brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသည်းရောဂါ အကြောင်း အခြေခံ

သင် (သို့) သင့်အသိမိတ်ဆွေ (သို့) သင့်မိသားစုဝင်တစ်ယောက်ယောက်က အသည်းရောဂါနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုခုကြုံဖူးတယ်ဆိုရင် ဒီသတင်းအချက်အလက်တွေဟာ အသုံးဝင်ပါလိမ့်မယ်။ တကယ်လို့ အဲလိုပြဿနာတွေ မကြုံဖူးဘူးဆိုရင်တောင် သင့်အနေနဲ့ ဘယ်လိုအသည်းရောဂါတွေရှိလဲ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အခြေခံအချက်တွေကို သိထားတာ အကျိုးရှိပါတယ်။

အသည်းရောဂါ အကြောင်း အခြေခံ

အသည်းရောဂါဆိုတာ

အသည်းက သင့်ရဲ့ခန္ဓါကိုယ်ထဲမှာ စပျစ်သီးအခိုင်ကြီးနဲ့တူပါတယ်။ သင့်ရဲ့ ညာဘက်ဝမ်းဗိုက် နံရံရိုးအိမ်ရဲ့အောက်မှာတည်ရှိတဲ့ ဘောလုံးတစ်လုံးနဲ့တူပါတယ်။ အသည်းက သင့်အစာခြေဖျက်မှုနဲ့ သင့်ရဲ့ခန္ဓါကိုယ်ထဲက အဆိပ်အတောက်ကိုဖယ်ရှားပေးဖို့အတွက် အရေးပါပါတယ်။ အသည်းရောဂါဟာ မျိုးရိုးလိုက်တာ (သို့) virus ပိုး (သို့) အရက်သောက်တာတွေနဲ ပက်သက်နေပါတယ်။ ဝခြင်းကလည်း ပက်သက်တယ်လို့ဆိုပါတယ်။ အသည်းရောဂါဟာ အချိန်ကြာလာရင် နောက်ဆက်တွဲအနေနဲ့ အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်းတို့ကနေ သေသိအထိဖြစ်နိုင်ပါတယ်။

အသည်းရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

အောက်ပါအချက်တွေက အသည်းရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

ရောဂါပိုးဝင်ခြင်း

ကပ်ပါးပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေဟာ အသည်းကို ရောဂါပိုးဝင်စေပြီး အသည်းရောင်ခြင်းနဲ့ အသည်းလုပ်ငန်းဆောင်တာ ကျဆင်းခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အသည်းပျက်စီးခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ သွေး၊ သုက်ပိုး၊ ညစ်ညမ်းတဲ့ ရေ၊ အစားအစာတွေမှတစ်ဆင့် (သို့) ရောဂါပိုးရှိသူမှ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ အဖြစ်များတဲ့ အသည်းရောင်ပိုးအမျိုးအစားတွေကတော့

• အသည်းရောင်ပိုး အေ

• အသည်းရောင်ပိုး ဘီ

• အသည်းရောင်ပိုး စီ တို့ပဲ ဖြစ်ပါတယ်။

ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်ခြင်း

ကိုယ်ခံအားစနစ် ရောဂါဖြစ်ခြင်းဟာ သင့်ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို တိုက်ခိုက်ပြီး အသည်းကို ပျက်စီးစေနိုင်ပါတယ်။ ကိုယ်ခံအားကြောင့် အသည်းပျက်စီးတဲ့ ေရာဂါတွေကတော့

• Autoimmune hepatitis

• Primary biliary cirrhosis

• Primary sclerosing cholangitis တို့ပဲ ဖြစ်ပါတယ်။

မျိုးရိုးဗီဇ

သင့်မိဘ တစ်ယောက် (သို့) နှစ်ယောက်လုံး ထံမှ ဆင်းသက်လာတဲ့ ပုံမှန်မဟုတ်တဲ့ genes တွေဟာ သင့်အသည်းအတွင်းမှာ အရာဝတ္ထု အမျိုးမျိုးကို စုပြုံစေပြီး အသည်းကို ပျက်စီးစေနိုင်ပါတယ်။ မျိုးရိုးလိုက်တဲ့ အသည်းရောဂါတွေကတော့

• Hemochromatosis

• Hyperoxaluria and oxalosis

• Wilson’s disease တွေပဲ ဖြစ်ပါတယ်။

အခြားအကြောင်းရင်းများ

အသည်းရောဂါဖြစ်ပွားစေတဲ့ အခြားအကြောင်းရင်းတွေကတော့

• ရေရှည် အရက်သောက်ခြင်း

• အသည်းအဆီဖုံးခြင်း (အရက်မသောက်ပဲ) တို့ ဖြစ်ပါတယ်။

ဘယ်သူတွေမှာ အသည်းရောဂါ ပိုဖြစ်နိုင်သလဲ။

အချို့အချက်တွေ ရှိသူတွေဟာ အသည်းရောဂါ ပိုဖြစ်နိုင်ပါတယ်။

• အရက်အလွန်အကျွံသောက်ခြင်း

• ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း

• ဆေးမင်ကြောင် ထိုးခြင်း၊ ကိုယ်ခန္ဓါ ဖေါက်ခြင်း

• ၁၉၉၂ မတိုင်မီ သွေးသွင်းခြင်း

• အခြားသူတွေရဲ့ သွေးတွေ၊ ကိုယ်ခန္ဓါ အရည်တွေနဲ့ ထိတွေ့မိခြင်း

• အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း

• ဓါတုပစ္စည်းတွေ၊ အဆိပ်အတောက်တွေနဲ့ ထိမိခြင်း

• ဆီးချို

• အဝလွန်ခြင်း

• သွေးအတွင်း Triglycerides များခြင်း

အသည်းရောဂါလက္ခဏာတွေက ဘာတွေလဲ။

အသည်းရောဂါလက္ခဏာတွေကတော့

• အသားဝါခြင်း၊ မျက်လုံးဝါခြင်း

• ဗိုက်နာခြင်း၊ ရောင်ခြင်း

• ခြေချင်းဝတ်၊ ခြေထောက် ရောင်ခြင်း

• အသားယားခြင်း

• ဆီးအရောင်ရင့်ခြင်း

• ဝမ်း အရောင် ဖျော့သွားခြင်း၊ သွေး (သို့) ကတ္တရာစီးပါသော ဆီးသွားခြင်း

• နာတာရှည် ပင်ပန်းခြင်း

• ပျို့အန်ခြင်း

• အစားအသောက်ပျက်ခြင်း

• အညိုအမဲ စွဲလွယ်ခြင်း တွေပဲ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန် ပြသင့်သလဲ။

သင်စိတ်ပူတဲ့ ရောဂါလက္ခဏာတွေဟာ ပျောက်မသွားပဲ ရေရှည် ကြာမြင့်နေမယ်ဆိုရင် သင့်ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။ သင်ဟာ ဗိုက်အလွန်အောင့်ပြီး လဲလျောင်းမနေနိုင်ဘူးဆိုရင်လည်း ဆရာဝန်ကိုပြသင့်ပါတယ်။

အသည်းရောဂါရှိကြောင်း ဘယ်လိုသိရှိမလဲ။

အသည်းရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းတွေနဲ့ အသည်းရောဂါပျက်စီးမှု ပမာဏဟာ ကုသမှုအတွက် အရေးကြီးပါတယ်။

သင့်ဆရာဝန်က သင့်ရဲ့ ကျန်းမာရေး ရာဇဝင်နဲ့ ကိုယ်ခန္ဓါ စစ်ဆေးမှုကို ပြုလုပ်နိုင်ပါတယ်။

ရောဂါသိရှိဖို့ အခြား ဘယ်လိုစစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါသလဲ။

သင့်ဆရာဝန်က အောက်ပါအချက်တွေကို အကြံပြုနိုင်ပါတယ်။

• သွေးစစ်ဆေးမှု – liver function tests လို့ ခေါ်တဲ့ သွေးစစ်ဆေးမှုတွေကို အသည်းရောဂါကို သိရှိဖို့အတွက် အသုံးပြုနိုင်ပါတယ်။ အခြားသွေးစစ်ဆေးမှုတွေကိုလည်း အသည်းရောဂါ ပြဿနာ နဲ့ မွေးရာပါ အသည်းရောဂါတွေကို သိရှိဖို့ စစ်ဆေးနိုင်ပါတယ်။

• Imaging tests တွေကို ပြုလုပ်သင့်ပါတယ်။ ဒီစစ်ဆေးမှုမှာတော့ CT scan, MRI, Ultrasound တွေဟာ အသည်းပျက်စီးမှုကိုပြသနိုင်ပါတယ်။

• အသည်းအသားစ ယူပြီးလည်း စစ်ဆေးနိုင်ပါတယ်။

အသည်းရောဂါကုသမှုတွေက ဘာတွေလဲ။

အသည်းရောဂါကုသမှုတွေဟာ အသည်းပျက်စီးမှု ပမာဏပေါ် မူတည်ပါတယ်။ အချို့ အသည်းရောဂါတွေဟာ လူမှုဘဝနေထိုင်ပုံ ပြောင်းလဲခြင်း ဥပမာ အရက်ဖြတ်ခြင်း၊ ဝိတ်ချခြင်း အစရှိသည်တို့ကို ကုသမှုရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် အခြားအသည်းရောဂါတွေကိုတော့ ဆေးတွေ (သို့) ခွဲစိတ်ကုသမှုနဲ့ ကုသရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် အသည်းပျက်စီးမှုကို ဖြစ်စေတဲ့ အသည်းရောဂါကုသမှုဟာ အသည်းအစားထိုးခြင်းကို လိုအပ်နိုင်ပါတယ်။

ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်သလဲ။

သင့်ဘဝကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေတွေထဲမှာ portal hypertension ဟာ တစ်ခု ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အစာခြေ စနစ်အတွင်းမှာ ရှိတဲ့ သွေးကြောတွေဟာ ပျက်စီးနေပြီး အားနည်းကာ နောက်ပြန်သွားခြင်း၊ စိမ့်ထွက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ Portal Hypertension ဟာ ဝမ်းဗိုက်မှာ နာကျင်တဲ့ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒီ ရောင်ရမ်းခြင်းဟာ အသက်ရှူခြင်းကို အဟန့်အတား ဖြစ်စေပြီး ဝမ်းဗိုက်ကို ရောဂါပိုး ဝင်စေပါတယ်။

အသည်းရောဂါဟာ အသည်းကင်ဆာ ဖြစ်ပွားမှုကို မြင့်တက်စေပြီး lymph nodes တွေရဲ့ ကင်ဆာ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။

အသည်းရောဂါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။

သင့်မှာ အသည်းရောဂါ ရှိတယ်ဆိုရင် ကျန်းမာစွာ စားသောက်ခြင်းဖြင့် အသည်းဟာ သူ့လုပ်ငန်းဆောင်တာတွေကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီး ပျက်စီးမှုကို ပြန်ကောင်းစေပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ပုံဟာ သင့်အသည်းကို အလုပ်အရမ်းလုပ်ရစေပြီး ပိုမို ပျက်စီးစေပါတယ်။

သင့်အတွက် သင့်လျော်တဲ့ စားသောက်ပုံကို သိရှိဖို ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

ယေဘုယျအားဖြင့် အသည်းရောဂါ ရှိသူတွေဟာ အောက်ပါ အရာတွေကို စားသုံးသင့်ပါတယ်။

• ကာဗိုဟိုက်ဒရိတ် များများစားပါ။ ကာဗိုဟိုက်ဒရိတ်တွေဟာ အစားအသောက်ထဲမှာ ကယ်လိုရီ အဓိက ပါဝင်တဲ့ အရာ ဖြစ်ပါတယ်။

• အဆီ ပုံမှန်ပမာဏကို သင့်ကျန်းမာရေးစောင့်ရှောက်သူ ညွှန်ကြားချက်အတိုင်း စားသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီဓါတ်ဟာ အသည်းက ပရိုတင်း ဖြိုဖျက်နှုန်းကို ကျဆင်းစေပါတယ်။

• ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၁ ဂရမ် ပရိုတင်းကို စားသင့်ပါတယ်။ ၇၀ ကီလိုဂရမ်ရှိတဲ့ အမျိုးသားတစ်ယောက်ဟာ တစ်နေ့ကို ပရိုတင်း ၇၀ ဂရမ်စားသင့်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါဟာ ကစီဓါတ်ပါတဲ့ အစားအသောက်တွေ၊ အရွက်တွေက ပရိုတင်းတွေ မပါဝင်ပါဘူး။ အသည်းပျက်စီးမှု များသူတွေကတော့ ပရိုတင်းကို ရှောင်ကျဉ်ဖို့ လိုအပ်နိုင်ပါတယ်။ သင်လိုအပ်တဲ့ ပရိုတင်းပမာဏကို သိရှိဖို့ ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

• ဗီတာမင် ဖြည့်စွက်စာ အထူးသဖြင့် ဗီတာမင် ဘီတွေ ပါဝင်တဲ့ ဖြည့်စွက်စာတွေကို စားပါ။

• တကယ်လို့ ကိုယ်ခန္ဓါအတွင်း အရည်စုပြုံနေတယ်ဆိုရင် သင်စားသောက်တဲ့ ဆားပမာဏကို လျှော့ချပါ (တစ်နေ့ကို ၁၅၀၀ မီလီဂရမ် ထက်လျှော့ပြီး စားသင့်ပါတယ်။)

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။