေရဲ့အောက်မှာ တည်ရှိပါတယ်။

အသည်းဟာ ခန္ဓာကိုယ်အတွက် အင်မတန်မှအရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးပါတယ်။ ဒါတွေကတော့

  • အရက်၊ ဆေးဝါးနဲ့ ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ပစ္စည်းတွေကို ချေဖျက်ပေးခြင်း
  • အဆီတွေကိုချေဖို့ရန်အတွက်သည်းခြေရည်ထုတ်လုပ်ပေးခြင်း
  • ဂလူးကို့စ်နဲ့အခြားလိုအပ်တဲ့ဗီတာမင်တွေကိုသိုလှောင်သိမ်းဆည်းပေးထားခြင်း
  • သွေးခဲဖို့ရန်လိုအပ်တဲ့ပရိုတိန်းများကိုပြုလုပ်ပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အသည်းကိုပျက်စီးစေနိုင်တဲ့အရာတွေကတော့အများကြီးပါပဲ။ အသည်းဆဲလ်ဟာ ပျက်စီးပြီးတဲ့နောက်မှာအသစ်ပြန်ဖြစ်ပါတယ်။ သို့သော်လည်းပျက်စီးခြင်းနဲ့အသစ်ပြန်လည် ဖြစ်ပေါ်ခြင်းတွေကြိမ်ဖန်များစွာဖြစ်လာရင်တော့အသည်းမှာအမာရွတ်တွေတင်ကျန်လာမှာပါ။ အမာရွတ်တွေနဲ့ ဆဲလ်တွေဟာ မူလဆဲလ်အကောင်းတွေလောက် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ မလုပ်နိုင်ပါဘူး။

အရက်သောက်ခြင်းကြောင့်အသည်းပျက်စီးရတယ်ဆိုတာသင်လည်းသိပြီးဖြစ်မှာပါ။ အရက်ဟာအသည်းပျက်စီးရတဲ့အဓိကအကြောင်းရင်းထဲကတစ်ခုပါ။ အသည်းဆဲလ်တွေ စတင်ပျက်စီးနေပြီဆိုတာ သိနိုင်မယ့်အချက်တွေကို ပြောပြပေးချင်ပါတယ်။ အရက်သောက်လိုက်တဲ့အခါ အရက်ကိုချေဖျက်ဖို့ရန် အသည်းကနေ အင်ဇိုင်းတွေ ထုတ်ပေးပါတယ်။

အဆိပ်တွေကိုချေဖျက်တဲ့ဖြစ်စဉ်ကထွက်လာတဲ့ဘေးထွက်ပစ္စည်းတွေ ကြိမ်ဖန် များစွာဖြစ်လာတဲ့အခါ အသည်းကိုစတင်ထိခိုက်လာပါတော့တယ်။ ဦးစွာပထမအနေနဲ့ အသည်းမှာ အဆီတွေ စုပုံလာမယ်။ ဒီနောက်မှာတော့ အသည်းဟာရောင်ရမ်းလာပြီး အမာရွတ်တွေ ဖြစ်လာ ပါတော့တယ်။ အသည်းစတင်ပျက်စီးနေချိန်မှာ လက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့်သင်ဟာမိမိကိုယ်မိမိ ကျန်းမာနေတယ်လို့ပဲ ထင်မိမှာပါ။

လက္ခဏာပြခဲ့ရင်တော့ အောက်ပါလက္ခဏာတွေခံစားရမှာပါ။

  • အသည်းရောင်ရမ်းခြင်းကြောင့် ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းမှာမအီမသာဖြစ်နေခြင်း
  • မောပန်းလွယ်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • အစားအသောက်ပျက်ခြင်း
  • ပျို့အန်ခြင်းတွေခံစားရတတ်ပါတယ်။

အရက်သောက်ခြင်းကြောင့်ဖြစ်နိုင်တဲ့ ရောဂါတွေကိုအသေးစိတ်ပြောပြချင်ပါတယ်။

(၁) အရက်ကြောင့်အသည်းအဆီဖုံးရောဂါ

အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် အသည်းဟာ ပုံမှန်လုပ်ငန်းဆောင်တာဖြစ်တဲ့ အဆီချေဖျက်ပေးခြင်းကို ကောင်းစွာမလုပ်နိုင်တော့ပါဘူး။ ဤနည်းအားဖြင့်အသည်းမှာ အဆီတွေ စုပုံလာပါတယ်။ အသည်းအဆီဖုံးခြင်းဟာအရက်အလွန်အကျွံသောက်သုံးသူတွေမှာအဖြစ်များပါတယ်။ ၉၉ ရာခိုင်နှုန်းသောအရက်အလွန်အကျွံသောက်သုံးသူတွေမှာ ဒီရောဂါရှိနေတတ်ပါတယ်။ လက္ခဏာတွေကတော့

  • ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းမှာမအီမသာဖြစ်နေခြင်း
  • မောပန်းလွယ်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း

ဘာလက္ခဏာမှမပြဘဲလည်းရှိနေနိုင်ပါတယ်။ အသည်းအဆီဖုံးခြင်းဟာ အရက်ဖြတ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပြန်ကောင်းနိုင်ပါတယ်။ ပြန်ကောင်းရန်ကြာချိန်ကတော့တစ်ဦးနဲ့ တစ်ဦးကွဲပြားနိုင်ပါတယ်။ အရက်ဖြတ်တယ်လို့ဆိုရာမှာ အပြီးဖြတ်နိုင်ရင်တော့အကောင်းဆုံးဖြစ်မှာပါ။

(၂) အသည်းရောင်ရောဂါ

အရက်ကိုမဖြတ်ဘဲအလွန်အကျွံဆက်လက်သောက်သုံးမယ်ဆိုရင်တော့ အသည်းရဲ့ ဧရိယာတွေဟာ ရောင်ရမ်းလာပြီး အသည်းရောင်ရောဂါစဖြစ်ပွားပါပြီ။

အောက်ပါလက္ခဏာတွေရှိနိုင်ပါတယ်။

  • အသည်းနေရာကနာလာခြင်း
  • မောပန်းလွယ်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ဖျားခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • အသားဝါခြင်း (အရေပြား၊ မျက်လုံးဝါခြင်း)

အသည်းရောင်ရောဂါဟာ သာမန်အဆင့်ကနေ ပြင်းထန်တဲ့အထိ ဖြစ်နိုင်ပါတယ်။ သာမန်အပျော့စားဆိုရင်တော့ နှစ်ပေါင်းများစွာ အရက်ကိုမဖြတ်ဘဲ ဆက်သောက်ပါမှ အသည်းဟာ ပျက်စီးမှာပါ။ ပြင်းထန်အသည်းရောင်ရောဂါကတော့ အရက်ကိုပမာဏများစွာ ဆက်တိုက် သောက်ရာမှ ဖြစ်ပွားရပြီး အသက်ဆုံးရှုံးရသည်အထိ ပြင်းထန်ပါတယ်။ ရောဂါသက်သာဖို့ဆိုရင်တော့ အရက်ကိုအပြီးတိုင် ဖြတ်လိုက်မှရမှာပါ။ အလွန်ဆိုးရွားတဲ့ အသည်းရောင်ရောဂါ ပျောက်ကင်းဖို့ဆိုရင်တော့ အသည်းအစားထိုးကုသမှပဲ ရမှာပါ။

(၃) အသည်းခြောက်ရောဂါ

အရက်ကိုအဆက်မပြတ်သောက်သုံးရာကတစ်ဆင့် ကျန်းမာတဲ့ အသည်းဆဲလ်တွေနေရာမှာ အမာရွတ်တွေနဲ့အစားထိုးခံရပြီး အသည်းတစ်ခုလုံးထူထဲလာရာကနေ နောက်ဆုံးမှာတော့ အသည်းခြောက်လာမှာပါ။အသည်းခြောက်ရောဂါရဲ့လက္ခဏာတွေကတော့ အပေါ်မှာ ပြောခဲ့ပြီးသားဖြစ်တဲ့ အသည်းရောင်လက္ခဏာတွေအပြင်

  • အသည်းဆိုင်ရာ သွေးလည်ပတ်မှုစနစ်မှာ သွေးဖိအားတက်ခြင်း
  • ရေဖျဉ်းစွဲခြင်း
  • သွေးတွင်းအဆိပ်ဓာတ်မြင့်တက်ခြင်းကြောင့် ဦးနှောက်ဆဲလ်ပျက်စီးခြင်း (အမူအရာများပြောင်းလဲလာခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း)
  • ရောဂါပိုးဝင်လွယ်ခြင်း
  • အစာအိမ်သွေးကြောပေါက်ခြင်း
  • ကျောက်ကပ်ပျက်စီးခြင်း
  • အသည်းကင်ဆာတို့ဖြစ်ပွားနိုင်ပါတယ်။

အသည်းခြောက်ခြင်းကိုကုသဖို့ဆိုရင် တစ်နည်းပဲရှိပါတယ်။ အသည်းအစားထိုးမှ ရမှာပါ။ ထပ်ဖြစ်လာမယ့် ဆိုးကျိုးတွေကို တတ်နိုင်သလောက် ကုသရင်းပဲနေရမှာပါ။

အချုပ်ပြောရရင် အရက်ဟာ သင့်ခန္ဓာကိုယ်အတွက် အဆိပ်ပါ။ အရက်ကြောင့် အသည်းပျက်စီးခြင်းရောဂါတွေမှာ အစပိုင်းဘာလက္ခဏာမှမပြဘဲ ဖြစ်နိုင်သလို ဖော်ပြပါ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ ဒီလက္ခဏာတွေအကြောင်း သိထားရင်း အရက်ကိုချင့်ချိန်သောက်သင့်ကြောင်း တိုက်တွန်းလိုက်ပါရစေ။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။