
လူတွေများ သူတို့စားချင်ပြီဆို အစာလည်းဆေး၊ ဆေးလည်းအစာလို့ပြောကြတယ်။ ဒါကတည့်တယ် စားလို့ရတယ်၊ အသည်းအတွက်ကောင်းတယ်၊ အဆုတ်အတွက်ကောင်းတယ်နဲ့။ ကိုယ်ကြိုက်တဲ့အစားအစာတွေကို ဒီလိုပဲစိတ်ဖြေ၊ နာမည်ကောက်တပ်ပြီး စားပစ်လိုက်တာပဲ။ ကိုယ်သည်သာ ကိုယ့်ဆရာဝန်ပဲ။ ဟုတ်တယ်မလား တော်တော်များများ။
ဘယ်အစားအစာက ဘယ်အတွက် ကောင်းကျိုးပြုတာလဲ၊ ဆိုးကျိုးပြုတာလဲ တကယ်ရော သိပြီလား။ အချိန်ယူပြီး သုတေသနပြု၊ လေ့လာထားကြတဲ့ အထောက်အထားတွေကို အခြေခံတဲ့ ကျန်းမာရေးအကြံပြုချက်တွေကို ရှာဖတ်ပါလေ။ ယုံကြည်စိတ်ချရတဲ့အရင်းအမြစ်တွေဆီကပေါ့။ အွန်လိုင်းမှာရေးသမျှ ဆေးမြီးတိုတွေကို မဆိုလိုပါဘူးနော်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးအတွက် အစားအသောက်တွေ ရှာဖွေခွဲခြမ်းပြရရင် ဆုံးမှာကိုမဟုတ်လို့ ဒီတစ်ခါတော့ အသည်းအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံးအစားအစာတွေ ပြောပြပေးပါမယ်။ တစ်ခုချင်းစီမှာပဲ ရှင်းပြထားမှာမို့လို့ ဘယ်ဟာက ဘာဖြစ်မလဲ ဝင်ဖတ်ကြည့်လိုက်ဦးနော်။
အမျှင်ဓာတ်များတဲ့အစားအစာတွေက အသည်းရဲ့လုပ်ဆောင်ချက်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ မနက်စာတည်းက အုတ်ဂျုံနဲ့တစ်နေ့တာကို အစပြုရတာ ကောင်းပါတယ်။ သုတေသနတွေအရ အုတ်ဂျုံဟာ ခန္ဓာကိုယ်အဆီ၊ ဗိုက်အဆီကိုကျစေနိုင်တယ်ဆိုတော့ အသည်းအဆီဖုံးရောဂါကိုလည်း ကာကွယ်နိုင်တဲ့ အစားအစာဖြစ်ပါတယ်။
အသည်းကျန်းမာချင်တယ်ဆိုရင် ဟင်းသီးဟင်းရွက်တွေများများစားပါ။ အဲဒီထဲကမှ ပန်းဂေါ်ဖီစိမ်းက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနတွေက ပြောထားပါတယ်။
ဘလူးဘယ်ရီမှာပါတဲ့ polyphenols က အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကို ကာကွယ်နိုင်ပါတယ်။ အဲဒီကတဆင့် အဝလွန်ခြင်းနဲ့ ကိုလက်စထရောများခြင်းတွေကိုပါ ကာကွယ်နိုင်တာဖြစ်ပါတယ်။ အနက်ရောင်ချောကလက်၊ သံလွင်သီးနဲ့ ဆီးသီးတို့မှာလည်းpolyphenols ကြွယ်ဝပါတယ်။