အိပ်တုန်းကတော့ အကောင်းပဲ။ အိပ်လို့ကောင်းပြီဆို ရင်တွေပူလို့၊ ရင်ခေါင်းအောင့်ပြီး ဆာလောင်လို့ တရေးနိုးလာရတာ သိပ်ကို စိတ်ညစ်ဖို့ ကောင်းပါတယ်။ အရမ်းအိပ်ချင်တော့ ထလည်းမစားချင်၊ ထစားပြန်လည်း ဗိုက်ပြည့်တာနဲ့ မျက်စိကြောင်တော့မယ်၊ မစားပြန်လည်း ဗိုက်အောင့်ပြီး ဆက်အိပ်မရတော့ဘူး။ ဒီတော့ ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ
အစာအိမ်ထဲက အက်ဆစ်တွေ ဆန်တက်တာကြောင့် ညဘက် ရင်ပူ တဲ့ဝေဒနာကို ခံစားရတဲ့အခါ အိပ်ရေးပျက်စေပြီး ကြာလာတဲ့အခါ အိပ်မပျော်တဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်ရစေပါတယ်။ ညကြီးသန်းခေါင်မှာ ရင်ပူပြီး နိုးလာမယ်။ သက်သာအောင် ဆေးသောက်ပြီးတဲ့နောက်မှာ ပြန်အိပ်မပျော်တော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။
ဒီလိုဖြစ်ရတာ အစာအိမ်အက်စစ်တွေ ပြန်ဆန်တက်လို့ ဖြစ်ရတာပါ။ ရင်ပူပြီး ဆာလောင်နေတဲ့အခါ လုပ်လို့ရတာက အစာတစ်ခုခု ထစားတာရယ်၊ ရေသောက်တာရယ်၊ အစာအိမ်အချဉ်ဓာတ်ကို ထိန်းပေးနိုင်တဲ့ဆေးတွေ (Antacid ဆေးတွေ) သောက်တာရယ်ပဲ ရှိပါတယ်။
သူ့အတွက် ရေရှည်မှာ အကောင်းဆုံးကတော့ ဆင်ခြင်နေထိုင်သင့်တဲ့ အချက်လေးတွေနဲ့ ကာကွယ်ကုသတာပါပဲ။
- သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။
- အစာစားပြီးပြီးချင်း လှဲအိပ်တာကို ရှောင်ပါ။
- ခေါင်းအုံးမြင့်မြင့်နဲ့အိပ်ပါ။
- ကြပ်လွန်းတဲ့ အဝတ်အစားတွေကို ဝတ်မအိပ်ပါနဲ့။
- အစားဆင်ခြင်ပါ။
(အရက်၊ကဖင်းပါတဲ့ အစားအစာတွေ၊ အပူအစပ်တွေ၊ ကြက်သွန်ဖြူ၊ နီ၊ နို့၊အဆီအဆိမ့်နဲ့ ဆီကြော်တွေ၊ အချဉ်ဓာတ်များတဲ့ အစားအစာတွေ နဲ့ ခရမ်းချဉ်သီး စတာတွေကို ရှောင်ရှားရပါမယ်။)
- ညအိပ်ရာဝင်ခါနီး အစားများများမစားပါနဲ့။
- အစာကိုကြေညက်အောင် ဖြည်းဖြည်းဝါးစားပါ။
- စိတ်ဖိစီးမှုကို လျှော့ချပါ။ (စိတ်ဖိစီးမှုကြောင့် အစာအိမ်အက်စစ်ပိုထွက်စေနိုင်ပါတယ်။)
- ထမင်းအများကြီး မစားပါနဲ့။ မြန်မြန် မစားပါနဲ့။ တစ်ခါစားရင် နည်းနည်းချင်းစီပဲ စားပါ။
- နေ့စဉ်ဘဝမှာ ကိုယ်လက်လှုပ်ရှားမှုရှိဖို့ ဂရုစိုက်ပါ။
- အချိုနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အရည်တွေကို အများကြီးမသောက်ပါနဲ့။
- အမျှင်ဓာတ်၊ အကျိုးပြုအဆီဓာတ်နဲ့ ပရိုတင်းဓာတ်များတာတွေ ပိုစားပေးပါ။
(အသီးအရွက်၊ အသား၊ ငါးတွေ။ မွေးမြူရေးကြက်ဥတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ အပါအဝင်)
ဒါပေမယ့် ရင်ပူ တာက မကြာခဏဖြစ်နေမယ်၊ ညဘက်ဒီလိုနိုးလာရတာ များလာမယ်၊ ခံစားရတာကြာလာပြီဆိုရင်ဆရာဝန်ပြကိုပြသင့်ပါတယ်။ လိုအပ်တဲ့ဆေးဝါးညွှန်ကြားမှုနဲ့ အကြံပြုလမ်းညွှန်ချက်တွေကို လိုက်နာပေးပါ။
[embed-health-tool-bmr]

















